Thursday, February 12, 2009

တောင်ပေါ်နှင့် နယ်စပ်ဒေသ ပြင်းထန်သည့် အအေးဒဏ် ခံရ






မြန်မာနိုင်ငံ အရှေ့ခြမ်း၊ အနောက်ခြမ်းရှိ တောင်ပေါ် တိုင်းရင်းသား ဒေသများနှင့်နယ်စပ်ဒေသ များမှ ဒေသခံများ အပါအ၀င် နယ်စွန် နယ်ဖျား ထောင်များရှိ နိုင်ငံရေး အကျဉ်းသားများသည် ရာသီဥတုအအေးဒဏ်ကို ဆိုးဝါးစွာ ခံနေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်အတွင်း အစာရေစာငတ်မွတ်သည့် ဘေးကြုံတွေ့ခဲ့ရသောချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ သည် အအေးဆုံးဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာကလည်း ဖော်ပြခဲ့သည်။

[ပြင်းထန်သော အအေးဒဏ်ကို မီးဖို၍ အံတု နေရသည့် ကျေးလက် မိသားစု တစု (ဓာတ်ပုံ - www.nairobroo.com)]

ပြင်းထန်သော အအေးဒဏ်ကို မီးဖို၍ အံတု နေရသည့် ကျေးလက် မိသားစု တစု (ဓာတ်ပုံ - www.nairobroo.com)
ယင်းသို့ရာသီဥတု ဆိုးဝါးစွာအအေးပိုလာခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က မြန်မာနိုင်ငံ၏ တချို့နေရာများတွင် ပုံမှန်ရှိနေပြီး တချို့နေရာများတွင် ပျမ်းမျှ အပူချိန်အောက် ဖြစ်နေသည်ဟု ဧရာဝတီသို့ ပြောပြသည်။

“အထူးသဖြင့် ဟားခါးမှာတော့ ပျမ်းမျှအပူချိန်အောက် ၄ ဒီဂရီစင်တီဂရိတ် (- 4) လောက်တော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

တနိုင်ငံလုံးအတိုင်းအတာအရ ဆိုပါလျှင် ညအချိန်များတွင် ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်မှ ၅ ဒီဂရီ စင်တီဂရိတ် အောက်ရှိကြောင်း၊ အထူးသဖြင့် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် နယ်စပ်ဒေသများတွင် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။

ဦးထွန်းလွင်က ဆက်လက်ပြီး ယခုရာသီဥတုအအေးပိုလာခြင်းမှာ တချို့ပြောနေသည့် အအေးလှိုင်းဟု မသတ်မှတ်နိုင်ကြောင်း ပြောဆိုသည်။

“ဒီအတိုင်းအတာနဲ့ အအေးလှိုင်းတို့ဘာတို့ ပြောလို့ မရပါဘူး၊ ကျနော်တို့ မိုးလေ၀သ ရဲ့သတ်မှတ်ချက်အရတော့ အအေးလှိုင်းလို့ပြောလို့ မရပါဘူး”ဟု ဦးထွန်းလွင်က ပြောသည်။

အအေးဒဏ် ပြင်းထန်စွာခံရသောနေရာများမှ ဒေသခံများကမူ မီးဖိုများပင် ဖို၍ နေကြရသည်ဟု ပြောပြသည်။

“သူတို့တွေမှာ အနွေးထည်တို့ ခြုံစောင်တို့မရှိတဲ့သူတွေတောင် ရှိတယ်၊ ၀ယ်စရာ ပိုက်ဆံမရှိကြလို့”ဟု ဟားခါး မှ ချင်းအမျိုးသား တဦးက ပြောသည်။

ယခုကဲ့သို့ ကြမ်းတမ်းသည့် ရာသီဥတုဒဏ်ခံနေကြရသော်လည်း လူအသေအပျောက် ရှိသည်ဟု မကြားသိရ ကြောင်းလည်း ၎င်းက ပြောဆိုသည်။

တချို့သော နေရာဒေသများတွင် မြူများ ထူထပ်စွာ ကျဆင်းနေသောကြောင့် တောင်ပေါ်လမ်းများပေါ် သွားလာ သူများအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟုလည်း အဆိုပါ ချင်းအမျိုးသား က ပြောသည်။

တောင်ပေါ် ဒေသရှိ ကျောင်းတက်နေသော ကလေးများမှာလည်း အနွေးထည်များလုံလောက်စွာ မရှိသော ကြောင့် ရာသီဥတု ကြည်လင်သည့်အချိန်တွင်မှ ပြင်ပသို့ ထွက်၍သွားလာနိုင်ကြကြောင်း၊ မြူများ ကျရောက်ချိန် တွင် ကျောင်းခန်းအတွင်း အနွေးဓာတ်ရရန် မီးဖိုဖြင့်နေကြရကြောင်းလည်း သိရသည်။

တချိန်တည်းတွင်ပင် မြန်မာနိုင်ငံ ကရင်ပြည်နယ် နယ်စပ်နှင့် ထိစပ်နေသော အိမ်နီးချင်းထိုင်းနိုင်ငံရှိ မြို့နယ် ၉ ခုကို ရာသီဥတု ဆိုးဝါးနေသော သဘာဝဘေးဒဏ်ခံဒေသများအဖြစ် တာ့ခ် ခရိုင် အာဏာပိုင်များက ကြေညာ ထားသည်။

ယင်းကြေညာချက် ထုတ်ပြန်ထားသည့်ဒေသများတွင် မြန်မာစစ်အစိုးရ စစ်တပ်များနှင့် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ထွက်ပြေးရောက်ရှိလာသော ရွှေ့ပြောင်း ကရင် တိုင်းရင်းသားများစွာနေထိုင်လျက်ရှိပြီး ၎င်းတို့တွင် ခြုံစောင်များ၊ အနွေးထည်များ လိုအပ်နေကြကြောင်း ပြည်တွင်းရွှေ့ပြောင်း ကရင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီ(CIDKP)ကလည်း ပြောဆိုသည်။

ထိုသို့ ရုတ်တရက် ရာသီဥတု ဆိုးဝါးစွာ အေးသည့်ဒဏ်ကို မကြာသေးသောလများအတွင်း နယ်ထောင်များသို့ ပြောင်းရွှေ့ခံရသည့် နိုင်ငံရေးအကျဉ်းသား တချို့သည်လည်း ခံကြရသည်။

ထိုင်းနိုင်ငံ အခြေအစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ အဆိုအရ ပဲခူးတိုင်း တောင်ငူမြို့အနီးရှိ လေးမိုင် ရဲဘက်စခန်းတွင်ရောက်ရှိနေသော နိုင်ငံရေးအကျဉ်း သား ကိုဇော်နိုင်ထွေး သည် ထောင်အာဏာပိုင်များ၏ အသက်အန္တရာယ် ဖြစ်နိုင်သည့် ကြမ်းတမ်းစွာ ဆက်ဆံမှု ကို ခံနေရကြောင်း သိရသည်။

ကိုဇော်နိုင်ထွေးကို လတ်တလောတွင် အကျဉ်းထောင်အာဏာပိုင်များက သံခြေချင်းခတ်၍ အလုပ်ကြမ်းများ ခိုင်းစေနေကြောင်း၊ အစာရေစာ လုံလောက်စွာ မကျွေးမွေးကြောင်းလည်း AAPP က ပြောပြသည်။

“အထူးသဖြင့် ရဲဘက်စခန်းတွေမှာ အခြေအနေပို ဆိုးနိုင်ပါတယ်၊ အိပ်စရာ နေရာထိုင်ခင်း၊ ခြုံစောင်တွေ မလုံလောက်ဘူး၊ မိသားစုတွေက မထောက်ပံ့နိုင်ရင် ပိုဆိုးနိုင်ပါတယ်”ဟု AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုလည်း စစ်အာဏာပိုင်များကပြောင်းရွှေ့ထားသော ကြောင့် လက်ရှိ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ ထောင်တွင် ရှိနေကြောင်း သိရသည်။

“ကိုမင်းကိုနိုင်က ပြောတယ်၊ သူရောက်နေတဲ့ နေရာမှာ အေးတာက ရေခဲသေတ္တာထဲမှာ နေရသလိုပဲတဲ့” ဟု လည်း ဦးဘိုကြည်က ပြောပြသည်။

No comments:

Post a Comment