Tuesday, July 28, 2009

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတချို့ အင်းစိန်ထောင်အနီးတွင် အင်အားပြ



အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထောင်ရှေ့တွင် သွားရောက် စုဝေးကြသူများ။
လုံထိန်း၊ ရဲ၊ စွမ်းအားရှင် စသည့် တပ်ဖွဲ့ဝင်များကလည်း ၎င်းတို့ကို စောင့်ကြည့် ဟန့်တားလျက်ရှိသည်။
(ဓာတ်ပုံများ - AP)


Monday, July 27, 2009

ပိတောက်တွေဖွင့်မယ့် သော့



သစ်ကောင်းအိမ်

ဇူလိုင် ၂၇၊ ၂၀၀၉

­­­­­­မုဆိုးမကြီး

ခါးဝတ်ထမိန် မြဲမြံတုံး…

ယောင်ထုံးကိုယ်စီနဲ့

၂၀၁၀ လင်မျှော်ကုန်းမှာ

ယောင်္ကျားရင့်မကြီးတွေ

စုရုံး နေတယ်။ ။

Saturday, July 25, 2009

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း ဇူလိုင် ၂၇ သို့ ဆက်

ယနေ့ အင်းစိန်ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်မိတ်ဆွေများကို တရားရုံးထုတ်ခဲ့ရာ ဒေါ်စု၏ ရှေ့နေများက လျောက်လဲခဲ့ကြသည်။ ထိုနောက့် လာမည် တနလာင်္နေ့သို့ တရားရုံးက ထပ်မံချိန်းဆိုလိုက်သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ အချိန်ဆွဲပြီး တရားစစ်ဆေးနေခြင်းကို သဘောမကျကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပစ်ပယ်ပြီး ကျင်းပခြင်းဖြစ်သဖြင့် ကုလသမဂ္ဂက ဝေဖန်ထောက်ပြသင့်သည်ဟု ပြောကြားကြောင်း အင်န်အယ်ဒီသတင်းစာရှင်းလင်းပွဲက လာသောသတင်းများအရ သိရသည်။


ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ အင်အား ၁၀၀ ကျော်ခန့်က အင်းစိန်ထောင်ရှေ့တွင် စုဝေးခဲ့ကြသည်။ ၎င်းတို့နှင့်အတူ စစ်အုပ်စု၏ အရပ်ဝတ်အကြမ်းဖက်သမား ၁၀၀ ကျော်ကလည်း ၀န်းရံ၍ အင်အားပြနေကြကြောင်း မျက်မြင်တဦးက ပြောသည်။ ဆရာဦးဝင်းတင်မှာ ကျန်းမာရေး အနည်းငယ် ချို့ယွင်းနေသည့်ကြားက ၀တ္တရားတခုအဖြစ် အင်းစိန်ထောင်ရှေ့သို့ ဒေါ်စုရုံးချိန်းနေ့တိုင်း လာရောက်လျက်ရှိသည်။


(ဓာတ်ပုံ - ရွှေဂုံတိုင် အင်န်အယ်ဒီရုံးချုပ်၊ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဦးဉာဏ်ဝင်း၊ ပါတီဝင်များနှင့် သတင်းသမားများ)

Monday, July 20, 2009

အာဇာနည်နေ့တွင် နိုင်ငံရေးသမားတချို့ အဖမ်းခံရ




ယနေ့ နံနက် ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် အကျဉ်းရုံး ပြုလုပ်သည့် အာဇာနည်နေ့အခမ်းအနား မြင်ကွင်း။ အာဇာနည်ကုန်း ပတ်ဝန်းကျင်တွင် လုံခြုံရေး အကြီးအကျယ် ချထားပြီး လုံထိန်းများ တင်ဆောင်ထားသည့် ကား အစီး ၂၀ ထက်မနည်း ကင်းလှည့်နေကြောင်း၊ နိုင်ငံရေးသမား အများအပြားလည်း ဖမ်းဆီးခံရကြောင်း ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။ (photo: AP)

Sunday, July 12, 2009

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း ဇူလိုင် ၂၄ သို့ ထပ်မံချိန်းဆို


အင်းစိန်ထောင်တွင် ဖမ်းဆီးခြင်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တရားရုံးထုတ်ကို လွန်ခဲ့သည့်သောကြာနေ့က ပြုလုပ်ခဲ့သည်။ လုံခြုံရေးအင်အားက ဒေါ်အောင်ဆန်းစုကြည်တရားရုံးချိန်းကို လာရောက်စောင့်ကြည့်သူ ပြည်သူလူထုနှင့် ပါတီဝင်များထက် ပိုမိုသည်ဟု ဆိုသည်။ လုံခြုံရေးအင်အားများတွင် အမျိုးသမီးရဲများ (ရဲမေ)များ အများအပြားတွေ့ရသည်။ ရဲထောက်လှမ်းရေးများ မော်တော်ဆိုင်ကယ် တ၀ီးဝီးမောင်းပြီး အင်အားပြနေခြင်း သိပ်မတွေ့ရဟု ပြေသည်။

အင်န်အယ်ဒီပါတီက ဦးဝင်းတင်က ပါတီအစည်းအဝေးရှိသဖြင့် အချိန်စောစောပြန်သွားသည်ကို တွေ့ရသည်။ ပါတီ၏ ထင်ရှားသူ လူငယ်တဦးဖြစ်သူ ဖြူဖြူသင်းကိုလည်း ပြည်သူတို့နှင့်အတူ တွေ့ရသည်ဟု ဆိုသည်။ တရားခွင်တွင် ဒေါ်စုဘက်မှ သက်သေတို့ကို အချိန်အတော်ကြာ တင်ပြလျှောက်လဲခွင့်ရသည်ဟု သိရသည်။ ထုံးစံအတိုင်းပြုနေကြ သတင်းစာရှင်းလင်းပွဲမှာ ညနေ ၅ နာရီထက် နောက်ကျပြီးမှ ပြုလုပ်ဖြစ်သည်။

နောက်ထပ်ရုံးချိန်းကို ဇူလိုင် ၂၄ သို့ ချိန်းဆိုသည်ဟု သိရသည်။ ဇူလိုင် ၁၉ တွင် ကျရောက်သည့် မြန်မာပြည်၏ အာဇာနည်နေ့ အခမ်းအနားကို အတိုက်အခံပါတီက ကျင်းပရန် စီစဉ်နေသည် ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဇာနည်နေ့ကို သည်တခေါက် အင်းစိန်ထောင်အတွင်းမှ ဖြတ်ကျော်ရမည်ဖြစ်သည်ဟု ပြောဆိုနေကြသည်။

Monday, July 6, 2009

ဒေါ်စုနှင့် တွေ့ခွင့်မရဘဲ ဘန်းကီမွန်း ပြန်ရတော့မည်




ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်မပေးနိုင်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း နှင့် ဒုတိယအကြိမ် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထပ်မံ ပြောဆိုလိုက်သည်။

ယနေ့ နံနက်ပိုင်း တွေ့ဆုံကြရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုသို့ ငြင်းဆိုလိုက်သဖြင့် “အလွန့်အလွန် စိတ်ပျက်မိပါသည်” ဟု ဘန်ကီမွန်းက သတင်းထောက်များကို ပြောပြသည်။ (Reuters photo)

Friday, July 3, 2009

မြောက်ကိုရီးယားတို့ ရန်ကုန်တွင် ဗုံးဖောက်ခွဲခဲ့မှု မှတ်တမ်းဗီဒီယို အင်တာနက်တွင် ထွက်ပေါ်

ပေါက်ကွဲမှုအပြီး ဒဏ်ရာများဖြင့် ပြေးနေသူတဦး

မြန်မာနှင့် မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ဆက်ဆံရေးသတင်းများ ပျံ့နှံ့နေချိန်တွင် မြောက်ကိုရီးယားတို့ ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်ကို ဗုံးဖောက်ခွဲခဲ့သည့် မှတ်တမ်းများက မြန်မာပြည်သား အင်တာနက် အသုံးပြုသူများထံသို့ ရောက်ရှိလာသည်။

http://www.youtube.com/watch?v=eTgP8B-IGug တွင် ဖော်ပြထားသော ရုပ်မြင်သံကြား သတင်းမှတ်တမ်းသည် ယမန်နှစ်ကပင် အင်တာနက်တွင် ဖော်ပြထားပြီး ဖြစ်သည်။

ယခု ရက်ပိုင်းအတွင်း ပြန်လည် ပျံ့နှံ့နေသော အဆိုပါ မှတ်တမ်းတွင် ၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ နှင့် ၀န်ကြီးများ ရန်ကုန်သို့ အလည်အပတ် ရောက်ရှိစဉ် ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရပုံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုကို ရန်ကုန်မြို့ မြောက်ကိုရီးယားသံရုံး နှင့် မြောက်ကိုရီးယား ကွန်မန်ဒိုများ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာသတင်းထောက်များ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့သည်။ ၄၆ ဦး ဒဏ်ရာရခဲ့သည်။ ဗုံးပေါက်ကွဲချိန်တွင် အဓိကပစ်မှတ် တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်က ထိုနေရာသို့ သွားနေချိန် ဖြစ်သောကြောင့် လွတ်မြောက်သွားသည်။

တိုက်ခိုက်မှုအပြီး ရက်ပိုင်းအတွင်း မြန်မာအစိုးရက မြောက်ကိုရီးယား သံတမန်များကို နှင်ထုတ်ပြီး၊ သံအဆက်အသွယ်များ ဖြတ်တောက်လိုက်သည်။

၂၆ နှစ်အကြာ ၂၀၀၇ ခုနှစ်တွင် နှစ်နိုင်ငံ သံအဆက်အသွယ် ပြန်လည် ပြုလုပ်ခဲ့သည်။

ရန်ကုန်တွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက မြန်မာအစိုးရကို လူသိရှင်ကြား တောင်းပန်ခြင်း မရှိသေးပေ။

သံတမန် ပြန်လည် ဆက်သွယ်သည် ဆိုသော်လည်း သံရုံး၊ ကောင်စစ်ဝန်ရုံးတို့ကို ဖွင့်လှစ်ထားခြင်း မရှိကြသေးပေ။

ဗုံးဖောက်ခွဲမှု မတိုင်မီ မိနစ်ပိုင်းအတွင်းက တွေ့ရသော အာဇာနည်ဗိမ္မာန် အပြင်ဘက် နှင့် အတွင်းဘက် မြင်ကွင်း
ဗုံးပေါက်ကွဲအပြီး မြင်ကွင်းများ
မျက်နှာကြက်တွင် တပ်ဆင်ထားသည့် ဗုံးများကြောင့် အမိုးနှင့် မျက်နှာကြက်များ ပျက်စီးသွားသည်။ ပြုတ်ကျလာသည့် မျက်နှာကြက်မှ ထုတ်တန်းများ အောက်တွင် ပိနေသူများကို ကယ်ဆယ်ရန် တချို့က ကြိုးပမ်းကြသည်။
ဒဏ်ရာရသူများကို သယ်ယူနေပုံ
အုတ်ဂူကို ကိုင်ပြီး ရပ်နေသည့် ဒဏ်ရာရသူ တဦး၊ သေဆုံးသွားသည့် မြောက်ကိုရီးယား အစိုးရအဖွဲ့ ကိုယ်စားလှယ်တချို့