Monday, March 30, 2009

စစ်အစိုးရ၏ ဒုတိယအကြိမ် ပါတီစုံရွေးကောက်ပွဲ ၂၀၁၀ အငြင်းပွားသော စာတမ်းများ

မိုးမခ အထောက်တော် ၀၀၃

ယခင်အပတ် မတ်လ ၂၄ ရက်ဝန်းကျင်က အင်တာနက်ဘလောက်များတွင် ထုတ်ဝေ ဖြန့်ချိခဲ့သော မြန်မာပြည် လက်ရှိ နိုင်ငံရေး သုံးသပ်ချက်စာတမ်းကို မိမိရေးသားခြင်း မဟုတ်ကြောင်း ပြည်တွင်းက ဝေ့ဗ်စ် မဂ္ဂဇင်းတာဝန်ခံ၊ စာရေးဆရာ ကျော်ဝင်းက တရားဝင် စာရေးသားပြီး ငြင်းဆိုသည်စာကို အင်တာနက်အီးမေးများက တဆင့် ဖြန့်ချိလိုက်သည်ကို တွေ့ရသည်။


ထိုနိုင်ငံရေးသုံးသပ်ချက်စာတမ်းမှာ အင်္ဂလိပ်လို ကျော်ဝင်းက ရေးသားခြင်းဖြစ်ပြီး မြန်မာဘာသာဖြင့် ကျော်လင်းဦးက ဘာသာပြန်ဆိုကာ မြန်မာဖရီးဒမ်းနယူးစ်ဂရုပ်နှင့် ဒေါက်တာလွဏ်းဆွေဘလော့ဂ် တို့တွင် ပြန်လည် ဖော်ပြထားသည်ကို တွေ့ခဲ့ရသည်။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာတမ်းရှင်က ၎င်းသဘောထားကို ဖော်ပြထားရာ၌ -


”… ၂၀၁၀ ရွေးကောက်ပွဲဟာ စက်တင်ဘာလှုပ်ရှားမှုရဲ့ရလဒ်တခုဖြစ်ပြီး ကျနော်တို့ ဒါကို လစ် လျူရှုလို့မဖြစ်ပါဘူး။ နအဖရဲ့ ရည်ရွယ်ချက်ဟာ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားကို လက်ရှိအခြေခံဥပဒေကို အသုံးချပြီး ကာကွယ်ဖို့ဖြစ်ပေမယ့် ၁၉၈၈ ခုကတည်းကစရင် ပထမဆုံးအကြိမ် ဒီမိုကရေစီအင်အားစုတွေကို ခွင့်ပြုရမှာပါ။ အခွင့်အရေးဟာ ဘယ်လောက်ပဲ ကျဉ်းမြောင်းသည်ဖြစ်ပစေ၊ ကျနော်တို့ ဒါကို ဂရုတစိုက်နဲ့ အသုံးချသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ဒါမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့လို့ပါ။ …”


သို့ဖြစ်၍ စာတမ်းရှင်က စစ်အစိုးရ၏ ၂၀၁၀ တွင်ကျင်းပမည့် ဒုတိယအကြိမ် ပါတီစုံ ရွေးကောက်ပွဲကို ၀င်ရောက်ကြရန် တိုက်တွန်းသည့် သဘောထားပါသည့် အကြံပြုချက်ကို ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုစာတမ်းကို စာရေးသူ ကျော်ဝင်းက တရားဝင် ကန့်ကွက်စာထုတ်၍ ငြင်းဆိုခြင်း ဖြစ်သည်။


လွန်ခဲ့သည့်နှစ် မတ်လ ၁၄ ရက်ပိုင်းကလည်း ထိုကဲ့သို့သော စာတမ်းမျိုးတခုကို ကျော်ဝင်းအမည်ခံဖြင့် အင်တာနက်ပေါ်တွင် ဖြန့်ချိခဲ့ဖူးသည်။ ထိုစာတမ်းတွင် စာတမ်းရှင်က -


“ … Constitution နဲ့ ပါလီမန်မရှိတဲ့ အခြေအနေမှာ လူပုဂ္ဂိုလ်တဦး၏ power base မှနေ၍ ပေါ်လစီ ခင်းကြရပါတယ်။ Constitution နှင့် ပါလီမန်ရှိလာလျှင်မူ Institutional base ဖြင့် ပေါ်လစီ ခင်းလာနိုင်စရာ ရှိလာပါလိမ့်မယ်။ ပြောရလျှင် rule of the game ချမှတ်ရာတွင် ကိုယ့်ဘက်မှ တစုံတရာ ပြောရေးဆိုခွင့် (၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်) ရလာနိုင်စရာ ရှိပါသည်။ ချုပ်ပြောရလျှင် လက်ရှိအခြေအနေထက် better off ဖြစ်လာလိမ့်မည်ဟု ထင်ပါသည်။ …”

ဟု ဆိုပြီး ၂၀၀၈ မေလ စစ်အစိုးရအခြေခံဥပဒေကို ထောက်ခံကြရန် တိုက်တွန်းခဲ့ဖူးသည်ကို တွေ့ရသည်။


ယခု အီးမေးများကလက်ခံရရှိသော ငြင်းစာအရ ထိုသို့သော သဘောထားမျိုးနှင့် စာတမ်းအားလုံးကို စာရေးသူကျော်ဝင်းက ရေးသားခြင်းမဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ငြင်းချက်ထုတ်လိုက်ပြီ ဖြစ်သည်။


မည်သို့ပင် ဖြစ်စေကာမူ - ဤကဲ့သို့သော အလားသဏ္ဍာန်တူသည့် သဘောထားမျိုးကို ပြည်တွင်းက စာရေးဆရာ မောင်စူးစမ်းနှင့် နေ၀င်းမောင်တို့က ၎င်းတို့၏ ဆောင်းပါးနှင့် တင်သွင်းသောစာတမ်းတို့တွင် တရားဝင်ပြောခဲ့ကြပြီး ဖြစ်၍ မြန်မာနိုင်ငံရေး စိတ်ဝင်စားသူတို့အတွက် အထူးအဆန်းတော့ မဟုတ်ဟု ဆိုနိုင်သည်။


မောင်စူးစမ်းက ၂၀၀၈ စက်တင်ဘာထုတ် ပြည်တွင်းစာစောင်များတွင် ”နိုင်ငံရေး ဖြစ်တည်မှု အကြပ်အတည်း” ဟူသောစကားကို သုံးစွဲပြီး သုံးသပ်ရာတွင် -


” … ယခု ”အောက်ဖိအား” နည်းဖြင့်လည်း ဒီမိုကရေစီ မဖြစ်ထွန်း၊ ဒုတိယနည်းဖြစ်သော ”ပြည်ပဖိအားနည်း” ဖြင့်လည်း ဒီမိုကရေစီမဖြစ်ထွန်း၊ တတိယ နည်းဖြစ်သော ”အပေါ်မှချပေးသောနည်း”ဖြင့် ဒီမိုကရေစီ ဖြစ်ထွန်းလာဖို့ ရှိသည်။ ထို့ကြောင့် နိုင်ငံရေး အင်အားစုတို့ကြားထဲ အကျပ်အတည်းနှစ်မျိုးပေါ်သည်။ ပထမအကျပ်အတည်းသည် တတိယနည်းဖြင့်ပေါ်သော ဒီမိုကရေစီတွင် ပလေရာအဖြစ် ဝင်ကစားရန် အဆင်သင့်ဖြစ်မလားဟူသော ပုစ္ဆာဖြစ်သည်။ ဒုတိယ အကျပ်အတည်းသည် တတိယနည်း ဒီမိုကရေစီတွင် ဝင်မကစားရဟုဆိုလျှင် မိမိတို့ ဘာလုပ်မည် နည်းဟူ၍ ဖြစ်သည်။ …”

ဟူ၍ ၎င်းအာဘော်ကို တင်ပြထားပြီးဖြစ်သည်။


ထိုကဲ့သို့ပင် ပြည်တွင်း စာအုပ်လုပ်ငန်းရှင် တဦး ဖြစ်သူ နေ၀င်းမောင်ကလည်း ၂၀၀၈ မတ်လ (ကျော်ဝင်း အမည်ခံ စာတမ်း ထွက်ပေါ်ချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင်) က ၎င်းသဘောထားကို မဇ္ဈိမသတင်းဌာနကို ပြောကြားခဲ့ရာတွင် -


“ … ကျနော်သာ ဒေါ်အောင်ဆန်းစုကြည် နေရာမှာရှိခဲ့ရင် နံပါတ်တစ်က ဘာလုပ်မလဲဆိုတော့ ဒီ Road Map အတိုင်း လိုက်သွားလိုက်မယ်။ ဒါဟာ တပ်မတော်အစိုးရရဲ့ အရေးကြီးတဲ့ ကိစ္စရပ်လည်း ဖြစ်တဲ့အတွက် နှစ်ဘက် ပြေလည်ဖို့အတွက် ဒါဟာ အရေးကြီးတယ်ပေါ့နော် …”


ဟူ၍ စစ်အစိုးရလမ်းစဉ်နောက်ကို လိုက်ကြရန်၊ အတိုက်အခံက သဘောထားကြီးကြောင်း ပြသကြရန် တိုက်တွန်း ပြောဆိုခဲ့ဘူးသည်။


အလားတူပင် ပြည်ပရှိ စာရေးသူ၊ မြန်မာပြည်အရေးကျွမ်းကျင်သူဟု သတ်မှတ်ခြင်းခံရသူ တင်မောင်သန်းကလည်း ၂၀၀၉ ဖေဖော်ဝါရီလ ကိုယ်ပိုင်စာတမ်းတခုတွင် ၂၀၁၀အလွန် မြန်မာနိုင်ငံရေးလုပ်ငန်းစဉ်များဟူ၍ တွက်ကိန်းများ ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။ ၎င်းက ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့ကို အခြေခံပြီး ၎င်းအဆင့်များကတဆင့် တိုင်းပြည် အနာဂတ်လမ်းကြောင်းကို လမ်းညွန်ချက်တခု ပြခဲ့သည်။ ထိုအထဲတွင် -


" ... အဓိပ္ပါယ် ကတော့ .. စစ်အစိုးရချမှတ်ထားတဲ့ ဖွဲ့စည်းပုံနဲ့အတူ ဒီမိုကရေစီ လုပ်ငန်းစဉ်တရပ် ကို တမျိုးသားလုံး သဘောတူညီချက် နဲ့ ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ပထမ ၅ နှစ်သက်တမ်း အတွင်းမှာ စစ်တပ် နဲ့ ဒီမိုကရေစီအင်အားစုကြား ယုံကြည်မှုတည်ဆောက်နိုင်ခွင့်လည်း ဒီ လုပ်ငန်းစဉ်အရ ရရှိနိုင်ပါတယ်။ အလုပ်လုပ်လို့ မရလောက်အောင် မယုံမကြည်ဖြစ်နေတဲ့ အခြေအနေကနေ မယုံကြည်သေးပေမဲ့၊ အလုပ်လုပ်လို့ရတဲ့ အခြေအနေကို ကူးပြောင်းဖို့ ဖြစ်ပါတယ် …”

ဟူ၍ အစိုးရလမ်းစဉ်နောက်လိုက်၍ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြရန်၊ တပ်မတော်နှင့်အတူ လက်တွဲဆောင်ရွက်ကြရန် သုံးသပ်ပြသွားသည်။


မည်သို့ပင် ဖြစ်စေကာမူ ပညာရှင်များ၊ စာရေးသူများက အရှေ့ အနောက်အုပ်စုများသို့ ဤသို့သော စာတမ်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ ရေးသား ထုတ်ဝေဆွေးနွေး တင်ပြနေချိန်၊ ၂၀၀၉ ခုနှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့ စစ်ရေးပြပွဲမှ မြန်မာပြည် စစ်အာဏာရှင် ဗိုလ်သန်းရွှေကလည်း -


“ ရင့်ကျက်တဲ့ပါတီစည်းရုံးမှုတွေကို လိုက်နာကျင့်သုံး ထိန်းသိမ်းဆောင်ရွက်သူမှန်သမျှကို အစိုးရက စောင့်ရှောက်သွားမှာဖြစ်တယ်။ ဒါမှသာ ဒီမိုကရေစီစဟာ ရင့်ကျက်မှုမရှိသေးခင် ပြန်လည်ပျက်ယွင်းသွားခြင်း မရှိဘဲ ခိုင်မာအောင် တည်ဆောက်သွားနိုင်မှာ ဖြစ်ကြောင်း …။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရနိုင်တာကို နားလည်ပြီး တဖြေးဖြေးရင့်ကျက်လာအောင် အေးချမ်းတည်ငြိမ်စွာ ၀ိုင်းဝန်းတည်ဆောက်သွားကြရမှာ ဖြစ်ကြောင်း …”

ဆိုပြီး သူ့ဆန္ဒကို ထုတ်ဖော်ခဲ့သည်။


သို့ဖြစ်သဖြင့် စာတမ်းရှင်အသီးသီး၏ အာဘော်သည် လက်ရှိစစ်အာဏာရှင်ကြီးနှင့်ပတ်သက်ပြီး အတတ်နိုင်ဆုံး အကောင်းမြင် မျှော်လင့်ချက်တို့နှင့် ထုံမွှန်းရေးသားထားသည်ဟု ဆိုရမလိုဖြစ်နေသည်ဟု ပြည်တွင်းက အတိုက်အခံ နိုင်ငံရေးပါတီဝင်တဦးက တုန့်ပြန်လိုက်သည်။


စာညွန်းများ-

ကျော်ဝင်း - http://drlunswe.blogspot.com/search?q=%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%B8

မောင်စူးစမ်း - http://padaukmyay.blogspot.com/2008/09/blog-post_08.html

နေ၀င်းမောင် - http://www.mizzimaburmese.com/component/content/article/747-q--q--.html

တင်မောင်သန်း - http://docs.google.com/gview?a=v&attid=0.1&thid=11fac7e630c5f31b&mt=application%2Fpdf&pli=1

ဗိုလ်သန်းရွှေ - http://myanmar.com/newspaper/kyaymon/Mar28.pdf

Sunday, March 29, 2009

ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်


“အေးစေ … သက်သာ … ဘယ်ကြည့် … ညာကြည့် …”

နေပြည်တော် စစ်ရေးပြကွင်းကြီးထဲမှ ထွက်ပေါ်လာသော အသံများဖြစ်သည်။ ဤနေ့သည် မတ်လ ၂၇ ၇က်နေ့ ဖြစ်သောကြောင့် စစ်ရေးပြ အခမ်းအနား ကြည့်ရှုရန် နေပြည်တော်သို့ ဦးရုက္ခစိုး ရောက်ရှိနေခြင်းဖြစ်သည်။ စစ်ရေးပြ ကွင်းကြီးထဲတွင် လှံနှင့် ဓားများ ကိုင်ဆောင်ထားကြသော ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စသည့် ဧရာမ ရုပ်တုကြီးများက မတ်မတ်ရပ်နေကြသည်။ အားပါးတရ ချီတက် စစ်ရေးပြနေသော ရာထောင်ချီသည့် စစ်သား၊ ရဲ၊ မီးသတ် နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များလည်း ရှိသည်။ ၎င်းတို့ကို ကြည့်ပြီး ဦးရုက္ခစိုး စိတ်ဓာတ် တက်ကြွလာသည်။

ထိုသို့ စိတ်ကြွနေစဉ် ဦးရုက္ခစိုး အနီးသို့ ကွမ်း တမြုံ့မြုံ့ ဝါးပြီး မျက်မှောင်ကုပ်ထားသည့် တပ်မတော်သားတဦး ရောက်လာသည်။

ရုက္ခစိုး။ ။ ဟေ့ … ရဲဘော်၊ နေကောင်းရဲ့လား၊ မျက်နှာလည်း မကောင်းဘူး။ စစ်ရေးပြတဲ့ထဲ မပါရလို့ မှိုင်နေတာလား။

ရဲဘော်။ ။ ဒီနေ့ နှစ်လုံးထီ မပေါက်ဘူးဗျ။ ဒါကြောင့် မှိုင်နေတာ။

ရုက္ခစိုး။ ။ ဒီနေ့ ထီမပေါက်ဘူး ဆိုတော့ မနေ့ကရော ပေါက်လို့လား။

ရဲဘော်။ ။ ဟဲဟဲ … ဒီလိုပဲပေါ့ ဦးလေးရာ။ ဦးလေးဆီမှာ နံပါတ်လေး ဘာလေး ရှိရင် ပေးပါဦး။

ရုက္ခစိုး။ ။ ရှိပါဘူးကွာ။ မင်းက … ဘယ်လို ဝတ်ထားတာလဲ၊ ဒီနေ့ တပ်မတော်နေ့လေကွာ။ ဒီနေ့မှာ တပ်မတော်သား တယောက်က ယူနီဖောင်းအသစ် ဝတ်သင့်တာပေါ့။ ခုတော့ …

ရဲဘော်။ ။ (အဖာအထေးများဖြင့် ပြည့်နေသော သူ၏ အင်္ကျီ နှင့် ဘောင်းဘီကို ငုံ့ကြည့်လိုက်ပြီး) ဒါ … ကျနော့်ရဲ့ အသားနားဆုံး ယူနီဖောင်းဗျ။

ရုက္ခစိုး။ ။ ဘာလဲ … ယူနီဖောင်း အသစ်တွေက ထီထိုးဖို့ ရောင်းလိုက်ပြီပေါ့၊ ဟုတ်လား။

ရဲဘော်။ ။ ဘာယူနီဖောင်းအသစ်လဲ။ ကျနော်တို့မှာ ဘာမှ မရတာ ဘယ်လောက်ကြာပြီလဲ။

သူ့စကား မှားသွားသဖြင့် ဦးရုက္ခစိုးက ရဲဘော်လေးကို အားနာသွားသည်။ ထိုအခိုက် သူတို့အနားသို့ တပ်ကြပ် တဦး ရောက်လာသည်။ ရဲဘော်လေး၏ သူငယ်ချင်း ဖြစ်သည်။ တပ်ကြပ်၏ လက်ထဲတွင် ပုလင်းတလုံး၊ ခွက်တလုံး တွေ့ရသည်။

ရုက္ခစိုး။ ။ ဟာ … အာမီရမ် (Army Rum)တွေ ဘာတွေနဲ့ပါလားကွ။

ရဲဘော်။ ။ ဘာ အာမီရမ်လဲ၊ အာမီရမ်ကို ရာဇဝင်ထဲမှာ ထားခဲ့ပါ ဦးလေးရာ။ ဒီကောင် သောက်နေတာ ထန်းရည်တွေဗျ။ ကျနော်တို့ အာမီထဲမှာ အာမီရမ် မရတာ ကြာလှပြီ။

ရုက္ခစိုး။ ။ ဟာ … ဘယ်လိုဖြစ်တာလဲ မင်းတို့ဟာက။ ယူနီဖောင်းလည်းမရ၊ အာမီရမ်ဆိုရင်လည်း ရှားပါးပစ္စည်း ဖြစ်နေပြီ ဆိုတော့မင်းတို့တပ်ထဲမှာ ပေါတာ ဘာရှိသေးလဲ။

တပ်ကြပ်။ ။ (ထန်းရည်ကို တကျိုက် သောက်လိုက်ပြီး) တပ်ထဲမှာ ပေါတာကတော့ အမိန့်တွေပေါ့ဗျာ။

ရဲဘော်။ ။ အမိန့်အကြောင်းတော့ ဒီကောင် ပိုသိတယ်။ ဒီကောင် ရှေ့တန်း သွားနေတုန်း နောက်တန်းက သူ့မိန်းမအတွက်တောင် အထက်က အမိန့် ရောက်လာတယ်၊ လုပ်အားပေး တဲ့။

ရဲဘော်လေးက ကိုင်ထားသည့် ကြွပ်ကြွပ်အိတ် အတွင်းသို့ ကွမ်းကို ပစ်ခနဲ ပစ်ခနဲ ထွေးထည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ကွမ်းယာ တရာကို ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

ရုက္ခစိုး။ ။ မင်းတို့နှစ်ယောက်က သူငယ်ချင်း ဆိုပေမယ့် ရာထူးမတူကြပါလား။ မင်းက ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ စစ်တိုက်ခဲ့လို့ လက်မောင်းမှာ အရစ်တွေ ရသွားတာ ထင်တယ်။

တပ်ကြပ်။ ။ ဟီးဟီး … ဟုတ်ပါဘူးဗျာ။ တရစ်က ရှေ့တန်းမှာ မုဒိမ်းကျင့်လို့ ရခဲ့တာ။ နောက်တရစ်က ဘုန်းကြီး အရေးအခင်းတုန်းက ကျနော် “ရပ်ပစ်ရှစ်ပါး” လုပ်လိုက်လို့ ခေါင်းရိုက်ခွဲလိုက်လို့ ရတာလေ။ တပည့်တော် … အဲ … ကျနော်တို့က ဘုန်းကြီးတွေကို မရိုက်ချင် မပစ်ချင်ပါဘူး။ ပစ်ဆိုတော့လည်း ပစ်ရတာပေါ့။ အမိန့်က အမိန့်ပဲလေဗျာ။ နောက်တရစ်က ကျောင်းသားတွေကို ပစ်တုန်းက ရတာ။

ရုက္ခစိုး။ ။ အေး … မင်းတို့လိုကောင်တွေပဲ ရဲဘော်မသေ သေသော် ငရဲသွားပေါ့ကွာ။ ဒါကြောင့် မင်းတို့တပ်က ပြည်သူနဲ့ ဝေးပြီး ပြည်သူ့ချဉ်ဖတ်တပ် ဖြစ်နေတာကွ။

တပ်ကြပ်။ ။ မဝေးပါဘူးဗျာ။ ဒီကောင့်မိန်းမဆိုရင် လူထုနဲ့ နေ့စဉ်နေ့တိုင်း အရမ်း အရမ်းကို ရင်းရင်းနှီးနှီး ထိတွေ့ခွင့် ရနေတာ။

ရဲဘော်။ ။ ဟိတ်ကောင် … ငါ့လစာ တခုတည်းနဲ့မှ မစားလောက်လို့ သူ့ခမျာ ဖာဘဝ ရောက်ရတာပါကွာ။

ရုက္ခစိုး။ ။ ဟိုက် … ဗိုလ်ချုပ်အောင်ဆန်းပြောတာ မှန်လိုက်လေ။ ငါတို့နိုင်ငံလည်း အခုတော့ ဖာနိုင်ငံကြီး ဖြစ်နေပါပေါ့လား။ ကဲ … ကဲ … စကားကောင်းနေလိုက်ကြတာ တပ်ချုပ်ကြီး မိန့်ခွန်း ပြောတော့မယ်ဟေ့ နားထောင်ရအောင်။

စစ်ရေးပြကွင်းကြီးအတွင်းရှိ အလေးပြုခံသည့် စင်မြင့်ပေါ်တွင် တပ်ချုပ်ကြီးက စကားပြောရန် ပြင်ဆင်နေသည်။ မိုက်ကရိုဖုန်းကို လက်ဖြင့် သုံးလေးချက် လှမ်းတောက်လိုက်သည်။ ထို့နောက် မျက်မှန်ကို လက်ဖြင့် တချက် ပင့်တင်ကာ “အဟမ်း အဟမ်း” ဟု ချောင်းဟန့်ပြီး အသံစမ်းလိုက်ပြန်သည်။ ထိုသို့ စမ်းသပ်မှုများ ပြုလုပ်ပြီးသကာလ တပ်ချုပ်ကြီး၏ တပ်မတော်နေ့ မိန့်ခွန်း စတင်လေသည်။

“ရဲဘော်တို့ … … ဒီနေ့ ဒီအချိန်မှာ ငါတို့ဟာ ခေတ်မီ ဖွံ့ဖြိုး တိုးတက်တဲ့ ဖာနိုင်ငံကြီးကို တည်ဆောက်နေတာ ဖြစ်တယ် … …”

တပ်ချုပ်ကြီး၏ မိန့်ခွန်းအစပိုင်းမှာပင် ဦးရုက္ခစိုး၊ ရဲဘော်လေး၊ တပ်ကြပ်တို့ မျက်လုံး ပြူးသွားကြသည်။

တပ်ချုပ်ကြီး၏ မလှမ်းမကမ်းတွင် ရှိနေကြသော ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေပန်း၊ ဗိုလ်ချုပ်မြင့်ဆွေတို့က ခေါင်းဆောင်ကြီးများပီပီ အိနြေ္ဒ ဆည်ထားကြသော်လည်း အံကို တင်းတင်း ကြိတ်ထားလိုက်ကြသည်။

ဗိုလ်ချုပ်ရွှေပန်းက “ဒီဘဲနာကြီး ဘာတွေပြောနေပါလိမ့်။ င့ါကိုလည်း တပ်မတော် ကြည်းရေလေညှိနှိုင်းရေးမှူး ဆိုတဲ့ ရာထူးနဲ့ ချွေးသိပ်ထားတယ်။ ဒီရာထူးက မတက်တော့ဘူး။ ငါ့မိန်းမလည်း ဒီဘဲနာကြီးအိမ်မှာ ကြမ်းတိုက် အဝတ်လျှော်လုပ်ရတာ မောနေပြီ။ ဒီငနဲကြီးက တပ်ချုပ်ကြီး နေရာမှာ မရှိသင့်ဘူး။ တကယ်တော့ သူ့နေရာ ငါ ရသင့်နေပြီ။ ဒီမိန့်ခွန်းဟာ ငါပြောရမယ့် မိန့်ခွန်း” စသဖြင့် စိတ်ထဲမှ တကိုယ်တည်း ပြောဆိုနေသည်။

စင်ပေါ်တွင် တပ်ချုပ်ကြီးက မိန့်ခွန်း ဆက်လက် ချွေနေသည်။

“ရဲဘော်တို့ … ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့ ချစ်ခင်၊ လေးစား၊ ကြည်ညို၊ ကိုးကွယ်မှုကို ဘယ်ခေတ်ကနဲ့မှ မတူအောင် ရနေပါပြီ … …” ဟု တပ်ချုပ်ကြီးက ပြောသည်။ ပြောရင်းနှင့် အင်္ကျီ လက်မောင်း နှစ်ဘက်ကို ပင့်တင်လိုက်သည်။ (နေပူထဲတွင် တန်းစီနေသော ရဲဘော်များထံမှ လှောင်ပြောင်သံများကို စတင် ကြားနေရသည်။)

ရုက္ခစိုး။ ။ သူပြောနေတာတွေ မှန်ရဲ့လားကွ။

ရဲဘော်။ ။ (ကွမ်းတံတွေးကို ပစ်ခနဲ ထွေးလိုက်ရင်း) ပေါက်ကရတွေပါဗျာ။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ဗိုလ်ချုပ်နေဝင်း ခေတ်ကဆိုရင် ဖြစ်နိုင်သေးတယ်။ အဲဒီတုန်းကတော့ တပ်မတော်သားဆိုရင် ပြည်သူတွေက ပန်းကုံးစွပ်ပြီး ကြိုဆိုခဲ့ကြတာဗျ။

တပ်ကြပ်။ ။ အေး … ခုတော့ ပြည်သူတွေက တို့ကို ချေးထုပ် (ချီးထုပ်)နဲ့ ပေါက်ချင်နေကြတာ။

တပ်ချုပ်ကြီးက လက်နှစ်ဘက်ကို ဘေးသို့ ဆန့်ကားလိုက်ပြီး “ရဲဘော်တို့ … ခေတ်မီတဲ့၊ ကြီးမားတဲ့ အဆောက်အဦးကြီးတွေ၊ တံတားကြီးတွေ၊ ဆည်ကြီးတွေဟာ နိုင်ငံတဝန်းလုံးမှာ တွေ့နေရပြီ … …” ဟု ပြောပြန်သည်။

ရဲဘော်။ ။ ဆောက်စရာ တခု ကျန်သေးတယ်။ တွင်းတူးပြီး သူတို့ကိုယ်သူတို့ မြှုပ်ရမှာ။

စစ်ရေးပြ စစ်ကြောင်းများတွင် ရှိသော စစ်သည် ရဲဘော်များလည်း သိသိသာသာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တယောက်နှင့် တယောက် ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။

တပ်ကြပ်။ ။ အဆောက်အဦးကြီးတွေကတော့ ဆောက်တယ်ဗျ။ အရာရှိကြီးတွေက အိမ် တလုံးပြီးတလုံး ဆောက်နေတာကို ပြောတာ ဖြစ်မယ်။

ရုက္ခစိုး။ ။ အေး … နန်းတော်ကြီးတွေ ဆောက်နေတယ်လို့ ကြားတာပဲ၊ ပထမ ရန်ကုန်မှာ ဆောက်တယ်၊ နောက်တော့ နေပြည်တော်မှာ အကြီးအကျယ် ဆောက်တယ်၊ အဲဒီကမှ မေမြို့မှာ ထပ်ဆောက်တယ်။ အခုနောက်ဆုံး မန္တလေး နန်းတွင်းထဲမှာ ဆောက်မယ်လို့ ဆိုတယ်။

ရဲဘော်။ ။ နန်းတွင်းထဲမှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိတယ်လေ။ တပ်တွေက ဘယ်မှာ သွားနေရမှာလဲ။

တပ်ကြပ်။ ။ မန္တလေးတောင်ခြေက ဇရပ်တွေမှာ သွားနေပေါ့ကွာ။

ထိုအချိန်တွင် တပ်ချုပ်ကြီးက လက်သီး လက်မောင်း တန်းပြီး မိန့်ခွန်း အဆက်မပြတ် ပြောလျက်ပင် ရှိသေးသည်။

“ရဲဘော်တို့ … ငါတို့ တပ်မတော်ဟာ အနာဂတ် နိုင်ငံတော် အနာ ဂတ် … ဂတ် … ဂတ် … ဂတ် … ”

မိန့်ခွန်းက တဂတ်ဂတ်နှင့် ရပ်သွားသည်။ တပ်ချုပ်ကြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသည်။ စကားပြောစင်မြင့်ပေါ်မှ ခုံကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ မျက်လုံးနှစ်ဘက်လည်း ပြူးထွက်နေသည်။

မလှမ်းမကမ်းတွင် ရှိသော တပ်မတော်ခေါင်းဆောင်များထဲမှ ဗိုလ်ချုပ်ရွှေပန်းက ဦးစွာ မတ်တပ်ရပ်လိုက်ပြီး တပ်ချုပ်ကြီးဆီသို့ ပြေးသွားကာ မိုက်ကရိုဖုန်းကို လုယူရန် ကြိုးစားလိုက်သည်။

ဗိုလ်ချုပ်မောင်အေးက ရှောင်လင် တရုတ်သိုင်းကားထဲတွင် တွေ့ရတတ်သော လေကဲ့သို့ လျှင်မြန်ခြင်းမျိုးဖြင့် နောက်မှ ပြေးလိုက်ကာ ဗိုလ်ချုပ်ရွှေပန်း၏ အင်္ကျီကော်လာကို လှမ်းဆွဲပြီး ဘေးသို့ တွန်းထုတ်လိုက်သည်။ “ငါအရင်ဦးတာကွ၊ ဘာရမလဲ…” ဟု ဆိုသည်။ ထို့နောက် မိုက်ကရိုဖုန်းကို ကိုင်ကာ အောင်မြင်သည့် လေသံကြီးဖြင့် ပြောဆိုလိုက်လေသည်။

“ရဲဘော်တို့ … အခုအချိန်က စတင်ပြီး အခြေအနေဟာ တမျိုးတဖုံ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်”

သို့သော် ဗိုလ်ချုပ်မောင်အေးသည်လည်း စကားဆုံးအောင် မပြောလိုက်နိုင်ပေ။ ဗိုလ်ချုပ်မြင့်ဆွေ ထလာပြီး ဝါယာကြိုးကို လှမ်းဆွဲလိုက်သဖြင့် မိုက်ကရိုဖုန်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ “ငါ့ဦးလေး တပ်ချုပ်ကြီးကို မထိနဲ့ကွ” ဟု အော်ပြောလိုက်သည်။

ဗိုလ်ချုပ်သိန်းစိန်က စင်ပေါ်သို့ ပြေးတက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဘေးတွင် ရှိနေသော ရှစ်လုံးထိုး ဗိုလ်ချုပ်တင်အောင်မြင့်ဦးက ခြေထိုးလိုက်သဖြင့် ဗိုလ်ချုပ်သိန်းစိန် ဒလိမ့်ခေါက်ကွေး လဲကျသွားကာ သူ၏ pace maker ခေါ် နှလုံးခုန်စက် ပြုတ်ကျသွားပြီး အသက်ရှူ ရပ်သွားသည်။

စကားပြောစင်ပေါ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော ဗိုလ်ချုပ်များဖြင့် ရှုပ်ထွေးနေသည်။ အချင်းချင်း ဆဲသံ အော်သံများလည်း မိုက်ကရိုဖုန်းမှတဆင့် ဆူညံစွာ ထွက်ပေါ်လာသည်။

“ငါ … … သား ”

“မအေ … … ”

“ခွေး … …” (မိမိ အဆင်ပြေသလို ဖြည့်စွက် ဖတ်ရှုကြပါရန်)

“တပ်ထိန်းခေါ်ဟေ့ … ၊ တပ်ထိန်းခေါ်ဟေ့ …” ဟု အရာရှိတယောက်က လှမ်းအော်လိုက်သည်။

ဦးရုက္ခစိုးနှင့် စကားပြောနေသော ရဲဘော်လေးက လက်ထဲတွင် ရှိသော ကွမ်းတံတွေးထုပ်ကို စင်ပေါ်သို့ ပစ် ပေါက်လိုက်သည်။ ထို့နောက် တပ်ကြပ်၏ လက်ထဲမှ ထန်းရည်ပုလင်းကို ခပ်သွက်သွက် လှမ်းဆွဲယူကာ စင်ပေါ်သို့ လှမ်းပစ်လိုက်ပြန်သည်။ တပ်ကြပ်ကလည်း ၎င်း၏ လက်ထဲတွင် ကျန်ရှိသော ထန်းရည်ခွက်ကို ရုန်းရင်း ဆန်ခတ် ဖြစ်နေသော စင်ပေါ်သို့ ဝှီးခနဲ လှမ်းပစ်လိုက်သည်။ ခွက်က တပ်ချုပ်ကြီး၏ နဖူးကို ထိမှန်သွားရာ တပ်ချုပ်ကြီးမှာ တွန့်လိမ်ပြီး လဲကျသွားသည်။

စစ်ရေးပြ ရဲဘော်များကလည်း စစ်ဖိနပ်များကို ချွတ်ပြီး ဗိုလ်ချုပ်များ ရှိရာသို့ လှမ်း၍ တခဲနက်၊ တပျော်တပါး ပစ်ပေါက်ကြ တော့သည်။ “ဘီလူးတွေကို တောထုတ်ကြဟေ့ … ၊ ဘုန်းကြီးတွေကို သတ်တဲ့ ဗာလနံ လူမိုက်တွေကို မောင်းထုတ်ကြဟေ့ …” ဟု အော်ဟစ်ကြသည်။

ဤသို့ဖြင့် နေပြည်တော်တွင် ကျင်းပသော တပ်မတော်နေ့ အခမ်းအနားမှာ ရုန်းရင်းဆန်ခတ်ဖြင့် ပြီးဆုံးသွားလေသတည်း။ ။
Source:irrawaddy

Thursday, March 26, 2009


မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရေးဆိုင်ရာ တိုးတက်မှုများရှိလာမည်ဆိုပါက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် အီးယူက စဉ်းစားနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူအကြီးတန်းအရာရှိတဦးက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံများအပေါ် တင်းကျပ်ထားမှုများ လျှော့ပေးလျှင် လာမည့်လ အစည်းအဝေး၌ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ထားမှုကို ရုပ်သိမ်းရန် ဥရောပကောင်စီက မဲပေးနိုင်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အီးယူအရာရှိ ပီယာရိုဖတ်ဆီနိုက သတင်းထောက်များကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်လို အတိုက်အခံခေါင်းဆောင် အကျဉ်းကျနေမယ်ဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပြီး မျှတတဲ့ ရွေးကောက်ပွဲဥပဒေမျိုး ထုတ်ပြန်ပေးမယ်ဆိုမှသာ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲလို့ အီးယူက သတ်မှတ်မှာဖြစ်တယ်” ဟု ပီယာရိုဖတ်ဆီနိုက ပြောသည်။

ကွန်နက်ရှင်ကြောင့် ရန်ကုန်အင်တာနက်ဆိုင် အများစုပိတ်ထားရ

အင်တာနက် မြန်နှုန်းများ သုံး၍မရနိုင်သည်အထိ အလွန်နှေးကွေးနေခြင်းကြောင့် ရန်ကုန်မြို့တွင် အင်တာနက်ဆိုင် အများစု ပိတ်ထားကြောင်း မြို့ခံများက ပြောသည်။ အထူးသဖြင့် အင်တာနက်မှ နိုင်ငံခြားသို့ တယ်လီဖုန်းခေါ် ဝန်ဆောင်မှုပေးနေသည့်ဆိုင်များ လုံးဝပိတ်ထားကြကြောင်း သိရသည်။

ရန်ကုန်မြို့ (၃၉) လမ်းနှင့် မဟာဗန္ဓုလလမ်းပေါ်တွင် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူတဦးက “(၂၁) ရက်နေ့ကစ အင်တာနက်ကနေ နိုင်ငံခြားကို တယ်လီဖုန်းခေါ် ဝန်ဆောင်မှုပေးတာ လုံးဝ လုပ်လို့ မရတော့လို့ ရပ်ဆိုင်းထားပါတယ်။ အင်တာနက် သုံးဖို့ဆိုလည်း နေ့ဘက်တွေဆို လုံးဝ သုံးလို့မရပါဘူး။ ညဘက်နဲ့ မနက်အစောကြီးဆို နည်းနည်းသုံးလို့ရတယ်။ ဒါကြောင့် ဆိုင်ကို ပိတ်ထားရပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့ရှိ အင်တာနက် သုံးစွဲသူများသည် နေ့စဉ်ဆက်သွယ်မှုအတွက် အင်တာနက်ကဖေးဆိုင်များကို အသုံးပြုနေကြရပြီး အသုံးပြု၍ ရနိုင်မည့် ဆိုင်များကို တဆိုင်ဝင်တဆိုင်ထွက် မေးမြန်းစုံစမ်းနေကြကြောင်း သိရသည်။

လှိုင်တက္ကသိုလ်ဝင်းအတွင်း မြန်မာအင်ဖိုတက် အဆောက်အဦက ပုဂ္ဂလိက ကုမ္ပဏီတခုတွင် အလုပ်လုပ်နေသူ ကွန်ပျူတာ အင်တာနက် ကျွမ်းကျင်သူ အင်ဂျင်နီယာတဦးကမူ အစိုးရက နိုင်ငံတကာ ဆက်ကြောင်း ပြုပြင်ရန်အတွက် အင်တာနက် ဆက်သွယ်မှု (၅) ရက် ကွန်နက်ရှင် နှေးကွေးမည်ဟု ကြေညာထားသော်လည်း ကွန်ပျူတာ အင်တာနက် ကျွမ်းကျင်သူများက ယုံကြည်သူ မရှိသလောက် နည်းကြောင်း၊ အားလုံး ထင်မြင်ယူဆကြသည်က မကြာမီကျရောက်မည့် မတ်လ (၂၇) ရက် တပ်မတော်နေ့ မတိုင်မီ ပြည်တွင်းက သတင်းအချက်အလက်များ ပြည်ပသို့ စီးထွက်နေမှုကို ကြိုတင် တားဆီးလို၍ ဖြစ်နိုင်ကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ ယခင်က ပြဿနာတစုံတခု ဖြစ်မှသာ ယခုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေးသွားရန်နှင့် ပြတ်တောက်သွားအောင် လုပ်လေ့ရှိကြောင်း၊ ဥပမာ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းကာလ၊ နာဂစ် လေမုန်တိုင်းဘေး ရင်ဆိုင်ရစဉ် ကာလ စသဖြင့် ပြည်တွင်း၌ တစုံတခု ပြဿနာဖြစ်တိုင်း ရေအောက် ကေဘယ်လ် ပြတ်တောက်သွား၍ ပြင်ဆင်ရမည်ဆိုပြီး လိမ်လည်အကြောင်းပြခဲ့ကြောင်း၊ ယခုလည်း ကြိုတင်လက်ဦးမှုယူပြီး ကာကွယ်ခြင်းဖြစ်နိုင်ကြောင်း ရှင်းပြသည်။

နအဖစစ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာ ရတနာပုံ မြို့သစ် အိုင်စီတီ ပြပွဲ ပြုလုပ်ချိန်၌ မြန်မာပြည်နှင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း စသဖြင့် ကုန်းတွင်း ဖိုင်ဘာအော့ပ်တစ် ဆက်ကြောင်းသစ်များ သွယ်တန်းပြီးစီးပြီဖြစ်သည့်အတွက် မကြာမီ အင်တာနက်လိုင်းများကို မြန်နှုန်းမြင့်မြင့်ဖြင့် သုံးစွဲရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်ကိုယ်တိုင် တရားဝင် ကြေညာခဲ့ဖူးသည်။

မတ်လ (၂၁) ရက်မှ (၂၅) ရက်နေ့အကြား နိုင်ငံတကာ အင်တာနက် ဆက်ကြောင်းလိုင်း SEA-ME-WE3 ပြုပြင်ရန်အတွက် (၅) ရက်ခန့် အချိန်ယူရမည်ဖြစ်သည့်အတွက် အင်တာနက် အီးမေးလ် အသုံးပြုမှုများ နှေးကွေးသွားမည်ဟု မြန်မာတယ်လီပို့က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာစစ်အစိုးရသည် အင်တာနက်မှ ဖရီးအီးမေးလ်များအပါအဝင် ဝက်ဘ်ဆိုက်ပေါင်း မြောက်မြားစွာကို ပိတ်ပင်ထားသည့်အပြင် ဓာတ်ပုံ၊ ဗီဒီယို၊ သတင်းအချက်အလက်များ ရယူ၊ ပေးပို့ရာတွင် အခက်အခဲတွေ့စေရန် ကွန်နက်ရှင်ကိုလည်း အလွန်နှေးကွေးသည့် နှုန်းဖြင့်သာ အသုံးပြုခွင့်ပေးထားကြောင်း ရန်ကုန်မြို့ခံ အင်တာနက် အသုံးပြုသူများက ပြောပြကြသည်။

Tuesday, March 17, 2009

Chin Christians Condemn Crackdown On Orphanages In Rangoon

Van Biak Thang
Chinland Guardian
15 March, 2009

Chin Christians across the world condemn a series of brutal crackdowns on orphanages and child care centres in Rangoon by Burma's military junta. About 50 Chin orphanages have been shut down on 6 March, 2009, according to Khonumthung News.

Sources claimed that there are no clear reasons given in the letter issued by the military regime in regard to the closures of the orphanages and child care centres in the former capital of Burma.

"We heard that all of the orphanages in Rangoon are given a letter of order to shut down by the authorities. According to what happens now, we assume that those orphanage schools that are suspected of receiving donations and funding from abroad are mostly targeted," founder of one of the Chin orphanages, whose name can not be revealed due to security reasons, told Chinland Guardian.

"We have serious trouble finding safe places and relocating our children. We are ordered to send them back to where they had come from. Pray for us and the children. They don't have any other places to go," added the founder.

The military regime reportedly accused these Christian institutions of their involvement in helping and taking care of the children victims of Nargis Cyclone, receiving fund from foreign sources and not having official registration, according to unconfirmed sources..

Another founder of one of the orphanages said: “The local authorities with three policemen came without any warning, checked my house at 11:45pm and told everyone, even our children, to stand up from their sleep. We were told that all the children would be sent back in a week to their respective places.” The local authorities actually came and checked the house after a week, he added.

Chin pastor and activist based in the UK, Rev. Shwekey Hoipang said: “This is a carefully-planned strategy of the military regime to stop Christian growth in Burma. We can see it from looking at the recent crackdowns on churches in December 2008, Bible colleges in February, and orphanages in March 2009.”

Chin churches, communities and individuals pray for the Christian victims, calling for an end to religious persecution and oppression in Burma.

Sunday, March 15, 2009

Cartoon for Zarganar





Cartoon Maung Yit - The World is celebrating 60 year of human rights day and still Burmese are suffering 60 years of imprisonments for human rights

Saturday, March 14, 2009

ဘုန်းမော်နေ့ ၂၁ နှစ် အထိမ်းအမှတ်

ပြုံးချို ဖတ်ဖို့ ကဗျာ
နွယ်အေး
မတ် ၁၃၊ ၂၀၀၉

ဘုန်းမော်မှအစ …
အမှောင်ကျ ၂၆ နှစ် ရှစ်လေးလုံး အရေးတော်ပုံ
တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ သည်ခေတ်မှာ
သင် ဘာလုပ်မလဲ....

ခေတ်စနစ် ဗမာပြည်နောက်ခံ
တော်လှန်ကဗျာရှည်



(၁)
ရင့်ကြွေဟောင်းသည်
အဟောင်းစွန့်ပစ် ဘ၀သစ်သို့
သနစ်ပြောင်းမည် ဖူးသစ်ချီသည်
အနီထဲက ကြယ်ဖြူပွင်...
(မတ်လတော်လှန်ရေး)
ဒဂုန်တာရာ၊ တာရာမဂ္ဂဇင်း ၁၉၄၇

ကောင်းကင်မှာ
အပြာရောင်ဆေးထူ ပျစ်ချွဲ
အရိပ်မဲ့စွန်းကွက် အနောက်ရပ်ကွက်ကြို့ကုန်း
ဟုန်းခနဲ မီးတောက်ထ မြို့ပြရန်ကုန်
တုန်လှုပ်ချောက်ချား ကျောင်းသားပြက္ခဒိန်သစ်
စနစ်ကိုပြောင်း နီမောင်းသွေးဆူ
ပြည်သူအုံကြွ တပေါင်းလ ...

၈၈ မတ်လ ၁၂
မာကျူရီ မီးတွေ
ထိန်ညီး ဝေလက် ညနက် ကိုးနာရီ
စည်ကားရှုပ်ထွေး ကြို့ကုန်းဘူတာဘေးမှာ
စန္ဒာဝင်း လဘက်ရည်ဆိုင်
ထိုင်ဖူးပါသလား
ရမ်းကားမူးယစ်ခြင်းမှ အစ
အင်းစိန်လမ်းမ စစ်မြေပြင်
မော်တော်ယာဉ် မီးသတ် မ၀င်ရ
ဒေါသအမျက် စက်မှုကျောင်းသား
တားဆီးပိတ်ဆို့ ကြို့ကုန်းအနောက် သ/မ
ပြာကျမီးလောင် ရန်စောင်မီးပွား
ကျောင်းသားနဲ့ လူထု လူစုကွဲရန်
ရီမင်တန် တလုံးပြူး
ကျည်စူးအားပြင်း
ဖောက်ထွင်း မီးကျည်
မျက်ရည်ယိုဗုံးတွေ
ဖုန်းမော် ... စိုးနိုင်
သွေးအိုင်ထဲမှာ လဲခဲ့ပြီ …

RIT ကျောင်းသားဖုန်းမော်
မတ်လတော်လှန်ရေး သွေးမော်ကွန်းသစ်
တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချပစ်ရန်
တော်လှန်အုံကြွ မဟာဗန္ဓုလပန်းခြံကိုသိမ်း
စိမ်းရောင်ထဲက ကြယ်နီပွင့်....

၈၈ မတ်လ ၁၅
စက်မှု တက္ကသိုလ်ည
ဈာပနသတင်း မုန်တိုင်းပြင်းမွှေ
ကျောင်းသားတွေဆန္ဒ ပင်မ တက္ကသိုယ်
အရေးဆို ချီတက်ပွဲ လူစုခွဲပြန်
အင်းလျားကန် တံတားဖြူ
ကျောင်းသူ ကျောင်းသားသွေး
နီစွေး စွတ်စို
ခွပ်ဒေါင်းပျို အောင်လံတလွင့်လွင့်

စုံစမ်းရေးကော်မရှင်
အစီရင်ခံစာ လေ့လာဆုံးဖြတ်
သုံးသပ်မှုမပြုနိုင် ...

အင်းစိန်ထောင်သို့
အချုပ်သားပို့ယာဉ် ငါးပိ ငါးချဉ်သိပ်
မွန်းပိတ်အသက်ရှုရပ် လူချင်းထပ်လျက်
မျက်ရည်ယိုဗုံးသင့် ရင်နင့်စရာ
အမိန့်ကြော်ငြာ ၉၇/၈၈.... ၉၈/၈၈
ထုတ်ပယ်ပစ်ရုံမှ ဘာမှမဆိုင်....

၈၈၊ မေလ၊ ၉
နူးညံ့ချိုစိမ့်
အိုကေ အောင်ကြီးကိတ်မဟုတ်
ကိုင်း အခုတော့
ကောင်းကြသေးရဲ့လား
အင်းလျားကန်ဘောင်ပြဿနာ
စိမ်းချောင်း မြေနီကုန်း
ရတနာပုံရုပ်ရှင်ရုံရှေ့
ကျနော်တို့
နှစ်ဦးအတွက်သာဖြစ်သည် ...
လူ့အခွင့်အရေး
အပြည့်အ၀ ရရှိရေးကိစ္စ …

၈.၆.၈၈
၂၂.၆.၈၈
၉.၇.၈၈
၁၉.၇.၈၈ နေ့စွဲဖြင့် ဖြန့်ဝေသောစာများ

Friday, March 13, 2009

၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂ လေ့လာခွင့်ရ

ဇာနည်ဝင်း | လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကုလသမဂ္ဂ အရာရှိများကို လေ့လာခွင့် ပြုမည်ဟု မြန်မာ စစ်အစိုးရက ပြောကြားကြောင်း ယမန်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ (ဓာတ်ပုံ - ရိုက်တာ)
ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ အပါအ၀င် အရာရှိများ၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှ လေ့လာ သူများကို ရွေးကောက်ပွဲတွင် လေ့လာခွင့် ပေးမည်ဟု မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝကို ပြောဆိုခဲ့ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဆူပါချိုင် ဂျိုင်ဆမတ် က ပြောသည်ဟု သိရသည်။

စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံ နှင့်ပတ်သက်သောအချိန်ဇယား၊ ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့သော အခြေခံဥပဒေနှင့်ပတ်သက်သည့် ဖြစ်ထွန်း တိုးတက်မှုများကိုလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ရှင်းပြခဲ့သည်ဟု မစ္စတာ ဆူပါချိုင်က ပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယမန်နေ့က ပြီးဆုံးသွားခဲ့သော အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလတွင် ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဘန်ကောက်မြို့ အခြေစိုက် စင်ပြိုင်အာဆီယံ အဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ် ကမူ ရွေးကောက်ပွဲကို စောင့်ကြည့်ရေးထက် အခြားအရေးကြီးသည့် အရာများ ရှိသည်ဟု သုံးသပ်ပြသည်။

“ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ မပြောခင် အခြေခံဥပဒေကို ပြန်သုံးသပ်ရမယ်၊ အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြောဆိုခွင့်တွေ ရှိရမယ်၊ အဲဒါတွေ မရှိဘူးဆိုရင် ရွေးကောက်ပွဲကို ကျင်းပ နေစရာတောင် မလိုဘူး” ဟု မစ္စ ဒက်ဘီက ဧရာဝတီသို့ ပြောပြသည်။

မြန်မာအတိုက် အခံအများစုကမူ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာခြင်းမရှိသေးပေ။ သို့သော်လည်း အကြပ်အတည်းဖြစ်နေသော မြန်မာ့နိုင်ငံရေး ပြေလည်စေရန် ၀င်ရောက် ကူညီနေသည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက ရွေးကောက်ပွဲဝင်သည့် နည်းလမ်းကို အထူးပြု ပြောကြားလျက်ရှိသည်။

မစ္စတာဂန်ဘာရီ နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ ပြီးခဲ့သည့် လဆန်းပိုင်းက ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် အဆိုပါ ရွေးကောက်ပွဲ လာမည့်နှစ်တွင် ဖြစ်မြောက်ရေးအတွက် စစ်အစိုးရကို တွန်းအား ပေးမည်ဟု ဖော်ပြထားသည်။

အဓိက အတိုက်အခံအဖွဲ့ကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုပါ ကြေညာချက်ကို ကန့်ကွက်ခဲ့သည်။

“အထွေထွေ ညီလာခံက အစဉ်အဆက် ချထားခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရေး ဆိုတာနဲ့ မကိုက်ညီဘူး” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

စစ်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မည်၊ ရွေးကောက်ပွဲပြီးလျှင် စစ်တပ်က စစ်တန်းလျားပြန်မည်ဟု ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် ကြေညာထားသည့်အတိုင်း ရွေးကောက်ပွဲကို နိုင်ငံအနှံ့ ပြုလုပ်ပေးခဲ့သည်။ ရွေးကောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာလွှဲအပ်ခြင်း မပြုခဲ့ပေ။ ရွေးကောက်ခံရသူ အများအပြားကို နောက်ပိုင်းတွင် ထိန်းသိမ်း အကျဉ်းချခဲ့သည်။ သေဆုံးသွားသော ကိုယ်စားလှယ်များ၊ ပြည်ပသို့ တိမ်းရှောင်ရသော ကိုယ်စားလှယ်များလည်း ရှိသည်။

ရွေးကောက်ပွဲအပြီး ၃ နှစ်အကြာတွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရန် အမျိုးသား ညီလာခံကြီး တခုကို စစ်အစိုးကရ ကမကထပြု ခေါ်ယူခဲ့သည်။ ညီလာခံတွင် ရွေးကောက်ခံရသည့် ပြည်သူ့ကိုယ်စားလှယ် အချို့ နှင့် စစ်အစိုးရစိတ်ကြိုက် ရွေးချယ်ထားသည့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည်။

ညီလာခံသည် ၁၄ နှစ်အကြာတွင် ပြီးဆုံးသွားသည်။ အခြေခံ ဥပဒေတခုလည်း ပေါ်ပေါက်လာသည်။ အဆိုပါ ဥပဒေအရ ရွေးကောက်ပွဲမ၀င်ဘဲ ပြည်သူ့ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် လေးပုံတပုံ ပါဝင်ခွင့် ရှိမည်ဖြစ်သည်။ တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်ခွင့်ကိုလည်း ထည့်သွင်း ပြဌာန်းထားသည်။

စစ်အစိုးရက အဆိုပါ အခြေခံဥပဒေ အတည်ပြုရေး အတွက် ပြီးခဲ့သည့်နှစ်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ပြုလုပ်ခဲ့ရာ ထောက်ခံမဲ ၉၂ ဒဿမ ၄ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ဆိုသည်။

အာဏာပိုင်တို့က အဆိုပါ အခြေခံဥပဒေအရ လာမည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားသည်။

ပြီးခဲ့သည့်နှစ် မတ်လက ပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲ ပြုလုပ် ပြီးစီးသည့် အခါ အရပ်သား အစိုးရထံ အာဏာ အပ်နှင်းမည်ဟု ပြောကြားခဲ့သည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=777:2009-03-02-10-58-46&catid=1:news&Itemid=2

၁၉ နှစ်ကြာ ထောင်ကျခဲ့သူ ဦးဝင်းတင် အကျဉ်းထောင်ပြင်ပမှာ ၇၉ နှစ်ပြည့်



မိုးမခ အထောက်တော် (ရန်ကုန်)

မတ် ၁၂၊ ၂၀၀၉

မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်၊ အင်န်အယ်ဒီပါတီ၏ ဦးဆောင်သူတဦးဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ၇၉ နှစ်ပြည့်မွေးနေ့ကို ဒီတနှစ်တွင် ဦးဦးဖြားဖြား အကျဉ်းထောင်ပြင်ပမှာ ကျင်းပဖြစ်ခဲ့သည်ဟု သိရသည်။

လွန်ခဲ့သည် ၁၉ နှစ် နီးပါး အင်းစိန်အကျဉ်းထောင်တွင်းမှာ စစ်အစိုးရ၏ မတရားဖမ်းဆီးထောင်ချခြင်း ခံထားရသူ၏ ပထမဦးဆုံး ထောင်ပြင်ပမွေးနေ့ မိတ်ဆုံပွဲကို ကြည့်မြင်တိုင်ရှိ စားသောက်ဆိုင်လေးတခုမှာ သူ့၏ရင်းနှီးသော စာနယ်ဇင်းမိတ်ဆွေ ၃၀ ခန့်နှင့် ပြုလုပ်ခဲ့သည်။

မွေးနေ့ရှင်က အမှတ်တရ စကားပြောကြားခြင်း မရှိပေ။ ရေဒီယိုတွေထဲမှာ သူပြောချင်တာတွေ ပြောလိုက်ပြီးပြီဟု ဆိုလိုက်ပြီး မိတ်ဆွေများနှင့် မမောနိုင် မပမ်းနိုင် ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုနေခဲ့ကြသည်ကို တွေ့ရသည်။ ညနေ ၄ နာရီခွဲက ဆုံကြပြီး ည ၇ နာရီ ခွဲတွင် လူစုခွဲကြကြောင်း၊ စစ်အစိုးရ၏ ထောက်လှမ်းရေးများက အနီးကပ်စောင့်ကြည့်နေကြောင်း မိတ်ဆွေတဦးက ပြောကြားသည်။

Thursday, March 12, 2009

ဗိုလ်ချုပ်မှူးကြီး သန်းရွှေမြန်မာမဟုတ်


ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ထောင်ဒဏ်ချမှတ်

Wednesday, 11 March 2009 19:19 ဖြိုးကြီး
ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် ကိုမင်းသိန်းထွန်း (ခ) ကိုသီဟကို ယနေ့ နေ့လည်ပိုင်းတွင် ထောင်ဒဏ် (၁၇) နှစ် ချမှတ်လိုက်သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ပုဒ်မ (၁၃/၁)၊ (၁၇/၁)၊ (၃၃/က) တို့ဖြင့် အင်းစိန်ထောင်တွင်း၌ပင် ယခုကဲ့သို့ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်း၏ဖခင်ဖြစ်သူက ပြောသည်။

“သူ့ကို အမိန့်ချတာ အပြည့်အစုံကတော့ မနက်ဖြန် တရားရုံးမိတ္တူသွားယူမှပဲ သိရမယ်၊ အခုသိရတာတောင် အဝမှာစောင့်နေပြီး သွားမေးမှသိရတာ၊ အထဲကို ဝင်ခွင့်မရဘူး၊ ထောင် (၁၇) နှစ်ချလိုက်တယ်ဆိုတာပဲ သိရတယ်၊ ထောင်ပြောင်းမယ်လို့ ထင်တယ်” ဟု ပြောသည်။

ကိုမင်းသိန်းထွန်းသည် ၂၀၀၅ ခုနှစ်တွင် မလေးရှားသို့အလုပ်လုပ်ရန် တရားဝင် ထွက်သွားပြီးနောက် မိဘများနှင့် အဆက်အသွယ်မရှိတော့ဘဲ ပြီးခဲ့သည့်နှစ် (၇) ပိုင်း (၁၁) ရက်နေ့တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် အာဏာပိုင်များက အောင်သပြေ စစ်ကြောရေးစခန်းတွင် ရောက်ရှိနေကြောင်း လာရောက်ပြောဆိုမှ သိရပြီး ယခုကဲ့သို့ ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

“ကျနော်က ၂၀၀၅ မှာ မလေးရှားကို လွှတ်လိုက်တာ၊ မလေးမှာ အဆင်မပြေတော့ဘူးဆိုပြီး စာအုပ်တွေ အဝတ်အိတ်တွေကို လူကြုံနဲ့ ပြန်ပို့လိုက်တယ်၊ အဲနောက်တော့ အဆက်အသွယ်ပြတ်သွားတယ်၊ အဲလိုနဲ့ သုံးနှစ်ပြည့်တော့မှ အာဏာပိုင်တွေ ရောက်လာပြီး ဒီကလေးဘယ်သွားလဲဆိုပြီး လာမေးတယ်၊ အဲဒါနဲ့ ကျနော်လဲ တရားဝင်သွားတာဆိုတော့ ပတ်စ်ပို့မိတ္တူတွေ ထုတ်ပြလိုက်တာပေါ့၊ သူတို့က မြဝတီကအဝင်မှာ တိုင်တဲ့သူရှိလို့ ဖမ်းထားလိုက်တာလို့ ပြောတယ်” ဟု ပြောသည်။

ကိုမင်းသိန်းထွန်းသည် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက် အချက်အလက်များကို သီဟအမည်ဖြင့် ဘလော့ပေါ်တွင် သတင်းအချက်အလက်များ တင်ထားကြောင်းနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဖခင်ဖြစ်သူက ပြောသည်။

ကိုမင်းသိန်းထွန်း (ခ) ကိုသီဟသည် ဒဂုံတက္ကသိုလ်မှ ဇူးလ်မေဂျာဖြင့် ဘွဲ့ရခဲ့ပြီး ရေလုပ်ငန်းဦးစီးဌာနတွင် ၂ နှစ်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် မိဘမဲ့ကလေးများကို အခမဲ့ စာသင်ပေးခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် ဖခင်ဖြစ်သူကိုယ်တိုင်က ကွန်ပြူတာနှင့် အင်္ဂလိပ်စာအခြေခံများကို သင်တန်းများတတ်ခိုင်း၍ မလေးရှားသို့ တရားဝင် အလုပ်လုပ်ရန် ပို့ပေးခဲ့သည်။

ယခုကဲ့သို့ အာဏာပိုင်များက ကိုမင်းသိန်းထွန်းအား ထောင်ဒဏ်များချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ ဖခင်ဖြစ်သူက “ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ နဂိုကတည်းက ပညာတတ်ဖို့ အဓိက၊ အိုင်တီပညာဆိုတာ လူတိုင်းဟာ တချိန်မှာ လူမှုရေးကို လုပ်ရမယ်၊ အဲဒါကိုတတ်လို့ နာဂစ်မှာ လုပ်တာမှန်ရင် လွတ်လပ်စွာ ပညာသင်ခွင့်ကို ပိတ်ပင်တယ်လို့ပဲ ထင်တယ်၊ ပြန်လည်အသုံးချခွင့် မရှိဘူးဆိုရင် နစ်နာတယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

ယခုလက်ရှိ ကိုမင်းသိန်းထွန်း၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိပြီး ဖမ်းဆီးခံရသည့်အချိန်မှစ၍ ထောင်ဝင်စာ တပတ်တကြိမ် ပုံမှန်တွေ့ခွင့်ရကာ ၎င်းအနေဖြင့် ထောင်တွင်း၌ဖတ်ရန် စာအုပ်များသာမှာကြားကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။

Wednesday, March 11, 2009

ကြံ့ခိုင်ရေးအသင်းက လူထုစည်းရုံးမှုပုံစံများပြုလုပ်လာ

ဝင်းမြတ်

မတ် ၁၀၊ ၂၀၀၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက လူထုအား စည်းရုံးသည့် အနေဖြင့် ၁၀ တန်းကျောင်းသားများအား စာသင်ဝိုင်းများ ဖွင့်ပေးခြင်း နှင့် ဆင်ခြေဖုံးရပ်ကွက်များတွင် အသေးစား ငွေချေးမှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

ရပ်ကွက်အတွင်း ၁၀ တန်းကျောင်းသားများအတွက် ကျူရှင်ဝိုင်းများဖွင့်ပေးပြီး စာရင်းကောက်ယူထားသည်ဟု သိရသည်။ စာမေးပွဲ အလွယ်တကူ ဖြေနိုင်စေရန် ခန့်မှန်းမေးခွန်း (စပေါ့) များလည်း ပေးသည်ဟု မရန်ကုန်းမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ကလေးတွေကို စာသင်ဖို့လာခေါ်တယ်။ ပြီးတော့ စာရင်းယူထားတယ်။ ကလေးတွေအကုန်လုံးက သူတို့အသင်းဝင်တွေပဲလေ။ ကျောင်းတွေမှာ မ၀င်မနေရ လုပ်ထားကြရတာ” ဟု ၄င်းကပြောသည်။

ရပ်ကွက်တွင်းနေထိုင်သူအမျိုးသမီးများကိုလည်း ငွေအရင်းအနှီး ရရန် ဟု ဆိုကာ ငွေကျပ် သောင်းဂဏန်း ၀န်းကျင် ချေးပေးသည်ဟု သိရသည်။

ကြံ့ခိုင်ရေးအသင်းက ၂၀၁၀ ရွေးကောက်ပွဲတွင် ၄င်းတို့ဘက်သို့ လူထုပါလာအောင် စည်းရုံးခြင်းများ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေး သတင်းစာစောင်များ ထုတ်ဝေနေသော အယ်ဒီတာတစ်ဦးက ထင်မြင်ချက်ပေးပါသည်။

“ဒီအချိန်မှာ လူထုက ပါးရည်နပ်ရည်ရှိဖို့လိုတယ်။ သူတို့ပေးတာတွေကို အကျိုးရှိအောင် ရသမျှအကုန် ယူထားလိုက်။ တကယ်တမ်း မဲပေးရပြီဆိုရင်တော့ ကိုယ်တကယ် ရင်ထဲက သဘောကျတဲ့ ကြိုက်တဲ့အဖွဲ့ကို မဲပေးလိုက်ပေါ့” ဟု ၄င်းအယ်ဒီတာက အကြံပြု ပြောဆိုသည်။

ကြံ့ခိုင်ရေးအသင်းက ၂၀၁၀ တွင် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ တစ်ခု အနေဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည် ၊ မပြိုင်မည်ကို တိတိကျကျ ပြောဆိုခြင်း မရှိသေးပေ။

Tuesday, March 10, 2009

ကုလ ဒုက္ခသည်များ မဟာမင်းကြီး မြန်မာနိုင်ငံ ရောက်ရှိ




ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ်။
အောက်တိုဘာ ၁၀၊ ၂၀၀၈။
VOA | လှေစီးပြေး ရိုဟင်ဂျာအရေးကိစ္စ အပါအ၀င် လူသားချင်း စာနာ ထောက်ထားမှုနဲ့ ပေးအပ်ကူညီနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးပြောဆိုဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး မြန်မာနိုင်ငံကို ရောက်နေပါတယ်။ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်လို့ ကျယ်ကျယ် လောင်လောင် သတင်းတွေ ထွက်ပေါ်နေချိန် ဒေသတွင်း နိုင်ငံတွေကို လှည့်လည်သွားလာပြီး သက်ဆိုင်ရာ အစိုးရတွေနဲ့ ဆွေးနွေးပြောဆိုနေတဲ့ မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) ရဲ့ လတ်တလော မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယို ဂူတာရပ်စ် (Antonio Guterres) ရဲ့ ခရီးစဉ် ရည်ရွယ်ချက် ကတော့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ အကူအညီ အထောက်အပံ့တွေ ပေးအပ်နေတဲ့ ကိစ္စတွေ၊ နောက် ပင်လယ်ပြင်မှာ လှေစီးပြီး ထွက်ပြေးနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာတွေကို မြန်မာ စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးကြဖို့ပါ။

မြန်မာနိုင်ငံမသွားခင် ထိုင်းနိုင်ငံမှာ သတင်းထောက်တွေနဲ့ တွေ့တုန်းကဆိုရင်လည်း သူ့ခရီးစဉ် အတွင်း တနေရာကနေ တနေရာ ပြောင်းရွှေ့ သွားလာ နေထိုင်နေတာတွေကို အားမပေးတဲ့ အခြေအနေမျိုးတွေ ဖြစ်မလာအောင်လို့ သာယာတဲ့ ဘ၀အခြေအနေတွေ ရရှိလာအောင် လူသားချင်း စာနာကူညီနိုင်မယ့် အခြေအနေတွေကို ချဲ့ထွင်သွားလိုတယ် ဆိုပြီးတော့လည်း ဆိုထားတာပါ။

မဟာမင်းကြီးရဲ့ မြန်မာပြည်ခရီးစဉ် အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ လူသားချင်းစာနာမှု အကူအညီ ပေးရေး ညှိနှိုင်းဆောင်ရွက်မှုရုံးက ပြန်ကြားရေးအရာရှိ မစ္စ အက်စထရစ် ဆားလ် (Ms. Astrid Sehl) ပြောပြတာကတော့ …

“မဟာမင်းကြီးက ဒီကနေ့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ပါတယ်။ လတ်တလောမှာတော့ ဒီထက် ထူးထူးခြားခြား ပြောနိုင်တာမျိုးတော့ မရှိသေးပါဘူး”

စနေနေ့ကပဲ မြန်မာနိုင်ငံကို ၆ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်နေတဲ့ မဟာမင်းကြီးရဲ့ ခရီးစဉ်အတွင်း မှာတော့ ဒီလို အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေအပြင် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အရှေ့ တောင်ဘက်ပိုင်း မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံး (UNHCR) ရဲ့ လုပ်ငန်းတွေကို သွားရောက် ကြည့်ရှုဖို့ အစီအစဉ်တွေလည်း ရှိတယ်လို့ ကုလသမဂ္ဂရုံး တာဝန်ရှိသူ အမျိုးသမီးက ပြောပါတယ်။

အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အသေးစိတ် မသိရသေးပေမယ့် အခုခရီးစဉ် အတွင်း သတင်းတွေ ဟိုးလေးတကျော်ဖြစ်နေပြီး ဒေသတွင်းကိုပါ ရိုက်ခတ်နေတဲ့ ရိုဟင်ဂျာ အရေးကိစ္စလည်း ပါဝင်ဆွေးနွေးစရာ ရှိပါတယ်။

မဟာမင်းကြီးက သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ် မသွားခင်မှာတုန်းကလည်းပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီယိုမြာ (Kasit Piromya) နဲ့ တွေ့ဆုံပြီးတော့ ရိုဟင်ဂျာပြဿနာကို ဆွေးနွေးခဲ့တာပါ။

မကြာသေးခင် လတွေကစလို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်ကနေ ပင်လယ်ကို လှေနဲ့ဖြတ်ပြီး ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား စတဲ့နိုင်ငံတွေကို ရောက်လာလို့ ဒီကိစ္စကို ဒေသတွင်း ပြဿနာတခုအဖြစ် ကိုင်တွယ်ဖြေရှင်းဖို့ မကြာသေးခင်ကပဲ ကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ရဲ့ ထိပ်သီး ဆွေးနွေး ပွဲမှာပါ ထည့်သွင်းပြောဆိုခဲ့ကြရတာပါ။

အဲဒီတုန်းကတော့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒီအထဲက တချို့ဟာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်ထဲမှာ နေကြတဲ့ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ကြတယ်၊ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် ပြန်လက်ခံမယ်ဆိုပြီး ပြောခဲ့တာပါ။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအတွက် ဘယ်သူက ရိုဟင်ဂျာဖြစ်တယ်၊ ဘယ်သူက ဘင်္ဂါလီလူမျိုးဖြစ်တယ် ဆိုတာကို ခွဲခြားရာမှာ အထောက်အကူဖြစ်စေမယ့် လက်စွဲစာအုပ်တအုပ်ကို မကြာခင် ထုတ်ဝေသွားမယ် ဆိုပြီးတော့လည်း ပြောဆိုခဲ့သလို ဒီလို ခွဲခြားသတ်မှတ်နိုင်ဖို့အတွက်ကိုလည်း UNHCR က ထိုင်းအစိုးရကို အကူအညီပေးသွားဖို့ နိုင်ငံခြားရေးဝန်ကြီးက တောင်းခံထားပါတယ်။



source by : http://www.voanews.com/burmese/2009-03-09-voa5.cfm

အာဏာပိုင်များ လာဘ်စားပြီး အကျဉ်းသားတဦးကို နာမည်ပြောင်းလွှတ်ပေး

ကြံ့ဖွံ့အာဏာပိုင်နှင့် ထောင်မှူးတို့ ပူးပေါင်း၍ လောင်းကစားမှုဖြင့် ထောင်ကျနေသူကို နာမည်ပြောင်းပြီး ပြန်လွှတ်ပေးလိုက်သည့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မည့်သူမှာ ထောင်ထဲတွင် ဆက်လက် အကျဉ်းကျခံနေရသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှ ကိုကျော်နိုင်အား လောင်းကစားမှုဖြင့် ထောင်တနှစ်ချမှတ်၍ မြောင်းမြထောင်သို့ ပို့ထားစဉ် ၎င်း၏ယောက်ဖဖြစ်သူ ကြံ့ဖွံ့အဖွဲ့ဝင် ဇော်မင်းက မြောင်းမြထောင်မှူးအား ငွေပေး၍ ယခုကဲ့သို့ ပြန်လွတ်လာခြင်းဖြစ်သည်။

“ကိုကျော်နိုင်က အိမ်နံပါတ် (၂၄)၊ (၇) ရပ်ကွက် (၁၃) လမ်းမှာနေတာ၊ သူနဲ့ သူ့မိန်းမ ဆွေဆွေတင့်တို့ကို နှစ်လုံး၊ သုံးလုံးရောင်းတဲ့ ဘောင်ချာတွေ၊ သက်သေခံပစ္စည်းအကုန်နဲ့ မနှစ်က (၅) လပိုင်းလောက်မှာ ဖမ်းမိတာ၊ ဒါပေမဲ့ သူတို့ကို အာမခံနဲ့ ထားပြီး၊ ဒီနှစ် (၁) လပိုင်းကျမှ ထောင်တနှစ်ချလိုက်တာ၊ အဲဒါ တလပဲ ထောင်ထဲမှာနေပြီး (၂၄) ရက်နေ့ (၂) လပိုင်းမှာ ပြန်လွတ်လာတာ” ဟု မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့်လအတွင်းက အကျဉ်းသား ၆၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် ပါဝင်သည့် မြောင်းမြထောင်မှ အကျဉ်းသားတဦးနာမည်နှင့် ပြောင်း၍ ၎င်းအား လွှတ်လိုက်ခြင်းဖြစ်ပြီး ထိုသို့လွှတ်ပေးရန် ထောင်မှူးအား ငွေ (၁၀) သိန်းပေးခဲ့ရသည်ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

“သူတို့ကို ဖမ်းပြီးကတည်းက ရှေ့နေ ဦးအုန်းရှိန်က အာမခံလိုက်လုပ်ပေးပြီး ထားတာ၊ တခြားသူတွေကို အာမခံမပေးဘူး၊ အဓိကက ကိုကျော်နိုင်ရဲ့ ယောက်ဖက မြို့နယ်ကြံ့ဖွံ့ကဆိုတော့ အဲဒီဝိတ်နဲ့ ငွေပေးပြီး လိုက်လုပ်တာ၊ အခုလို သူကပြန်လွတ်လာတော့ တကယ်တမ်းလွတ်ရမဲ့ အကျဉ်းသားက အခုထိ ထောင်ထဲမှာ ဆက်နေနေရတယ်” ဟု ပြောသည်။

ထို့အပြင် မော်လမြိုင်ကျွန်းမြိ့နယ် (မယက)ဥက္ကဋ္ဌက ကျပ်သုံးသိန်း လာဘ်ငွေယူပြီး ဆီရောင်းဝယ်ရေးဆိုင် မီးလောင်မှုကို တစုံတရာ အရေးယူခြင်းမရှိကြောင်း မြို့ခံတဦးက ပြောသည်။

“ပြီးခဲ့တဲ့လ (၂၂) ရက်နေ့က ဒို့ခေတ် လောင်စာဆီရောင်းဝယ်ရေးဆိုင် မီးလောင်တာ၊ အဲလိုဖြစ်တော့ ဆိုင်ရှင် ကိုဝင်းနိုင်၊ မထားထားလွင်တို့က (မယက)ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်ကို ငွေပေးလိုက်တာ အမှုလဲမဖြစ်တော့ဘူး၊ သူတို့ဆိုင်က မြို့လယ်ခေါင်မှာဆိုတော့ ဘေးနားအိမ်တွေက အကုန်ထိတ်လန့်နေရတယ်၊ ဒါပေမဲ့ သူတို့ကတော့ အခုထိ ရောင်းနေတုန်းပဲ” ဟု ပြောသည်။

Monday, March 9, 2009

ငွေကြေးကောက်ခံနေခြင်းကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသားမိဘများ စိတ်ညစ်နေရ

Friday, 06 March 2009 17:11 ဖြိုးကြီး

နာဂစ်မုန်းတိုင်းဒဏ်သင့် ဒေသမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူများထံမှ ပညာရေးဌာနနှင့် အာဏာပိုင်အဆင့်ဆင့်က အကြောင်းအမျိုးမျိုးပြပြီး ငွေကြေးကောက်ခံနေမှုများ ရှိနေသည့်အတွက် ကျောင်းသားမိဘများ စိတ်ညစ်နေရသည်။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုရန်အတွက် ဖောင်ထုတ်ယူရာတွင် သက်ဆိုင်ရာ ပညာရေးဌာနက ငွေးကြေးတောင်းခံမှုများရှိနေပြီး မှတ်ပုံတင်မရှိသူများမှာ ရဲစခန်းထောက်ခံစာအတွက် ငွေကြေးပေးဆောင်နေရသည်။

“အခုဟာက စာမေးပွဲဖြေဖို့ ဖောင်ထုတ်တော့ ၁၂၀၀ ပေးရတယ်၊ မှတ်ပုံတင်မရှိရင် ရဲစခန်းမှာ ထောက်ခံစာသွားလုပ်တော့ ရဲစခန်းကို ၁၀၀၀၊ ရပ်ကွက် ရယကကို ၅၀၀၊ အဲလိုတွေပေးနေရတယ်၊ နောက်ထပ် စာမေးပွဲဖြေဖို့ ကဒ်ပြားထုတ်တော့ ၁၂၀၀ ထပ်ပေးနေရတယ်” ဟု ကျောင်းသာမိဘတဦးက ပြောသည်။

ထိုကဲ့သို့ ငွေးကြေးကောက်ခံနေမှုများကြောင့် နယ်မှ စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအနေဖြင့် အကြပ်အတည်းများ ကြုံတွေ့နေရပြီး ကျောင်းသားအများစုသည် မှတ်ပုံတင်မရှိသူများဖြစ်သည်ဟု အဆိုပါကျောင်းသားမိဘက ဆက်ပြောသည်။

“နယ်က ကျောင်းသားတွေက မှတ်ပုံတင်မရှိတာများတယ်၊ အဲဒီတော့ အကုန်လုံးကို ပိုက်ဆံပေးနေရတာ၊ သူတို့မိတွေကလဲ စားဝတ်နေရေးက မပြေလည်ဘူး၊ မုန်တိုင်းဖြစ်ပြီးတဲ့နောက်ပိုင်း အလုပ်အကိုင်တွေကလဲ အကုန်ရှားပါနေတာ၊ စာမေးပွဲဖြေဖို့ လိုအပ်တဲ့ အခြားအသုံးအဆောင်တွေလဲ ဝယ်ရဆိုတော့ တော်တော်ကို ဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။

ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားကျောင်းသူပေါင်း ၂၀၀၀ ကျော်ရှိပြီး ယခုလ (၁၁) ရက်နေ့မှစတင်ကာ ဖြေဆိုရမည်ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပညာရေးနှင့်ပတ်သက်သည့် အဆောက်အဦများကို ယနေ့ထိ ပြန်လည် ပြုပြင်ခြင်းမရှိသည့်အတွက်လည်း စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအနေဖြင့် နေရာထိုင်ခင်းအခက်ခဲတွေလဲ ရှိနေကြောင်း ကျောင်းသားမိဘများက ဆက်လက်ပြောသည်။

Tuesday, March 3, 2009

နိုင်ငံရေးအကျဉ်းသား ပြန်လွတ်လာသည့်အရေအတွက်မှာ (၀.၄) ရာနှုန်းသာရှိသည်ဟု AAPP ပြောဆို

ယခုလ (၂၁) ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း တနိုင်ငံလုံးရှိ နိုင်ငံရေးအကျဉ်းသားအရေအတွက်၏ (၀.၄) ရာနှုန်းသာရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က ယမန်နေ့က ပြောဆိုလိုက်သည်။

စစ်အစိုးရအနေဖြင့် ယခုလ (၂၁) ရက်နေ့တွင် အကျဉ်းသား ၆၃၁၃ ဦးကို ပြန်လည်လွှတ်ပေးခဲ့ရာ အတည်ပြုချက်အရ နိုင်ငံရေးအကျဉ်းသား ၂၄ ဦးရှိကြောင်း ယမန်နေ့ထုတ် AAPP ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကျဉ်းသားအချို့ ပြန်လွတ်လာခြင်းနှင့်ပတ်သက်၍ AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က "ဒီ မဆိုစလောက်အရေအတွက်ကို လွှတ်ပေးလိုက်တာဟာ နိုင်ငံရေးအရ တိုးတက်လာမယ်လို့ မျှော်လင့်လို့မရပါဘူး၊ နိုင်ငံတကာဖိအားတွေ လျှော့နည်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပြတဲ့ ပြကွက်တခုပါ” ဟု ပြောသည်။

ယခုပြန်လည်လွတ်မြောက်လာသူများတွင် NLD ပါတီမှ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူ ဒေါက်တာဇော်မြင့်မောင်၊ ၂၀၀၃ ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် သံဃာ ၉ ပါး၊ ဗလီဆရာတဦး၊ အလုပ်သမားအခွင့်အရေးအတွက် ရန်ကုန်အခြေစိုက် ILO ရုံးသို့ တိုင်ကြားသည့်အတွက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရသူ ဦးသက်ဝေ၊ ၁၉၉၉ ခုနှစ်က (ကိုးလေးလုံး)လှုပ်ရှားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသူများ ပါဝင်သည်။

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အပြီး လုံခြုံရေးကောင်စီသို့ ပြန်လည်အစီရင်ခံပြီးနောက် သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် မစ္စတာဂန်ဘာရီက “နိုင်ငံတကာရဲ့ စိုးရိမ်းမကင်းမှုတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်ရန် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်စတင်ရန် အချိန်တန်ပြီဟု စစ်အစိုးရကို သူတိုက်တွန်းခဲ့ကြောင်း” ပြောဆိုခဲ့သည်။

ကုလကိုယ်စားလှယ် မြန်မာပြည်ရောက်ရှိစဉ် ယခုလ (၂) ရက်နေ့ကလည်း စိန်းလဲ့ကန်သာဟော်တယ်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဗဟိုအလုပ်အမှုဆောင်များနှင့် ၁ နာရီ ၁၅ မိနစ်အကြာ တွေ့ဆုံဆွေးနွေးပြီး နောက်တနေ့ NLD ၏ အထူးထုတ်ပြန်ချက်တွင် တောင်းဆိုချက် (၄) ချက်မှ ပထမဦးစားပေးအချက်အဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွှတ်ပေးရန် မစ္စတာဂန်ဘာရီအား ပြန်လည်ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

“တကယ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသားများအပါအဝင် နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှသာ ဒီမိုကရေစီတိုးတက်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအလားအလာကို တွေ့ရမှာဖြစ်တယ်” ဟု ကိုတိတ်နိုင်က ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့စာရင်းအရ မြန်မာနိုင်ငံတွင် အကျဉ်းချခံထားရသူ နိုင်ငံရေးအကျဉ်းသား ၂၁၃၇ ဦး ရှိကြောင်း AAPP က ဖော်ပြထားသည်။

Monday, March 2, 2009

အာဆီယံအစည်းအဝေးမှ ဗိုလ်ချုပ်ကြီးများက မြန်မာ အမျိုးသမီးတဦးကို ၀င်ခွင့်မပြု

မိုးမခအထောက်တော် အမှတ် ၃
မတ် ၁၊ ၂၀၀၉




မခင်ဥမ္မာ [photo:womenpeacesecurity.org]
မြန်မာစစ်ခေါင်းဆောင်များ၏ အကြပ်ကိုင်မှုကြောင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က လူ့အခွင့်အရေး လှုပ်ရှားသူ မြန်မာပြည်သား မခင်ဥမ္မာကို လက်ရှိပြုလုပ်နေသော အာဆီယံဆွေးနွေးပွဲ တက်ရောက်ခြင်း မပြုနိုင်ရန် ယမန်နေ့က တားမြစ်လိုက်သည်။

မခင်ဥမ္မာအား ပါဝင် တက်ရောက်ခွင့် ပြုပါက ၎င်းတို့အနေဖြင့် ဆွေးနွေးပွဲမှ ထွက်ခွာရမည်ဖြစ်ကြောင်း မြန်မာစစ်ခေါင်းဆောင်များက ခြိမ်းခြောက်ခဲ့ကြသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ချအမ်းမြို့တွင် အာဆီယံ ၁၀ နိုင်ငံ အစိုးရ ၀န်ကြီးများ ပါဝင်သည့် အစည်းအဝေးကို ၃ ရက်ကြာ ပြုလုပ်လျက်ရှိသည်။

ဆွေးနွေးပွဲ တက်ရောက်ရန် ပြင်ဆင်ထားသည့် ကမ္ဘောဒီးယားမှ Pen Somony ကိုလည်း ကမ္ဘောဒီးယား အစိုးရ၀န်ကြီးများက တားမြစ်နိုင်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ ၂ဦးသည် မြန်မာနှင့် ကမ္ဘောဒီးယား ၂ နိုင်ငံကို ကိုယ်စားပြုပြီး လက်ရှိပြုလုပ်နေသော အာဆီယံအစည်းအဝေးတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ပါဝင် ဆွေးနွေးနိုင်ရန် ဒေသတွင်း အဖွဲ့အစည်းများက စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၂ဦး ပါဝင်ခြင်းမရှိဘဲ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

အာဏာရှင်နိုင်ငံတခုဖြစ်သည့် လာအိုနိုင်ငံမှ ကိုယ်စားလှယ်သည်လည်း ၎င်း၏ အာဏာပိုင်များက အရေးယူမည်ကို စိုးရိမ်သဖြင့် အစည်းအဝေးသို့ လာရောက်ခြင်းမရှိဟု AFP သတင်းတွင် ရေးသားထားသည်။

ထို့ကြောင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်စဉ် ဒေသတွင်း တခြား နိုင်ငံ ၇ ခုမှ လူထုအခြေပြု အဖွဲ့များသာ ပါဝင်ခွင့် ရခဲ့သည်ဟု ဆိုသည်။

အာဆီယံအစည်းအဝေးပြုလုပ်စဉ် မြန်မာစစ်အစိုးရကို စက်ဘီးစီးပြီး ကန့်ကွက်ကြသူများ (ဓာတ်ပုံ-Reuters)