Friday, October 16, 2009

လုပ်အားပေး ဗဟုသုတ မြန်မာပြည်တွင် နည်းကြောင်း ILO အရာရှိပြော



ရှေ့တန်းရောက် တပ်မတော်သားများက အရပ်သားများကို ခိုင်းစေသည့် မြင်ကွင်းတခု (ဓာတ်ပုံ-freeburmarangers org)
မြန်မာပြည်တွင် လုပ်အားပေး စေခိုင်းမှုမှာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း သိရှိသူ အလွန် နည်းပါးသည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ မြန်မာပြည်ဆိုင်ရာ အရာရှိတဦးက Bi Weekly Eleven ဂျာနယ်ကို ပြောလိုက်သည်။

“သိတဲ့ ရာခိုင်နှုန်းကို ပြောရရင်တော့ အလွန်ကို နည်းပါသေးတယ်။ လူအများစုက ဒီဥပဒေ နဲ့ ဒီဥပဒေမှာ ပါတဲ့ ၎င်းတို့ရဲ့ အခွင့်အရေးတွေကို သိတောင် မသိကြပါဘူး” ဟု ILO ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိဖ်မာရှယ်က ယနေ့ထုတ် Bi Weekly Eleven ဂျာနယ်နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောလိုက်သည်။

မြန်မာနိုင်ငံတွင် လုပ်အားပေးခိုင်းစေမှုကို ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် တွေ့နိုင်သည်။

လုပ်အားပေး ခိုင်းစေသည့် အာဏာပိုင်တို့အား တရားပြန်စွဲသည့် သတင်းများ တခါတရံ ထွက်ပေါ်လာလေ့ရှိသည်။ နာမည်အကြီးဆုံးအမှုမှာ လွန်ခဲ့သည့် ၄ နှစ်က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ မစုစုနွေးက လုပ်အားပေး ခိုင်းစေသည့် အာဏာပိုင်များကို တရားစွဲဆိုခဲ့သည့်အမှု ဖြစ်သည်။

ထိုအမှုသည် လုပ်အားပေးခိုင်းစေသဖြင့် ဒေသခံ အာဏာပိုင်က ပထမဦးဆုံးအကြိမ် တရားစွဲခံရသည့် အမှု ဖြစ်ပြီး တရားလို မစုစုနွေးက အနိုင်ရခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မစုစုနွေးသည် အာဏာပိုင်တို့၏ အငြိုးထား နှိပ်ကွပ်မှုဒဏ်ကို ခံခဲ့ရသည်။

မြန်မာပြည်တွင် လုပ်အားပေး စေခိုင်ခြင်း အမျိုးအစား များစွာ ရှိသည့်အနက် အသက်အန္တရာယ်နှင့် အနီးဆုံးမှာ ရှေ့တန်းစစ်မြေပြင်ဒေသများတွင် ပေါ်တာ ခေါ် အထမ်းသမားများအဖြစ် ခိုင်းစေခံရမှု ဖြစ်သည်။

လမ်းပြုပြင်ဖောက်လုပ်ရာတွင် လုပ်အားပေးနေရသူတချို့ (ဓာတ်ပုံ-cfob)

လုပ်အားပေး ခိုင်းစေမှု ဖြစ်ရသည့် အကြောင်းရင်း များစွာ ရှိသည်ဟု ILO ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိဖ်မာရှယ်က ပြောသည်။

“ယနေ့အထိ အဓမ္မ ခိုင်းစေမှုတွေ ရှိနေသေးတယ် ဆိုတာကတော့ ခိုင်းစေသူတွေက သူတို့ဟာ အခြားသူတွေထက် ကြီးမြတ်တယ်လို့ သူတို့ကိုယ်သူတို့ ယူဆနေကြလို့ပါပဲ။ ဒါဟာ သူတို့ရဲ့ နိုင်ငံသားတွေကို မလေးစားတာပါပဲ” ဟု စတိဖ်မာရှယ်က Bi Weekly Eleven ဂျာနယ်ကို ပြောလိုက်သည်။

Saturday, October 10, 2009

အမေရိကန်သမ္မတ အိုဘားမား ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ခြင်းခံရ




နိုင်ငံတကာက အာရုံစိုက်ကြတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒီနှစ်မှာတော့ နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က အမေရိကန်သမ္မတ အိုဘားမားကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။ သမ္မတသက်တန်း ၉ လ သာ ရှိသေးတဲ့ အိုဘားမားကို အခုလို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်လိုက်တာကို နိုင်ငံတကာက ပရိသတ်တွေသာမက အိမ်ဖြူတော်အပါအ၀င် သမ္မတကိုယ်တိုင်လည်း အံ့အားသင့်သွားတယ်လို့ သတင်းများက ဆိုပါတယ်။

သမ္မတ အိုဘားမားကို ဆုချီးမြှင့်လိုက်တာဟာ သူရဲ့ အတိတ်ကဆောင်ရွက်ချက်များကို မူတည်ပြီးပေးတာမဟုတ်ဘဲ ယခုလက်ရှိ သူ ဦးတည်ဆောင်ရွက်နေတဲ့ နူလက်နက်ဖျက်သိမ်းရေး၊ ငြိမ်ချမ်းစွာ အားလုံး အတူတကွ ယှဉ်တွဲနေထိုင်ရေး နဲ့ ကမ္ဘာ့ကြီးရဲ့ ဥတုရာသီ မျှတလာစေရေးစတဲ့ မူဝါဒတွေက အမေရိကန်နဲ့ နိုင်ငံတကာမိသားစုတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ တိုးတက်သော သက်ရောက်မှု၊ သြဇာရှိမှုတွေ ဖြစ်ပေါ်လာစေတဲ့အတွက် အဲသည်အကြောင်းအချင်းအရာတွေကို အသိအမှတ်ပြု၊ ထောက်ခံ အားပေးတဲ့အနေနဲ့ ဆုချီးမြှင့်တာ ဖြစ်တယ်လို့ ကော်မီတီက ထုတ်ပြန်ထားပါတယ်။

အိုဘားမားကိုယ်တိုင် အံ့အားသင့် မှင်သက်သွားတယ်၊ ပြီးတော့ မိမိကိုယ်ကိုယ် မိမိလည်း အခုလို ဆုရတဲ့အတွက် ဦးညွတ် နှိမ်ချမိပါတယ် လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒီဆုကြီးဟာ လူ့ဘောင်လောကကြီးကို တိုးတက်ပြောင်းလဲစေတဲ့ ခေါင်းဆောင်တွေ၊ စံပြတွေအတွက်ပါ၊ မိမိနဲ့ ထိုက်တယ်လို့တောင် မယူဆရဲပါဘူးလို့လဲ ပြောလိုက်ပါတယ်။ သို့သော် ဒီဆုကို ချီးမြှင့်လိုက်တာဟာ အမေရိကန်နဲ့ ကမ္ဘာကြီးအတွက် မိမိတို့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို အားပေး ထောက်ခံတာကို ပြသတဲ့သဘောတရားဖြစ်တယ်လို့ သူက ရှုမြင်တယ်လို့ ဆိုပါတယ်။

“ဒီ ငြိမ်းချမ်းရေး နိုဘယ်ဆုကို တရားမျှတမှုနဲ့ ဂုဏ်သိက္ခာအတွက် ရပ်တည်ချီတက်သူတိုင်းနဲ့ ကျနော်တို့ အတူတကွ မျှဝေကြရမယ်။ လမ်းမပေါ်မှာ ကျည်ဆံတွေ၊ နံပါတ်တုတ်တွေကို ရင်ဆိုင်ပြီး သူမရဲ့ အခွင့်အရေးတွေကို လူတွေကြားသိလာကြစေဖို့ ပါးစပ်ပိတ် ချီတက်နေကြတဲ့ အမျိုးသမီးကလေးတွေနဲ့လည်း ဒီဆုဟာ သက်ဆိုင်တယ်။ ဒီမိုကရေစီအရေး ရပ်တည်ချက်ကို မစွန့်လွှတ်တဲ့အတွက် နေအိမ်မှာ အကျယ်ချုပ် အကျဉ်းကျနေရတဲ့ ခေါင်းဆောင် အမျိုးသမီးကြီးအတွက်လည်း ဒီဆုဟာ သက်ဆိုင်တယ်။” လို့လည်း အိုဘားမားက ထုတ်ဖော် ပြောဆိုသွားပါတယ်။ သူရည်ရွယ်တာက ၂၀၀၉ ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း ဆန္ဒပြကန့်ကွက်လို့ လမ်းပေါ်မှာ နှိမ်နှင်းသတ်ဖြတ်ခံခဲ့ရသူ အီရန်က အမျိုးသမီးလူငယ်များနဲ့ နေအိမ်မှာ ၁၀နှစ်ကျော် အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင်၊ ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရည်ရွယ်တယ်လို့ သုံးသပ်ကြပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာနိုင်ငံရေးစင်မြင့်မှာ ဦးဆောင်မှုနဲ့ သြဇာကို နိုင်ငံတကာမိသားစုတွေက အကောင်းဖက်က ရှုမြင်တယ်၊ မျှော်လင့်တယ်၊ ကြိုဆိုနေတယ်ဆိုတာကို အခုလို အမေရိကန်သမ္မတတဦးကို ကမ္ဘာ့ငြိမ်ချမ်းရေး နိုဘယ်ဆု ချီးမြှင့်လိုက်တာက သက်သေပြနေတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့ကြပါတယ်။ သူမအသက်က ၄၆ နှစ် မှာ ဖြစ်ပါတယ်။ အခု အိုဘားမားက ၂၀၀၉ မှာ ဆုရပါတယ်။ သူ့အသက်က ယခု ၄၈ နှစ် ဖြစ်ပါတယ်။

(ဓာတ်ပုံ - အင်တာနက်၊ အေပီ။ ချီကာဂိုက ကော်ဖီဆိုင်တခုမှာ သတင်းနားထောင်နေကြစဉ်)

Sunday, October 4, 2009

၅ထောင်တန် အသစ် ၂ရက်နေ့မှာ ထွက်ရှိလာ၊ လူအများ လိုလားမှု နည်းပါး




၅ထောင်တန်၏ အရွယ်အစားမှာ ၁၀၀၀ တန်နှင့် အရွယ် အစား မဆိုစလောက် တိုပြီး ပေါ်လွင်သည့် အရောင်မှာ အနီနှင့် လိမ္မော်ရောင် ဖြစ်သည်။ (ဓာတ်ပုံများ - မိုးမခ)

အောက်တိုဘာလ ၁ရက်နေ့တွင် ၅ထောင်တန် ငွေစက္ကူသစ် ထွက်ရှိမည်ဟု ကြေညာထားသော်လည်း ယနေ့ နံနက် ၁၁နာရီ ၀န်းကျင်မှသာ အမှန်တကယ် ထွက်ရှိလာသည်။

ယနေ့နံနက် ရန်ကုန်မြို့မှ ဘဏ်ဖွင့်ချိန်တွင် လဲလှယ်၍ မရပေ။ ဘဏ်အသီးသီးက ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ်သို့ သွားရောက်ထုတ်ယူရပြီး တဘဏ်လျှင် သိန်း တထောင် ၀န်းကျင် လဲလှယ်ပေးကြောင်း ဘဏ်အရာရှိတဦးက ပြောသည်။

နံနက်ပိုင်းကပင် ငွေစက္ကူ အသစ် လာရောက်လဲလှယ်သူများ ရှိသည် ဟုသိရသည်။ ငွေထုတ်ငွေလွဲ ပြုလုပ်သူများကို တဦးလျှင် သောင်းဂဏန်းမျှသာ လဲလှယ် ပေးကြောင်းသိရသည်။

၅၀၀၀ တန် ထုတ်ဝေလိုက်ခြင်းပေါ် လူအများစုမှာ နှစ်သက်လိုလားခြင်း မရှိဘဲ အကြွေရှားပါးမှု ပိုမို ဖြစ်ပေါ်လာမည့် အရေး နှင့် ငွေကြေး ဖောင်းပွလာမည့် အရေးတို့ကို စိုးရိမ် ပူပန်နေကြကြောင်းလည်း သိရသည်။

ရန်ကုန်မြို့မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက “၅ထောင်တန်ပေးတဲ့လူ ရှိရင်တော့ ယူရမှာပဲ။ မယူပါဘူး ဆိုပြီးတော့ သွားတိုင်ရင် ရှင်းနေရဦးမယ်။ ၁ထောင်တန်တောင် ဘယ်လို အမ်းရမလဲ မသိဖြစ်နေတဲ့ ခေတ်မှာ ၅ထောင်တန် ဆိုတော့ စဉ်းစားကြည့်ပေါ့။ အကြွေကို နိုင်နင်းအောင် မထုတ်ဘဲနဲ့။ ၅ထောင်တန်ဟာ အောက်ခြေ လူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် လက်လှမ်း မမှီနိုင်တဲ့ စက္ကူပါပဲ။ အကြွေ ရှားလာရင် အမ်းရလွယ်အောင် ပစ္စည်းဈေးကို နည်းနည်းချင်း လိုက်တင်ပြီး ငွေကြေးဖောင်းပွလာမှာပဲ စိုးရိမ်တယ်” ဟုဆိုသည်။

အစိုးရက ၅ထောင်တန် ငွေစက္ကူ ပမာဏမည်မျှ ထုတ်မည်၊ ယခင်ငွေစက္ကူများကို ပြန်လည် သိမ်းဆည်းသွားမည်၊ မသိမ်းဆည်းဘဲ အပိုပမာဏ အနေဖြင့် ထုတ်သွားမည် စသည့် အချက်များကို ကြေညာ အသိပေးခြင်းမရှိဘဲ ယခင် အကြိမ်များ ကဲ့သို့ပင် ရေငုံ နှုတ်ပိတ်လျက်ရှိသည်ကို တွေ့ရသည်။
၅ထောင်တန် ထုတ်ခြင်း နှင့်ပတ်သက်သည့် စီးပွားရေး ပညာရှင်များ၏ ဝေဖန် သုံးသပ်ချက်များကိုလည်း ပြည်တွင်းထုတ် ဂျာနယ်များတွင် မျှတစွာ ဖေါ်ပြခွင့် မရရှိဘဲ၊ ငွေစက္ကူသယ်ဆောင် ပေးချေရ လွယ်ကူသည့် သဘော သုံးသပ်ချက်များကိုသာ ဖေါ်ပြခွင့်ပြုသည်ကို တွေ့ရသည်။

“ငွေကြေး သဘောတရား အရ ဘာမှ ရိုက်ခတ်မှု မဖြစ်နိုင်ဘူး၊ တထောင်တန် ငါးရွက်ကို ငါးထောင်တန်လို့ ခေါ်သည် လို့ပဲ ဆိုရပါမယ်” ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးဝင့်ကျော်၏ ဖြေကြားချက်ကို ၀ိကလီး အလဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။ ထိုသို့သော ပြောဆိုချက်များ၊ ချီးကျူးမှုများကိုသာ ဖော်ပြခွင့်ရသည်ကိုလည်း တွေ့ရသည်။

၅၀၀၀ တန် စတင်ဖြန့်မည်ဟု ကြေညာထားသော ယမန်နေ့က မြင်ကွင်းများ