Saturday, February 14, 2009

ပြည်ထောင်စု စိတ်ဓာတ်နှင့် သူတို့အမြင် Print E-mail
ကိုဝိုင်း
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 12 2009 20:11 - မြန်မာစံတော်ချိန်
(၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ စကားများ)


စစ်အစိုးရက မဖြစ်မနေ အတင်းအကျပ် ရေးဆွဲပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ပြည်ထောင်စု အခြေခံဖြစ်သည့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးများ အပြည့်အ၀ မပါရှိသလို၊ စစ်အုပ်စု ကြီးစိုးရေးလမ်းစဉ်အဖြစ် သူတို့က ရှုမြင်ကြသည်။

ထို့အပြင် လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးအတွက် လက်ရှိ ဖိနှိပ်ဗိုလ်ကျနေသည့် စစ်အာဏာရှင်စနစ်ကို ပင်လုံစိတ်ဓာတ် (၀ါ) ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တိုင်းရင်းသားလူမျိုးများ အားလုံး တညီတညွတ်တည်း လက်တွဲ တိုက်ပွဲဝင်ပါရန်လည်း တိုက်တွန်းလိုက်ကြသည်။

ပြည်တွင်းပြည်ပ နိုင်ငံရေးခေါင်းဆောင်တချို့ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းချက်များ တင်ပြလိုက်ပါသည်။

ဦးဝင်းတင်

(ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ပြည်ထောင်စုစိတ်ဓာတ် ကြောင့်သာလျှင် ကျနော်တို့တိုင်းပြည် ဒီနေ့အထိ မြဲနေတာလို့ ပြောလို့ရတယ်။ အမြင့်ဆုံးကိစ္စကို ပြောမယ်ဆိုရင်တော့ ပြည်ထောင်စုစိတ်ဓာတ်ပေါ်မှာ အခြေခံပြီးတော့ တူညီတဲ့ နိုင်ငံရေးအခြေခံတွေ ပေါ်လာတယ်ဗျ။ စစ်တပ်နဲ့ ကျနော်တို့နဲ့တော့ တူညီတဲ့နိုင်ငံရေး မပေါ်နိုင်ဘူးပေါ့ဗျာ။ စစ်တပ်နဲ့ တိုင်းရင်းသားတွေနဲ့အကြား တူညီတဲ့နိုင်ငံရေး မပေါ်နိုင်ဘူးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ သူတို့က ဖိနှိပ်တာ၊ ချုပ်ချယ်တာ၊ ရက်ရက်စက်စက် ပြုမူတာ၊ သွေးစုတ်တာ ဆိုတဲ့ ဟာမျိုးတွေက ရှိတာကိုး။

ဆန့်ကျင်ဘက်အင်အားစုတွေအပေါ် အခြေခံပြီးတော့ လူမျိုးစုတွေက ငါတယောက်တည်းနဲ့ စစ်အစိုးရကို ဆန့်ကျင်လို့ မရဘူးဆိုတဲ့သဘော အသီးသီး ပေါ်လာတယ်။ ဘုံရန်သူကို ရှာရင်းကနေပြီးတော့ တူညီတဲ့ နိုင်ငံရေးတွေ သွားတွေ့တယ်။ ဘယ်မှာ အခြေခံလဲဆိုတော့ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ နဂိုက အခြေခံရှိတော့ ငါတယောက်ထဲ ဆန့်ကျင်လို့ မရဘူး၊ ငါတယောက်ထဲ ထိုးထွက်လို့ မရဘူး။ အဲဒီအခါကျတော့ တို့ပေါင်းလုပ်မယ် ဆိုတဲ့အခါကျတော့ အဲဒါ ပြည်ထောင်စု စိတ်ဓာတ်ကနေ ပေးတဲ့ အရေးအကြီးဆုံးနဲ့ အမြင့်မားဆုံး အကျိုးကျေးဇူးဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။

ဦးအေးသာအောင်

(အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)

(အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ)

ဒီနေ့ မြန်မာနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေကြတဲ့ ခေါင်းဆောင်တွေလည်း ပြည်ထောင်စုစိတ်ဓာတ်ကို ပြောနေကြတယ်။ ပင်လုံ စိတ်ဓာတ်ဆိုပြီး ပြောနေကြတယ်။ ပြီးတော့ မြန်မာနိုင်ငံကိုလည်းပဲ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်နေတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရောက်တိုင်းလည်း ပြည်ထောင်စုနေ့ဆိုပြီးတော့ အစိုးရကပါ၊ ပါတီတွေကပါ ကျင်းပလေ့ရှိတယ်။

ဒါပေမဲ့ ပြည်ထောင်စုရဲ့စိတ်ဓာတ်၊ ပြည်ထောင်စုရဲ့မူ၊ ပင်လုံမူဆိုတာ အခုတော့ ပျက်ပြယ် ပျောက်ကွယ်လုနီးပါး ရှိနေတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံကို လွတ်လပ်ရေးမရမီ အကြိုကာလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပင်လုံမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံမူရဲ့ အနှစ်သာရက တိုင်းရင်းသား ပြည်နယ်များနဲ့ ဗမာပြည်ကို ပေါင်းတဲ့အခါမှာ တန်းတူရည်တူ ပြည်ထောင်စုမူနဲ့ ပေါင်းရမယ်။ ပြည်နယ်တွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ပြည်ထောင်စုကို ထူထောင်ခဲ့တာပါ။

ဒါပေမဲ့ လွတ်လပ်ရေးရပြီးတော့ ၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ပြည်ထောင်စုမူ၊ ပြည်ထောင်စု စိတ်ဓါတ်ကို အပြောအဟောဖြင့်သာ သုံးပြီးတော့ လက်တွေ့မှာတော့ တစ်ပြည်ထောင်စနစ်နဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်လာခဲ့တယ်။ နောက် ၁၉၈၈ ခုမှာ တပ်မတော်က အာဏာထပ်သိမ်းပြန်တော့လည်းပဲ စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်နေကြပေမယ့် တကယ်မှာတော့ စစ်တပ်က အုပ်ချုပ်နေတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်တယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံကို တပြည်ထောင်စနစ်နဲ့ ဖွဲ့စည်းလို့တော့ မဖြစ်ဘူး။ ပြည်ထောင်စုအဖြစ်နဲ့ပဲ ဖွဲ့စည်းရမယ်။ ဒါပေမဲ့ အခု ၂၀၀၈ ခုမှာ referendum လုပ်ပြီးတော့ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံဟာလည်း တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးပြီးတော့ ပြည်ထောင်စုကို ဖော်ဆောင်မယ့် ဖွဲ့စည်းပုံတရပ် မဟုတ်ဘူးလို့ အန်ကယ့်အနေနဲ့ ပြောချင်တယ်။

ဘာကြောင့်လဲဆိုရင် ပြည်နယ်တွေတော့ ပါပါတယ်။ ပြည်နယ်ဥပဒေပြု၊ ပြည်နယ်အုပ်ချုပ်ရေး၊ ပေးထားသော်လည်းပဲ အဲဒီပြည်နယ်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အုပ်ချုပ်ရေးမှာရော၊ ဥပဒေပြုရေးမှာရော ပါနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုရဲ့ အနှစ်သာရ မရှိဘူးလို့ ပြောလိုတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့အတွက် တိုင်းရင်းသားတွေရော၊ ဗမာတွေရော၊ အားလုံးပေါင်းပြီးတော့ ကြိုးပမ်းဖို့လိုတယ်လို့ ပြောချင်တယ်။

ဦးထောင်ကိုထန်း

(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်)

(အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ)


ကနေ့အခြေအနေကတော့ နအဖ လုပ်လိုက်တာနဲ့ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ မရှိတော့ဘူး။ ပြည်ထောင်စု ရှိမှပဲ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ရှိတာကိုး။ ပြည်ထောင်စုမှ မရှိတာ။ တပြည်ထောင်စနစ် ရှိနေတာ။ ပြည်ထောင်စုစိတ်ဓာတ် ရှိတယ်ဆိုပြီး နအဖက သတင်းစာထဲမှာ အမျိုးမျိုးပြောပေမယ့် လုပ်ပုံက ဟုတ်မှ မဟုတ်တာ။ ပြည်ထောင်စုစိတ်ဓာတ် ရှိလာဖို့၊ ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်လာဖို့က မြန်မာပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံဖြစ်တယ်။

ဒါကြောင့်မို့လို့ ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားတွေရော၊ နိုင်ငံသားတွေရော လိုချင်တဲ့ပန်းတိုင် ရောက်ပြီဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စုကို ပြန်လည်ဖော်ဆောင်လို့ရတယ်။ ပြည်ထောင်စုမရှိတဲ့ နိုင်ငံမှာ ပြည်ထောင်စုနေ့ လုပ်တယ်ဆိုတာ ဟန်ပြပဲ။ အခုဟာက ဗမာလည်း ခံရတာပဲ၊ ချင်းလည်း ခံရတာပဲ၊ ကုလားလည်း ခံရတယ်၊ တရုတ်လည်း ခံရတယ်၊ ကချင်၊ ရှမ်း၊ ကရင် အကုန်ခံရတယ်။ တပ်မတော်ကြီးစိုးရေး ပြည်ထောင်စုပဲရှိတယ်။

ရဲဘော်ဖိုးသံချောင်း

(ပြောရေးဆိုခွင့်ရှိသူ၊ ဗမာပြည်ကွန်မြူနစ်ပါတီ)

ကျနော်တို့ ဗမာတမျိုးသားလုံး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတာ အသက်တွေလည်း အများကြီး အဆုံးရှုံးခံ၊ အနစ်နာခံမှုတွေ အမျိုးမျိုးနဲ့ လုပ်ခဲ့ကြတာ။ ၄၈ ခုနှစ်ကျမှ အောင်ပွဲရတယ်။ အောင်ပွဲရဖို့အတွက် လုပ်ခဲ့ကြတဲ့အထဲမှာ အရေးကြီးတဲ့ အချက်တချက်က အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့တာပါ။ အမျိုးသား ညီညွတ်ရေးကို တစတစနဲ့ တည်ဆောက်ခဲ့တာဟာ ပြည်ထောင်စုနေ့လို့ ပြောရမယ့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ အဲဒီကာလ၊ အဲဒီအပိုင်းအခြား၊ အဲဒီအခိုက်အတန့်ဟာ ကျနော်တို့ရဲ့ အထွဋ်အထိပ်လို့ ပြောလို့ရပါတယ်။

ဒါကြောင့်မို့လို့ ပြည်ထောင်စုနေ့ဟာ ကျနော်တို့ အမျိုးသားစည်းလုံးရေးရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ လွတ်လပ်ရေး ရဖို့အတွက် အာမခံချက်ဖြစ်တယ်။ အလားတူပဲ ဒီနေ့ ဗမာတမျိုးသားလုံး ကြုံတွေ့နေရတဲ့ ဗမာပြည်ကြီးမှာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးအတွက် တိုက်ပွဲမှာလည်း အလားတူ အမျိုးသား သွေးစည်းညီညွတ်ရေးတခု တည်ဆောက်ဖို့ လိုတယ်လို့ ထင်ပါတယ်။

နောက်ပြီးတော့ ကျနော်တို့အတွင်းမှာ အယူအဆကွဲပြားမယ့်၊ ပဋိပက္ခဖြစ်မယ့် ဟာတွေကို သိပ်မတင်သေးဘဲနဲ့ ညီညွတ်နိုင်မယ့် ဟာတွေကို ဘုံလက်ခံလို့ရနိုင်မယ့် တောင်းဆိုချက်တွေ၊ ကြွေးကြော်ချက်တွေကို တင်ပြီး လှုပ်ရှားကြရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။

သခင်ချန်ထွန်း

(ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့)

ပြည်ထောင်စုနေ့ကြီး ဖြစ်ပေါ်လာဖို့ရာ ဗိုလ်ချုပ်အောင်ဆန်း ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လက်မှတ်ရေးထိုးခဲ့ကြတာပါ။ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို ကျင်းပခဲ့တယ်။ ကနေ့ကျတော့ ပြည်ထောင်စုနေ့မှန်းတောင် မသိတဲ့လူတွေ ရှိတယ်။ အများကြီးလည်း ရှက်စရာကောင်းတယ်၊ စိတ်ပျက်စရာကောင်းတယ်လို့ ယူဆပါတယ်။

အမှန်က ပြည်ထောင်စုစိတ်ဓာတ်နဲ့ လူငယ်တွေကို ကြီးပြင်းလာအောင် သွန်သင်ဆုံးမပြီးတော့ ဆောင်ရွက်ရမယ့်အစား ဘာမှ လုံ့လစိုက်ထုတ်ခြင်း မတွေ့ရတဲ့အတွက် ဘဘတို့ စိတ်ချမ်းသာမှု မရှိပါဘူး။ တကယ်ဆို ပြည်ထောင်စုနေ့မှာ လှုံ့ဆော်တိုက်တွန်းတာတွေ တော်တော် ပြင်းပြင်းထန်ထန် လုပ်ရမယ့်အစား ဝတ်ကျေတန်းကျေ သဘောမျိုး၊ ကြေညာချက် ထုတ်ရုံလေးလောက် လုပ်နေတာ တွေ့နေရလို့ စိတ်မချမ်းသာပါဘူး။

နောင်နှစ်တွေမှာ ပြည်ထောင်စု ထာဝရခိုင်ခန့်တည်မြဲရေးအတွက် ပြည်ထောင်စုနေ့ အခါသမယမှာ ပြည်ထောင်စုစိတ်ဓာတ်တွေ ဝင်ကြအောင် နှိုးဆော်ကြဖို့၊ လုပ်ဆောင်ကြဖို့ အမြန်လိုအပ်တယ်လို့ပဲ ပြောချင်ပါတယ်။

ဦးမင်းလွင်

(ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့)

အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရတယ်ဆိုတာ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ခဲ့လို့ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း တိုင်းရင်းသားညီညွတ်ရေး ပျက်ပြားလာတယ်။ ငြိမ်းချမ်းသော၊ ဒီမိုကရေစီကျသော၊ စည်းလုံးညီညွတ်သော နိုင်ငံတည်ဆောက်ဖို့ဆိုရင် အမျိုးသားညီညွတ်ရေး ရမှသာလျှင် အောင်မြင်နိုင်မယ်လို့ အန်ကယ်တို့က ယူဆတယ်။ တွေ့ဆုံဆွေးနွေးပြီး အပေးအယူလုပ်မှ ဖြစ်မှာ။ ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့တဲ့ ကာလကလို တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်မှဖြစ်မှာ။

ရဲဘော်သံခဲ

(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)

ကျနော် ပထမဆုံးပြောချင်တာက ပင်လုံစိတ်ဓာတ်ဆိုတာက မြန်မာနိုင်ငံလို့ခေါ်မယ့် ပြည်ထောင်စု မြန်မာနိုင်ငံကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဘယ်လိုတည်ထောင်ကြမလဲဆိုတာ အားလုံးရဲ့ သဘောတူညီချက် ပဋိညာဉ်စာချုပ် ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းမှုရဲ့ အခြေခံ foundation လို့ ပြောရင် ဖြစ်ပါတယ်။

ဒါကြောင့် ပင်လုံစိတ်ဓာတ်ရဲ့ နောက်ကွယ်မှာ မူလေးတွေ ရှိတယ်။ လွတ်လပ်ခွင့်တွေ ရှိတယ်။ ဒီအတွက်ကြောင့်လည်း ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက်မှာ ညီညွတ်ရေးကြောင့် လွတ်လပ်ရေး ရခဲ့ပါတယ်။ သို့သော်လည်းပဲ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ တိုင်းရင်းသားတွေအားလုံး မျှော်မှန်းခဲ့တဲ့၊ ပြည်သူလူထုတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်ခွင့်တွေဟာ တဦးနဲ့တဦးကြားမှာ ညီမျှမှုတွေ မရှိခဲ့ဘူး။ အမျိုးသား ပြဋ္ဌာန်းခွင့်တွေဟာ ညီတူညီမျှခံစားပိုင်ခွင့်တွေ မရှိခဲ့ဘူး။ အဲဒီအတွက်ကြောင့် ပြည်တွင်းစစ်တွေ ပေါ်ပေါက်ခဲ့ရတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်တယ်။

အခုချိန်အထိလည်း မြန်မာနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မတရားသဖြင့် အတည်ပြုထားတယ်။ ဒီအခြေခံဥပဒေဟာ ဒီနေ့ ပြောဆိုနေတဲ့ ပင်လုံစိတ်ဓာတ်ပေါ်မှာ ညီမျှမှုတွေ ကင်းမဲ့နေတယ်၊ လွတ်လပ်မှုတွေ ကင်းမဲ့နေတဲ့အတွက် တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ တည်ငြိမ်မှုရှိမှာ မဟုတ်ဘူး။ အမျိုးသားရေး ပြဿနာတွေဟာ ပိုပြီးဆိုးဖို့သာပဲ ရှိတယ်လို့ ကျနော်တို့ သုံးသပ်မိပါတယ်။

No comments:

Post a Comment