Tuesday, June 30, 2009

တပ်သားသစ်စုဆောင်းနေပုံမှာ ဆိုးရွားပြီး ပြန်ပေးဆွဲသလိုဖြစ်နေ


အောင်လံမြို့တွင် အတင်းအဓမ္ပ စစ်သားသစ်စုဆောင်းမှုများ ပြုလုပ်နေသဖြင့် ပြန်ပေးဆွဲသည့် ပုံစံမျိုးဖြစ်နေကာ မြို့ခံများအနေဖြင့် အထိတ်တလန့်ဖြစ်နေရသည်။

ယခု (၃) ရက်နေ့မှ စတင်ကာ ယနေ့အထိ စစ်ပြေးဖမ်းသည်ဟု အကြောင်းပြကာ လူငယ်အယောက် ၆၀ ကျော်ကို ခရလ (၇၁) မှ စစ်သားများက ဖမ်းဆီးပြီး ပြန်ရွေးပါက ငွေကြေးတောင်းယူခြင်းများ ပြုလုပ်နေလျှက်ရှိကြောင်း မြို့ခံတဦးက ပြောသည်။

“သူတို့အကြောင်းပြတာက စစ်ပြေးဖမ်းတယ်ဆိုပြီး ပြောတယ်၊ အလုပ်သမားတွေ နံနက်ဝေလီဝေလင်း (၅) နာရီလောက် တောထဲသွား အလုပ်သွားလုပ်တဲ့သူတွေပါ အဆွဲခံရတယ်၊ အိမ်ထဲမှာ အိပ်နေတဲ့သူကိုလဲ နှိုးပြီး မေးစရာရှိတယ်ဆိုပြီး ဆွဲသွားတာရှိတယ်၊ လမ်းပေါ်တွေ့တာနဲ့ ခေါ်တာ၊ အခုက ကားစပါယ်ယာတွေလဲ ပါသွားတယ်၊ ရယကတွေကို ရပ်ကွက်ထဲ ဆိုးသွမ်းလူတွေ ခေါ်ပေးပါဆိုပြီး ခေါ်တာ၊ အခုဆို အိပ်နေတဲ့ အလုပ်သမားတွေပါ ဖမ်းခေါ်တာ၊ မိဘတွေက အထိတ်တလန့်ဖြစ်နေရတယ်” ဟု မြို့ခံက ပြောသည်။

ယနေ့အထိ လူငယ် ၆၇ ဦးကို နှစ်ကြိမ်ခွဲပြီး မန္တလေးမြို့သို့ ပြည်-မန္တလေးပြေးဆွဲသည့် တိုင်းလုံးကျော်ကားဖြင့် နှစ်ကြိမ်ခွဲကာ ပို့ဆောင်ပြီးဖြစ်ကြောင်း မြို့ခံက ပြောသည်။

“ပထမတသုတ်မှာ ၃၇ ယောက်ပို့တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်က အယောက် ၃၀ ထပ်ပို့တယ်၊ အောင်လံက တိုင်းလုံးကျော် ကားဂိတ်မှာ စရံတသိန်း ပေးတယ်၊ ပြည်က လူမတင်လာနဲ့ဆိုလို့မှာပြီး မန္တလေးကို အားချင်းပို့တာ၊ အခုဆို မြို့ပေါ်မှာ ညဘက်ဆို ကလေးတွေပညာရေးအတွက် ကျူရှင်လိုက်ပို့နေရတဲ့ အခြေအနေဖြစ်နေတယ်၊ လိုက်ရွေးရင် ၇ သောင်းပေး ၅ သောင်းပေးနဲ့ ပြန်ပေးဆွဲသလိုကို ဖြစ်နေတာ” ဟု ပြောသည်။

ယင်းကဲ့သို့ စစ်သားသစ်များ အတင်းအကြပ်ဖမ်းဆီးရာတွင် သက်ဆိုင်ရာ ရပ်ကွက်အတွင်းသို့ အခြားရပ်ကွက်မှ ရယကနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ခေါ်လာကာ ဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“(၃) ရက်နေ့က ကျောင်းစုကျေးရွာက ဦးတင်ဝင်း၊ ဒေါ်ယုံတို့သား ၁၇ နှစ်အရွယ် ဇော်ဇော်ထက်ကို ဖမ်းခေါ်သွားတာ၊ လိုက်တွေ့တာ တွေ့ခွင့်မရဘူး၊ အခု မန္တလေးပို့လိုက်တယ်၊ နောက်တယောက်က သန်းဇော်ဦး၊ ပြည်တော်အေးရက်ကွက် စက်ရုံ (၃) လမ်းမှာနေတာ သူက တောင်တွင်းကြီးက ပြန်လာတာ ၂ နာရီခွဲလောက်မှာ သူ့လမ်းထိပ်မှာ ကားပေါ်ကဆင်းရင်းနဲ့ ဖမ်းခံရတာ၊ တပြိုင်တည်းမှာပဲ ဦးကံထွန်း UKT အရက်ချက်ရုံက ဘိုထွန်းဆိုတဲ့ကောင်လေးနဲ့အတူ စစ်တပ်က ဖမ်းခေါ်သွားတာ၊ ဘိုထွန်းကတော့ စက်ရုံမန်နေဂျာက တပ်ကို အကြောင်းကြားပြီး ကြံ့ဖွံ့ ဘာညာနဲ့လိုက်တော့ ပြန်လွှတ်လိုက်တယ်၊ သန်းဇော်ဦးကိုကျတော့ ပြန်မလွှတ်ဘူး” ဟု ပြောသည်။

အောင်လံမြို့ပေါ်တွင် နယ်မြေအခြေစိုက် ခလရ (၇၁) က ယခုကဲ့သို့ အတင်းအကြပ် စစ်သားစုဆောင်းနေမှုအခြေအနေကို သက်ဆိုင်ရာ တပ်ရင်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျစစ်သားတဦးက ဖြေဆိုခွင့်မရှိကြောင်း ပြောဆိုသည်။

“ကျနော်လဲ သင်တန်းက ပြန်လာတာမကြာသေးတော့ ဘာမှမသိရသေးဘူး၊ နောက်ပြီး ကျနော်တို့အဆင့်နဲ့လဲ ဒီလိုဖြေကြားခွင့်မရှိပါဘူး၊ အထက်လူကြီးတွေကိုသာ မေးပါ” ဟု ပြောဆိုသည်။

မိုက်ကယ်ဂျက်ဆင် (၁၉၅၈ - ၂၀၀၉)



ကျော်ကျော်
ဇွန် ၂၈၊ ၂၀၀၉

အသက် ၅၀ သာရှိသေးတဲ့ ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့တဲ့ ဂျွန် ၂၅ ရက်၊ ၂၀၀၉ ကို သီချင်းတွေ သေဆုံးသွားတဲ့နေ့လို့ ခေါ်ကြသလို၊ ဒီနှစ်ထဲမှာ အကြီးကျယ်ဆုံးသတင်းလို့လည်း တချို့က သတ်မှတ်ကြတယ်။ သူ့ရဲ့သတင်း ဘယ်လောက်ထိ ဂယက်ရိုက်သွားသလဲဆိုရင် Facebook ၊ Twitter ၊ Google ၊ Wikipedia အစရှိတဲ့ ၀က်ဆိုက်တွေမှာ သုံးစွဲသူတွေ ရုတ်တရက်တိုးများလာပြီး AT & T တယ်လီဖုန်းကွန်ယက်မှာ စာနဲ့ရိုက်ပြီးသတင်းပို့တာ ခါတိုင်းထက် ၆၀% မြင့်တက်ခဲ့တယ်။ မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်သမျှသတင်းတွေကို အားလုံးဝိုင်းရှာကြတော့ အစပိုင်းမှာ အင်တာနက်ပေါ်ကနေ ဟက်ကာတွေ(hacker) တိုက်ခိုက်နေပြီလို့ ထင်ခဲ့တယ်လို့ Google ကုမ္ပဏီက ပြောပါတယ်။ Youtube မှာလည်း မိုက်ကယ်ဂျက်ဆင်ရဲ့သီချင်းတွေကို ပြန်ရှာပြီးနားထောင်သူတွေ ချက်ခြင်းများလာတယ်။ သူသေဆုံးတဲ့နေ့ကစပြီး မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်တဲ့ ၀က်ဆိုက်အသစ်တွေ ၄၀၀၀ နီးပါးရှိသွားပြီလို့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Go Daddy က ပြောပါတယ်။

သူသေဆုံးတဲ့ညမှာပဲ သူ့ရဲ့ သီချင်းခွေ ဒီဗွီဒီခွေတွေကို အမှတ်တရသိမ်းထားချင်လို့ ebay ပေါ်မှာ ရှာကြည့်တော့ ဈေးတွေကမြင့်ကုန်ပြီး တချို့ဒီဗီဒီခွေတွေဆို ပစ္စည်းပြတ်နေပြီ။ နောက်ထပ် သုံးလေးပတ်လောက် စောင့်ရတဲ့အထိ ဖြစ်သွားခဲ့တယ်။ Amazon မှာလည်း သူရဲ့ သီချင်းခွေတွေအားလုံး တရက်ထဲမှာပဲ ရောင်းကုန်သွားပြီး ရောင်းအကောင်းဆုံး ၁၀ သီချင်းခွေစာရင်းထဲဝင်သွားတယ်။ Barnes and Noble မှာလည်း ထိုအတိုင်းပါပဲတဲ့။ မိုက်ကယ်ဂျက်ဆင် သီချင်းခွေ၊ ဗီဒီယိုခွေ၊ စာအုပ်တွေပါ ရောင်းကုန်သလောက်ဖြစ်သွားတယ်။
Apple ကုမ္ပဏီရဲ့ itune မှာလည်း သူသေပြီး မိနစ်ပိုင်းအတွင်းမှာပဲ သူ့ရဲ့နာမည်ကျော် Thriller သီချင်းဟာ ထိပ်ဆုံး ၁၀၀ အရောင်းရဆုံး စာရင်းထဲရောက်ပြီး နာရီအနည်းငယ်နောက်ပိုင်းမှာ ထိပ်ဆုံး ၁၀ ထဲ ရောက်သွားတယ်။ နောက်တရက်မှာတော့ ထိပ်ဆုံး ၁၀ စာရင်းထဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်း ၉ ပုဒ် ပါခဲ့ပါတယ်။

မိုက်ကယ်ဂျက်ဆင်ကို မြန်မာပြည်ကလူတွေလည်း ကြိုက်ကြပါတယ်။ သူရဲ့ Beat It ၊ Dangerous ၊ Black or White ၊ You are not a lone ၊ BAD ၊ We are the world စတဲ့သီချင်းတွေဟာ လူကြိုက်များပြီး နာမည်ကြီး Thriller သီချင်းထဲက သရဲအက နဲ့ Billie Jean သီချင်းက လပေါ်လမ်းလျှောက်အက (Moon Walk dance) တွေကို မြန်မာပရိသတ်တွေ မှတ်မိကြအုံးမှာပါ။ ဒါတင်မက မြန်မာအငြိမ့်၊ ဇာတ်ပွဲထဲမှာတောင် သရဲအကနဲ့ moon walk တွေ ထည့်သုံးခဲ့ပါတယ်။

သီချင်းခွေပေါင်း သန်းပေါင်း ၇၅၀ ရောင်းခဲ့ရပြီး ဂရမ်မီဆု ၁၃ ဆု၊ Rock and Roll Hall of Fame မှာ နှစ်ကြိမ်စာရင်းဝင်ခဲ့သူ၊ နှစ်ပေါင်း ၄၀ လောက်ထိ အောင်မြင်ကျော်ကြားခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ကို ဂီတဘုရင်(King of Pop) လို့ သတ်မှတ်တာ မလွန်ပါဘူး။ သူရဲ့ ၁၉၈၂ ခုနှစ်က Thriller စီးရီးခွေဆိုရင် ကမ္ဘာပေါ်မှာ အရောင်းရဆုံးသီချင်းခွေအဖြစ် ယနေ့ထိ ဆက်လက်ရပ်တည်နေပါတယ်။

ကမ္ဘာတ၀ှမ်း သန်းပေါင်းများစွာသော သူရဲ့ပရိသတ်ကို ဖျော်ဖြေခဲ့တဲ့ မိုက်ကယ်ဂျက်ဆင် အခုတော့ အေးချမ်းစွာ အနားယူအိပ်စက်သွားပါပြီ။ ဒါပေမဲ့ သူရဲ့ သီချင်းတွေကတော့ အမြဲရှင်သန်နေအုံးမှာပါ။ R.I.P … Michael Jackson.

Saturday, June 27, 2009

ကာတွန်း ဟန်လေး - အကြမ်းဖက်သမားများကို အကြမ်းမဖက် ဆန့်ကျင်ကြ
ဇွန် ၂၆၊ ၂၀၀၉

Sunday, June 21, 2009

ကာတွန်း (ဦး) ဖေသိန်းရဲ့ အမှတ်တရကာတွန်းများ


ကိုလိုနီ ခေတ်ဦး

ကိုလိုနီ ခေတ်လယ်
ကိုလိုနီ ခေတ်နှောင်း

ယနေ့  ခေတ်

ကာတွန်း ၀င်းထွန်း၊ ကာတွန်းမောင်မောင်အောင်တို့က ကျေးဇူးပြုပါတယ်

ဇွန် ၂၀၊ ၂၀၀၉

Saturday, June 20, 2009

၆၄ နှစ်ပြည့် ဒေါ်စု မွေးနေ့ နိုင်ငံတကာတွင် ပြုလုပ်


ဓာတ်ပုံသတင်း
ဇွန် ၁၉၊ ၂၀၀၉
ရန်ကုန်မြို့

ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ပွဲ နိုင်ငံတကာတွင် ပြုလုပ်ကြသည်။ တချို့က မြန်မာသံရုံးများရှေ့သို့ သွားရောက် ဆန္ဒပြကြသည်။ တချို့က ဒေါ်စုမွေးနေ့အထိမ်းအမှတ် အဖြစ် ကောင်းမှု ကုသိုလ်များ ပြုလုပ်ကြသည်။ (ဓာတ်ပုံများ-getty images)
ရန်ကုန်မြို့
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊UN ရုံးရှေ့ ဖိလစ်ပိုင်နိုင်ငံမြန်မာသံရုံးရှေ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့

Saturday, June 13, 2009

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကချင်ကျောင်းသားများ လှုပ်ရှား


သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၁၂ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်နှင့် အထက်တန်းကျောင်း အုတ်နံရံများတွင် ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွတ်ဟု မှုတ်ဆေးဖြင့်ရေးသည့် လှုပ်ရှားမှုတခုကို ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့က ပြုလုပ်ခဲ့သည်။

မှုတ်ဆေး အနီရောင်ဖြင့် မြစ်ကြီးနားတက္ကသိုလ် ပင်မအဆောင်အဦအနီးရှိ အုတ်ခုံနှင့် မန်ခိန် အထက်တန်း ကျောင်း ဝင်းအရှေ့ အုတ်နံရံပေါ်တွင် ရေးသားခဲ့သည်ဟု ကချင်ကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူတဦးက ပြောသည်။

“တက္ကသိုလ်နဲ့ မန်ခိန် အထကရှေ့ နေရာနှစ်ခုမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ် ဆိုပြီး အဲ ဒီ အောက်က AKSU ဆိုပြီး အင်္ဂလိပ်လိုနာမည်ထိုးထားတယ်။ ကျန်တာ ဘာမှ မရေးဘူး။ အရွယ် အစားကတော့ နည်းနည်းတော့ ကြီးပါတယ်။ ရေးထားတာကို လမ်းဘေးကနေ လှမ်းမြင်နိုင်တယ်၊ တက္ကသိုလ်မှာက သုံးနေရာ လောက်ရေးပါတယ်၊ မန်ခိန်မှာက တနေရာပါ။ ” ဟု ကချင်ကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူတဦးက ပြောသည်။

မေလ(၂ဝ)ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ပေးပါ၊ ၂ဝ၁ဝ ရွေးကောက်ပွဲအလိုမရှိ ဟု အင်္ဂလိပ်နှင့် မြန်မာနှစ်ဘာသာဖြင့် အေဖိုးဆိုဒ်စာရွက်ပေါ်တွင် ရေးပြီး စာကပ်သည့် လှုပ်ရှားမှုကို အဆိုပါ ကချင် ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ နေအိမ်ကို ရေကူးဝင်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဝီလျံယက် တောကို လက်ခံထားရှိမှုဖြင့် အင်းစိန်တရားရုံးတွင် တရားစွဲဆိုခံရသည့် အချိန်၌ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အင်အားစုများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲများနှင့် အခြားလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင် လျှက် ရှိသည်။

Wednesday, June 10, 2009

မလောက်ငှ၍ လုံခြုံရေးဝန်ထမ်းများကိုယ်တိုင် သတင်းဓါတ်ပုံ ရောင်းစား


မိုးမခ အထောက်တော်၊ ရန်ကုန်

ဇွန်လ ၁၀ရက်၊ ၂၀၀၉

အစိုးရ ပေးထားသည့် လစာနှင့် မလောက်ငှသဖြင့် အင်းစိန်ထောင်ရှေ့တ၀ိုက် တာဝန်ကျသည့် လုံခြုံရေးဝန်ထမ်းများကိုယ်တိုင် အဖြစ်အပျက် သတင်းဓါတ်ပုံ အချို့ကို ပြည်ပ အခြေစိုက် သတင်းမီဒီယာများသို့ လျှို့ဝှက်စွာ ရောင်းချမှုများ ရှိနေသည်ဟု လုံခြုံရေး ၀န်ထမ်းများနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုသည်။
လူထုလေးစား ကြည်ညိုသည့် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ပြီး ရုံးတင်သည့် ကိစ္စ စတင်ပေါ်ပေါက်ပြီးနောက် အင်းစိန်ထောင်ရှေ့ တ၀ိုက်တွင် အန်အယ်လ်ဒီ ပါတီဝင်များ၊ အခြားစိတ်ဝင်စားသူများ နှင့် ရဲ၊ စရဖ ကြံ့ဖွံ့ နှင့် စွမ်းအားရှင် အစရှိသူတို့ ဖြင့်စည်ကားနေလေ့ရှိသည်။ ထိုသို့ အန်အယ်လ်ဒီပါတီဝင်များ ထိုင်နေသည့်ပုံ နှင့် ထောင်ရှေ့မှ လှုပ်ရှားမှုများကို ပြည်ပအခြေစိုက် သတင်းမီဒီယာများက လိုချင်ကြသည့် အတွက် ထိုသတင်းဓါတ်ပုံများကို လုံခြုံရေး တာဝန်ကျသူများက ရိုက်ယူထားကာ ရောင်းစားမှုများ ရှိနေသည်ဟု သိရှိရသည်။

ထိုနေရာတ၀ိုက်ကို ၀င်ရောက်လာသည့် မည်သူ့ကိုမဆို ယူနီဖောင်းဝတ်၊ အရပ်ဝတ် ရဲများက မျက်စေ့ ဒေါက်ထောက် ကြည့်နေခဲ့ကြပြီး မည်သည့် ပြင်ပ ပုဂ္ဂိုလ်မှ သတင်း ဓါတ်ပုံ သော်လည်းကောင်း၊ ဗီဒီယိုသော်လည်းကောင်း ရိုက်ယူရန် မလွယ်ကူပေ။ အချို့သော သတင်းဓါတ်ပုံများမှာ အနီးကပ် ရိုက်ယူထားသည့် ပုံများဖြစ်ပြီး မည်သည့် အပြင် သတင်းထောက်မှ ရိုက်ကူးရန် ဖြစ်နိုင်ချေမရှိသည့် ပုံများကိုလည်း မီဒီယာများတွင် မြင်တွေ့ရလေ့ရှိသည်။

စွမ်းအားရှင်များကို တရက် ၂ထောင်ကျပ်၊ ရဲဝန်ထမ်းများကို နေ့ကြေး တရက် ၃ထောင်ကျပ် ပေးသည်ဟု ဆိုသော်လည်း မှန်မှန် မရရှိကြဟု အဆိုပါ ၀န်ထမ်းများနှင့် နီးစပ်သူတို့က ပြောဆိုသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ လှုပ်ရှားမှုကို နှိမ်နှင်း ခဲ့စဉ်ကလည်း စွမ်းအားရှင်များ၊ ကြံ့ဖွံ့များအား တရက်လျင် ၃၀၀၀ ကျပ်နေ့ကြေးပေးခဲ့ သည်ဟု ကြားသိရပြီး ထို့အတွက်လိုအပ်သည့် ငွေများကို မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တို့က ထောက်ပံ့ပေးရသည် ဟုလည်းသိရှိရသည်။

မြန်မာနိုင်ငံ နအဖ အစိုးရသည် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့် နည်းလမ်းဖြင့် လူထု လှုပ်ရှားမှုကို နှိမ်နှင်းရန် ကြိုးစားနေသော်လည်း တဘက်တွင် သူ၏ လုံခြုံရေးအဖွဲ့ဝင်များ ကိုယ်တိုင်ပင် အစိုးရအပေါ် သစ္စာစောင့်သိရန် မဖြစ်နိုင်သည့် အခြေအနေမျိုးဖြင့် ရင်ဆိုင်နေရသည်။

ကာတွန်း စောငို - အဆိုးဆုံးကို ပြင်ထားကြ



ဇွန် ၁၀၊ ၂၀၀၉

Friday, June 5, 2009

ကာတွန်းစောငို - ရွှေပြည်ကြီး နီးအောင်လှမ်း







(ကာတွန်းဆရာက အခု မိုင် ၉၀၀ လမ်းလျောက်နေတယ်။ မြန်မာပြည်နဲ့ ဒေါ်စုလွတ်မြောက်ရေးအတွက်။ သူလုပ်နိုင်တဲ့ အလုပ်နဲ့ အချိန်တွေနဲ့ … )

Saw Ngo - Long March to Free Burma, UNSC way