Friday, December 25, 2009

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြုပြင်ခြင်း ရပ်ဆိုင်းရန် တားမြစ်ခံရ



ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြုပြင် နေခြင်းလုပ်ငန်း အရပ်ရပ်ကို နောက်ထပ် အမိန့်တစုံတရာ မရမခြင်း ရပ်ဆိုင်းထားရန် မနေ့က နံနက် ၁၀နာရီ ခန့်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စာပေးပို့ တားမြစ်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် ပြင်ဆင်ရန် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သူ ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
ထိုအမိန့်စာအရ အင်ဂျင်နီယာနှင့် အလုပ်သမား အားလုံးကို ပြန်လွှတ်ခဲ့ရ သလို ပြုပြင်လက်စ အပြီးမသတ် ရသေးသော ပြူတင်းပေါက်နှင့် တံခါးပေါက်များရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်နေကြောင်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြသွားပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြုပြင်ခွင့်ကို ခွင့်ပြုခဲ့၍ ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ပြန်လည်တားမြစ်ခဲ့ရခြင်းမှာ သူမ၏ အကို အမေရိကန် နိုင်ငံသား အဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦး၏ ရှေ့နေက ကန့်ကွက်ခဲ့သောကြောင့် ဖြစ်သည်ဟု သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် ပြုပြင်မပြီးသေးသည့် တံခါးပေါက်နှင့် ပြူတင်းပေါက်များ ရှိနေသည့် လုံခြုံမှု မရှီတော့သည့် နေအိမ်တွင် နေထိုင်နေရ၍ သူမ၏ လုံခြုံမှုအတွက် လက်ရှိတာဝန်ရှိသူများ၏ တာဝန်သာ ဖြစ်ကြောင်း သူ့ကို ပြောပြ ခဲ့သည်ဟုလည်း ဦးဥာဏ်ဝင်းက ပြောပါသည်။
သူ့အနေဖြင့် စည်ပင်သာယာ၏ အလျှင်စလို တားမြစ်မှုကို နားလည်နိုင်အောင် ဖြစ်ရကြောင်းနှင့် ထိုအမိန့် စာတွင် စုံစမ်း စစ်ဆေးမှုများ မပြီးမချင်းရပ်ဆိုင်းထား ရမည်ဟု ပါရှိသဖြင့် အချိန်ကာလ မည်မျှကြာအောင် စောင့်ရမည်ဟု မသိနိုင်ကြောင်း ဦးဥာဏ်ဝင်းက ပြောပြခဲ့ပါသည်။
၁၉၃၀ ခုနှစ်က တည်ဆောက်ခဲ့သော အင်္ဂလိပ်ခေတ်ပုံစံ အဆောက်အဦးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ခုနှစ် ဧပြီလ ၂ရက်နေ့ ကတည်းက စတင်နေထိုင်ခဲ့ပြီး မြေအခွန်အခများကိုလည်း ပေးဆောင်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သေဆုံးသည့် ၁၉၈၈ ခုနှစ်တွင် အကိုဖြစ်သူ ဦးအောင်ဆန်းဦးက ထိုနေအိမ်ကို ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိသမျှ နေထိုင်ခွင့် ရှိကြောင်းနှင့် အကယ်၍ ရောင်းချ မည်ဆိုပါက ရောင်းရငွေကို တဝက်စီခွဲယူရန်ရန် သဘောတူညီကြောင်း စာချုပ်တွင် လက်မှတ်ရေးထိုး ပေးထားခဲ့ပါသည်။
ဦးအောင်ဆန်းဦးက ထိုအိမ်ကိစ္စ အတွက် ရန်ကုန်တိုင်းတရားရုံးတွင် ပိုင်ဆိုင်ခွင့် ကိစ္စနှင့် ပါတ်သက်၍ ၂၀၀၁ ခုနှစ်ကတည်းက ဦးတိုက်လျှောက်ထားခဲ့ရာ ယခု အချိန်အထိ ထိုအမှုမှာ ပြီးပြတ်ခြင်း မရှိသေးကြောင်း ကိုလည်း ဦးဥာဏ်ဝင်းက ဆက်လက်ပြောပြ သွားပါသည်။

Tuesday, December 22, 2009

၂၀၀၉ အတွင်း အကျဉ်းထောင်တွင်း နိုင်ငံရေးသမားတဦး တတိယမြောက် သေဆုံး



ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ မြန်မာနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား မတင်တင်ထွေး ခေါ် မပု ဒီဇင်ဘာ ၂၃ ရက်နေ့က အင်းစိန်ထောင်တွင် အစာအိမ်ပေါက်ပြီး ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
၂၀၀၇ စက်တင်ဘာ ၂၆ - သံဃာအရေးတော်ပုံမှာ အခြားနိုင်ငံရေးလှုပ်ရှားသူ ၁၄ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး နိုဝင်ဘာ ၂၄ မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ၃ လ ချမှတ်ခြင်း ခံခဲ့ရရပါတယ်။ မကွယ်လွန်မီ သာယာဝတီအကျဉ်းထောင်မှာ အစာအိမ်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရလို့ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်အတွင်းမှာ စစ်အစိုးရရဲ့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ကွယ်လွန်ခဲ့ရတာ ၃ ဦး မြောက် ဖြစ်တယ်လို့ အေအေပီပီက သူတို့စာရင်းအရ ထုတ်ပြန်ပါတယ်။ ယခင်က ကွယ်လွန်ခဲ့သူတွေက ဆလိုင်းလှမိုးနဲ့ စောချာလိတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ လက်ရှိ နိုင်ငံရေးအကျဉ်းသာဦးရေ ထောင်နဲ့ချီပြီး ဖမ်းဆီးခံထားရချိန်မှာ ၁၉၈၈ မှ စတင်ရေတွက်လျင် အကျဉ်းထောင်တွင်း ကွယ်လွန်သူပေါင်း ၁၄၃ ဦး ရှိခဲ့ပြီလို့ စာရင်းအရ ရှိပြီ လို့ အေအေပီပီက ပြောပါတယ်။

Sunday, December 20, 2009

University of Rangoon




ရန်ကုန်တက္ကသိုလ်
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၁၉၊ ၂၀၀၉

ရန်ကုန်တက္ကသိုလ် (ပင်မ) ရဲ့ အဓိပတိလမ်း အ၀င်ဝ ဆိုင်းဘုတ်ဖြစ်ပါတယ်။ တက္ကသိုလ် စိန်ရတု (၁၉၉၅) က မွမ်းမံထားခဲ့တဲ့ ဒီဆိုင်းဘုတ်ဟာ အခုဆို စာလုံးများ ကွာကျမတတ်ဖြစ်နေပါပြီ။


အဓိပတိလမ်းမပေါ်မှ ပါမောက္ခတွေနေတဲ့ အိမ်တွေဖြစ်ပါတယ်။
နာဂစ်ကြောင့်အမိုးတွေ ပျက်စီးနေတာ ပြန်မပြင်နိုင်ရှာသေးဘူး။

ကျောင်းသားတွေ နေထိုင်ခဲ့ဖူးတဲ့ အဆောင်တဆောင်ရဲ့ ပျက်စီးနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ သစ်ပင်ကြီးက ပြိုလဲပြီး၊ အမိုးတွေကလည်း ပေါက်ပြဲနေပါတယ်။

အဓိပတိလမ်းမပေါ်ကပါပဲ။ ကျောင်းသားအဆောင်တွေရှေ့က ခြံစည်းရိုး။

အဓိပတိလမ်းမဘေးက ကြေမွနေတဲ့ ပလက်ဖောင်း။ ၀ါးလုံးတိုင်နဲ့ ကျားကန်ထားရတဲ့ ခြံစည်းရိုး။

ခြံစည်းရိုးတွေရဲ့ အနီးကပ်ပုံ။

တက္ကသိုလ်များ စာကြည့်တိုက်ရှေ့က နှစ်ခုပေါင်းမှ အင်္ဂါစုံမယ့် ခုံတန်းလေးနှစ်ခုက မျက်နှာချင်းဆိုင်နေတယ်။ တခုက ကျောမှီ မရှိတော့ဘူး။ တခုက ထိုင်စရာ မရှိတော့ဘူး။ ဒါရော နာဂစ်ကြောင့်ပဲလား။

ဒါကတော့ သစ်ပင်ငုတ်တိုလေး တခုရဲ့ နောက်က တက္ကသိုလ် စာကြည့်တိုက်မြင်ကွင်း။

အပန်းဖြေရိပ်သာ (RC) ရဲ့ အမိုးကတော့ တပြောင်ပြောင် ဖြစ်သွားပါပြီ။

သစ်ပုပ်ပင်အနီး အဓိပတိလမ်းမဘေးမြင်ကွင်း။ အုတ်တိုင်တွေပြိုကျသွားလို့ သစ်သားတိုင်တွေနဲ့ အစားထိုးထားတဲ့ ခြံစည်းရိုး။

ဘွဲ့နှင်းသဘင်ခန်းမကို သိပ္ပံဆောင်ရှေ့ကနေ လှမ်းမြင်ရပုံ။

ဒါကတော့ အဓိပတိလမ်းမတည့်တည့်က နေ လှမ်းမြင်နေရတဲ့ ခန့်ထည်နေဆဲ ဘွဲ့နှင်းသဘင်။

ပိတ်လှောင်ထားတဲ့ ခြံစည်းရိုးထဲက ထိုးထွက်ခက်ဖြာနေတဲ့ သစ်ပုပ်ပင်ကြီး။

ရွှေဘိုဆောင်နောက်ဘက်ကနေ RC ထဲကို ၀င်တဲ့ လမ်းကြားလေး။ အမိုးတွေ ပေါက်ပြဲနေတယ်။
အတွင်းပိုင်းမြင်ကွင်း။

ဂျပ်ဆင်ကြီးက ထီးထီးမားမား ရပ်နေဆဲပါ။

ဂျပ်ဆင်ရှေ့က ဆိုင်းဘုတ်ပြာရယ်.. သစ်ကိုင်းလေးနဲ့ ထောက်ထားရတယ်။

ခြုံနွယ်ပိတ်ပေါင်းကြားက သီရိဆောင်။ ကျက်သရေ ပြည့်ဝနေသေးရဲ့လား။

ရွှေဘိုဆောင်နဲ့ ဒဂုံဆောင်တို့ကြားက ပေါင်းကူးနေရာလေး။

အဲဒီပေါင်းကူးဘေးက တောင်ငူဆောင်ဘက် သွားတဲ့လမ်းမှာ အတုံးအရုံး ကျဆုံးနေတာ ဘာတွေပါလိမ့်။

အရိုးကျဲကျဲနဲ့ အမိုးပြဲနေသော ဒဂုံဆောင်။

တောင်ငူဆောင်ရဲ့ ရှေ့တည့်တည့် မြင်ကွင်း။

တောင်ငူဆောင်ရှေ့မှာ ရေကန်တခု အသစ်လုပ်ထားတယ်။ ဘေးမှာ ခုံတန်းနဲ့ဘာနဲ့။ ရေကူးကန်တော့ မဟုတ်တာ သေချာတယ်။

ဝေသာလီဆောင်ရှေ့မှာတော့ ရှေးခေတ်သံပိုက်လုံးကို ဖြုတ်ထားတယ်။ ပလတ်စတစ်ပိုက်နဲ့ အစားထိုးမယ်။

Sunday, December 13, 2009

ညီညီအောင် အင်းစိန်ထောင်တွင် အစာငတ်ခံ ဆန္ဒပြနေကြောင်း သူ၏ရှေ့နေ ပြောပြ



ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် (photo: moemaka)

မြန်မာပြည်တွင် အကျဉ်းကျနေသော အမေရိကန် နိုင်ငံသားတဦးသည် အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း သူ၏ ပြည်ပမှ ရှေ့နေက သောကြာနေ့တွင် ပြောလိုက်သည်။

မြန်မာပြည်ဖွား ကျော်ဇောလွင် ခေါ် ညီညီအောင်သည် နိုင်ငံရေး အကျဉ်းသားများအတွက် ပိုမို ကောင်းမွန်သည့် အခြေအနေများ ရရှိရန် တောင်းဆိုသည့် အနေဖြင့် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ပြီး အစားအစာ လက်ခံခြင်း မရှိတော့ကြောင်း ဝါရှင်တန်မှ သူ၏ ရှေ့နေ Beth Schwanke က ဆိုသည်။

အမေရိကန် သံတမန်များ သူ့ထံ သွားရောက်ခွင့် မရသေးကြောင်း၊ သောကြာနေ့က စီစဉ်ထားသော တရားရုံးချိန်းကိုလည်း သူ၏ ကျန်းမာရေး အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေက ပြောသည်။

"ကျမတို့ တော်တော်လေး စိုးရိမ်နေပါတယ်" ဟု ရှေ့နေက AFP သတင်းဌာနကို ပြောသည်။ "သူ့ကျန်းမာရေး ဆိုးသည်ထက် ဆိုးလာတယ်လို့ ကျမတို့ သိရပါတယ်။ အမေရိကန် သံရုံးက သူနဲ့ သွားတွေ့ခွင့် မရသေးတော့ သတင်းတွေ သိပ်မရသေးပါဘူး" ဟု ဆိုသည်။

ညီညီအောင်သည် ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်သူတဦး ဖြစ်ပြီး စက်တင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မြန်မာ့ နိုင်ငံရေးအဖွဲ့များက ပြောပြကြသည်။ အထိန်းသိမ်းခံနေရပြီး ကျန်းမာရေး မကောင်းသည့် သူ၏ မိခင်ထံ သွားရောက်စဉ် ထိုသို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

တရားရုံးက သူ့ကို မြန်မာ မှတ်ပုံတင် အတု ကိုင်ဆောင်မှု၊ အကောက်အခွန်ဌာနတွင် ငွေကြေးနှင့် ပတ်သက်ပြီး ကြေညာရန် ပျက်ကွက်မှုတို့ဖြင့် စီရင်လျက် ရှိသည်။

သူက စွပ်စွဲချက်များကို ငြင်းဆိုထားသည်ဟု ရှေ့နေက ရှင်းပြသည်။ ရန်ကုန်လေဆိပ်ရှိ အကောက်အခွန်ဌာန စစ်ဆေးရေးဂိတ်သို့ မရောက်မီမှာပင် အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ညီညီအောင်သည် သူတဦးတည်းအတွက် မဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသားများ အားလုံး တူညီသည့် အခွင့်အရေးများ ရရှိရေး အတွက် အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်သည်ဟု ရှေ့နေက ပြောသည်။

"ညီညီအောင်က နိုင်ငံရေး အကျဉ်းသားအများစုထက် ပိုပြီးတော့ ကောင်းကောင်းမွန်မွန် နေရမယ်ထင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ သူက အမေရိကန် နိုင်ငံသား ဖြစ်နေတယ်လေ။ ဟိုတလောတုန်းကဆိုရင် သူ့ကုတင်မှာ ခင်းဖို့အတွက် အိပ်ရာခင်းတခုတောင် ရလိုက်သေးတယ်" ဟု ရှေ့နေက ပြောသည်။

သို့သော်လည်း အမေရိကန် ကောင်စစ်ဝန်ရုံးက သွားရောက် ကြည့်ရှုမှု မပြုနိုင်သည့် ပထမ ၂ ပတ်အတွင်း အစားအစာ၊ ကျန်းမာရေး စောင့်ရှောက်မှုများ မရရှိခဲ့ကြောင်း၊ အိပ်စက် အနားယူခွင့်လည်း မရခဲ့ကြောင်း ရှေ့နေများက ပြောကြသည်။

Thursday, December 3, 2009

ဗိုလ်မှူးချုပ် ကျော်ဇော ၉၀ ပြည့်ပြီ၊ တပ်မတော်သားများကို ပြည်သူ့ဘက် ရပ်တည်ရန် မွေးနေ့တွင် တိုက်တွန်း

သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော နှင့်အတူ တွေ့ရသည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ဓာတ်ပုံ-RFA)

မြန်မာ့တပ်မတော်ကို စတင်တည်ထောင်သူတဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက တပ်မတော်သားများကို ပြည်သူများဘက်မှ ရပ်တည်ရန် ယနေ့ကျရောက်သည့် သူ၏ အသက် ၉၀ပြည့် မွေးနေ့တွင် ထပ်မံ တိုက်တွန်းလိုက်သည်။

BBC, RFA စသည့် ပြည်ပအခြေစိုက် အသံလွှင့်ဌာနများ မှတဆင့် ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

"တပ်မတော်သားတွေ ပြည်သူသာအမိ၊ ပြည်သူသာအဖ၊ ပြည်သူတွေရဲ့ မျက်နှာပဲ ကြည့်ကြပါ၊ ပြည်သူကို ရန်သူလို သဘောမထားလိုပါနဲ့လို့ ပန်ကြား လိုပါတော့တယ်" ဟု ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ပြောကြားချက်ကို ဘီဘီစီ အသံလွှင့်ဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားသည်။

ယခင်ကလည်း မြန်မာပြည် ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး တပ်မတော်သားများကို ပန်ကြားခဲ့ဖူးသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် ရဲဘော် သုံးကျိပ်ဝင် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအပါအ၀င် ရဲဘော်သုံးကျိပ်ထဲမှ ၂၈ ဦး ကွယ်လွန်သွားပြီ ဖြစ်ပြီး ယခုအခါတွင် သက်ရှိထင်ရှား ရဲဘော်သုံးကျိပ်ဝင်မှာ ၂ ဦးသာ ကျန်တော့သည်။ တရုတ်နိုင်ငံတွင် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ဇော နှင့် အခြားတဦးမှာ မြန်မာနိုင်ငံတွင် နေထိုင်သည့် ဗိုလ်ရဲထွဋ် တို့ ဖြစ်သည်။

ဘီဘီစီ အသံလွှင့်ဌာနနှင့် ဆက်သွယ်ပြောဆိုရာတွင် ဗိုလ်မှူးချုပ် ကျော်ဇောက မြန်မာလူထုကိုလည်း အားပေးစကား ပြောကြားသွားသည်။

"ကျနော် ချစ်လှတဲ့ ပြည်သူတွေ အခုအထိ ဆင်းရဲတွင်း နက်နေသေးတဲ့အတွက် ကျနော် စိတ်မကောင်းနိုင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေ မတရားမှု၊ ဖိနှိပ်မှု မျိုးစုံကို အလျှော့မပေးဘဲ တဗိုလ်ကျ တဗိုလ်တက်၊ တမျိုးဆက်ပြီး တမျိုးဆက် ဆက်လက် တိုက်ပွဲဝင်နေကြတာကို မပြတ် ကြားသိနေရတဲ့ အတွက် အဲဒီလို ပြည်သူမျိုးအတွက်တော့ ကျနော် အလွန် ဂုဏ်ယူပြီး အားရ ကျေနပ်မှု ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း မလျှော့တမ်း ဇွဲနဲ့ ကြိုးစား အားထုတ်ကြပါလို့ အားပေး မှာကြားလိုပါတယ်။ စည်းလုံး ညီညွတ်ကြပါ၊ သဘောထားကြီးကြပါလို့ ပြောပါရစေ" ဟု ဆိုသည်။

"ပြည်သူအများ လိုလား တောင့်တတဲ့ ဒီမိုကရေစီစနစ်ဟာ အမြန်ဆုံး ရရှိနိုင်ပါစေ။ အားလုံး ကျန်းမာချမ်းသာကြပါစေ" ဟုလည်း ဆုတောင်း လိုက်သည်။

ဗိုလ်မှူးချုပ် ကျော်ဇောသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားသော တိုက်ပွဲများတွင် အထူး ထင်ရှားပြီး အများ၏ လေးစားမှုကို ခံရသူ ဖြစ်သည်။ အာဏာရှင်ဦးနေ၀င်း၏လက်ရုံးများဖြစ်သည့် ဗိုလ်မှူးချုပ် သန်းတင်၊ သူရထွန်းတင်တို့ မကြာသေးမီနှစ်များအတွင်း ထုတ်ဝေခဲ့သော ကိုယ်တွေ့မှတ်တမ်း စာအုပ်များတွင်ပင် တရုတ်ဖြူတပ်များအား ရင်ဆိုင်ရစဉ်က စစ်ဆင်ရေးမှူးချုပ်အဖြစ် ဗိုလ်မှူးချုပ် ကျော်ဇော ဦးဆောင်မှုပေးခဲ့ပုံကို အလေးပေး ဖော်ပြထားသည်။

အာဏာရှင် ဦးနေ၀င်းက ၁၉၅၇ ခုနှစ်တွင် ဗိုလ်မှူးချုပ် ကျော်ဇောကို တပ်မတော်မှ ထုတ်ပယ်ခဲ့သည်။ ထိုအချိန်မှစပြီး ဗိုလ်မှူးချုပ် ကျော်ဇောသည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများတွင် အားသွန်ခွန်စိုက် လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

၁၉၇၆ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ ထိန်းချုပ်ရာနယ်မြေသို့ တိမ်းရှောင်ခဲ့သည်။

အသက် ၈၄ နှစ်အရွယ်မှ စပြီး သူ၏ ကိုယ်တွေ့မှတ်တမ်းကို ပြုစုခဲ့ရာ ထိုမှတ်တမ်းများကို http://www.cpburma.org/biography.htm တွင် ဖတ်ရှုနိုင်သည်။

ထိုမှတ်တမ်းတွင် သူသည် ပဲခူးတိုင်း သုံးဆယ်မြို့ဇာတိဖြစ်ပြီး မိဘများမှာ လယ်သမားများဖြစ်ကြောင်း အစချီပြီး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ၊ လုပ်ဖော်ကိုင်ဖက်များအကြောင်းကို ဖော်ပြထားသည်။

Sunday, November 15, 2009

အကျယ်ချုပ်ကျနေသည့် အတိုက်အခံခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးနှင့် ဇနီး ရွှေရတု အဖွဲ့ချုပ်တွင် ကျင်းပ




ယနေ့နံနက်က အင်န်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် ပါတီခေါင်းဆောင် ဦးတင်ဦးနှင့် ဇနီး ဒေါက်တာတင်မိုးဝေတို့၏ ရွှေရတုမင်္ဂလာအထိမ်းအမှတ် ဆွမ်းကျွေးကို ကျင်းပရာ ပါတီဝင်များ၊ မိသားစုများ မိတ်ဆွေများ တက်ရောက်ကြသည်။

ဦးတင်ဦးသည် ၂၀၀၃ မေ ၃၀ ဒီပဲယင်း လုပ်ကြံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စစ်အုပ်စုလက်ပါးစေများ၏ ၀ိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာ ၂၀၀၄ နှစ်ဆန်းအထိ စစ်ကိုင်းတိုင်း၊ ကလေးထောင်တွင် အကျဉ်းချခံခဲ့ရပြီး ထိုနောက် ရန်ကုန်ရှိ နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးခြင်း ယခုအထိ ခံထားရသည်။



ယခု အင်န်အယ်ဒီပါတီအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်တို့က စစ်အုပ်စုနှင့် ပြန်လည် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်လာကြစဉ် တပ်မတော်၏ ခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးနှင့် တွေ့ဆုံခွင့်ပြုရန် ဒေါ်စု၏ တောင်းဆိုမှုကို စစ်အုပ်စုက ပယ်ချထားခဲ့သည်။



၁၉၈၈ စက်တင်ဘာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်န်အယ်ဒီပါတီ ထူထောင်ပြီး ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ခဲ့သော အတိုက်အခံခေါင်းဆောင်များအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ယခင်တပ်မတော်ခေါင်းဆောင်ဟောင်းကြီးများဖြစ်ကြသော ဦးတင်ဦးနှင့် ကွယ်လွန်သူ ဦးကြည်မောင် တို့ကို မြန်မာပြည်သူလူထုက အထူး ချစ်ခင်ပြီး အားပေးထောက်ခံမှုများ ပြသခဲ့ကြသဖြင့် စစ်အုပ်စုက ၎င်းတို့ကို အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။

Thursday, November 12, 2009

ဒေါ်စုကို လွှတ်မှာလား




ယခုရက်အတွင်း ရန်ကုန်မှာ ပြောဆိုနေကြတာ သတင်းတပုဒ်ကတော့ နအဖ အစိုးရရဲ့ နိုင်ငံခြားရေးဌါန ညွှန်ချုပ် တဦးဖြစ်တဲ့ ဦးမင်းလွင်က ဖိလစ်ပိုင်နိုင်ငံမှာ ပြောခဲ့တဲ့ စကားတခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အစီအစဉ် ရှိတယ်၊ လာမယ့် ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီလိုပြောဆိုချက်ကြောင့် မြန်မာ့နိုင်ငံရေး အလားအလာကောင်းတွေ ပေါ်လာတော့မလား ဆိုပြီးအချို့ကမျှော်လင့် လာကြပါတယ်။ တချို့ကလည်း နအဖ အစိုးရကို မယုံရဲသေးပဲ စောင့်ကြည့်ဖို့ လိုသေးတယ်လို့ ဆိုကြပါတယ်။ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးနိုင်တယ် ဆိုရင် ဘာကြောင့် ရေကူးဝင်တဲ့ အမေရိကန်နိုင်ငံသား ကိစ္စမှာ အမှုဆင်ပြီး ထောင်ချလိုက်ရတာလဲ လို့မေးခွန်းထုတ်ကြပါတယ်။ မေလလယ်ကနေ သြဂုတ်လအထိ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားရော ကမ္ဘာက ကန့်ကွက်တာတွေကိုပါ ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဇွတ်ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ်ချမှတ်တာဟာ ပြစ်ဒဏ် ကျခံရတယ်ဆိုတဲ့ အဖြစ်ကို ရောက်အောင်နဲ့ ရွေးကောက်ပွဲမှ ဖယ်ရှားလိုတာကြောင့် ဆိုတာထင်ရှားတယ်လို့ အားလုံးကနားလည်ထားကြပါတယ်။
ဒါကြောင့် ယခုလပိုင်းမှာ အမေရိကန် အစိုးရရဲ့ သံတမန်ရေးအရ လှုပ်ရှားမှုအပေါ် နအဖက နိုင်ငံရေး အမြတ်ထုတ်တာလား ဆိုတဲ့ သံသယနဲ့ ရှုမြင်နေကြသူလည်း အများအပြားရှိနေဆဲပါ။ နအဖ အစိုးရ အချိန်ဆွဲလာတာ၊ လှည့်စားလာတာ တကြိမ်မကတော့ တာကြောင့် လည်းလူထုက မယုံရဲသေးတာပါ။

Tuesday, November 10, 2009

ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့်ကြုံ



AP

အမေရိကန် အရာရှိများနှင့် တွေ့ဆုံရန် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်သို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် ရလိုက်ကြသည်။ သို့သော်လည်း သတင်းထောက်များသည် စကားပြောဆို မေးခွန်းထုတ်ရန် ကြိုတင် တားမြစ်ခံထားရသည်။



AP

Reuters

Thursday, November 5, 2009

ကိုးကန့်ဒေသတွင် မူးယစ်ဆေး နှင့် ဆက်စပ်ပစ္စည်း ဒေါ်လာ သန်း၂၀ ဖိုး ဖျက်ဆီး



ယခင် ကိုးကန့်ဒေသ လက်နက်ကိုင်အဖွဲ့မှ အမျိုးသမီး တပ်ဖွဲ့ဝင်များ

မြန်မာအစိုးရက သံတမန်များကို တရုတ်မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသသို့ ခေါ်သွားပြီး ထိုဒေသတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ပြလိုက်သည်ဟု ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။

ကိုးကန့်ဒေသ၌ ပြီးခဲ့သည့်၂ လတာ အတွင်း ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အရေအတွက်သည် ၁၁ ဒဿမ ၉သန်းကျော် ရှိသည်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မူးယစ်ဆေး ဖျက်ဆီးခြင်း အခမ်းအနားတွင် ပြောလိုက်သည်။ ထိုပဏာမသည် ၈ လ အတွင်း တနိုင်ငံလုံးတွင် ဖမ်းမိသည့် စိတ်ကြွဆေးပြား အရေအတွက်ထက် ပိုများသည်ဟု ဆိုသည်။

၂ လအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းများ၊ ဆက်စပ် ပစ္စည်းများကို သံတမန်များ ရှေ့တွင် မီးရှို့ဖျက်ဆီးရာ စုစုပေါင်း တန်ဖိုး ဒေါ်လာ သန်း၂ဝကျော် ရှိသည်ဟု ရဲချုပ်က ပြောသည်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် အပါအ၀င် လေးဦးအုပ်စုသည် “စိတ်ကြွဆေး ထုတ်လုပ် ရောင်းချမှုများကို မာဖီးယားဂိုဏ်းများကဲ့သို့ ၎င်းတို့ နယ်မြေအတွင်း ၎င်းတို့ လေးဦး၏ အကာအကွယ်ဖြင့် ကိုယ်တိုင် ပြုလုပ်နေသကဲ့သို့ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုထားပြီး ယှဉ်ပြိုင်လာသူများကိုလည်း ရက်စက်စွာ ကလဲ့စားချေမှုများ ရှိခဲ့ကြောင်း” ရဲချုပ်၏ ပြောကြားချက်ကို သတင်းစာတွင် ရေးထားသည်။

မြန်မာအစိုးရတွင် ၁၉၉၉ မှ ၂ဝ၁၄ အထိ အကျုံးဝင်သော မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ် စီမံကိန်း ရှိသည်ဟု ဆိုသည်။

မူးယစ်ဆေးများကို မည်သည့်ဒေသသို့ ဖြန့်ချိ ရောင်းချခြင်း ဖြစ်ကြောင်း ရဲချုပ်၏ ပြောကြားချက်တွင် မတွေ့ရပေ။

ကိုးကန့်ဒေသတွင် ပြီးခဲ့သည့် အပတ်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများ အကြောင်းကို ထည့်သွင်း ဖော်ပြခြင်းလည်း မရှိပေ။

Friday, October 16, 2009

လုပ်အားပေး ဗဟုသုတ မြန်မာပြည်တွင် နည်းကြောင်း ILO အရာရှိပြော



ရှေ့တန်းရောက် တပ်မတော်သားများက အရပ်သားများကို ခိုင်းစေသည့် မြင်ကွင်းတခု (ဓာတ်ပုံ-freeburmarangers org)
မြန်မာပြည်တွင် လုပ်အားပေး စေခိုင်းမှုမှာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း သိရှိသူ အလွန် နည်းပါးသည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ မြန်မာပြည်ဆိုင်ရာ အရာရှိတဦးက Bi Weekly Eleven ဂျာနယ်ကို ပြောလိုက်သည်။

“သိတဲ့ ရာခိုင်နှုန်းကို ပြောရရင်တော့ အလွန်ကို နည်းပါသေးတယ်။ လူအများစုက ဒီဥပဒေ နဲ့ ဒီဥပဒေမှာ ပါတဲ့ ၎င်းတို့ရဲ့ အခွင့်အရေးတွေကို သိတောင် မသိကြပါဘူး” ဟု ILO ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိဖ်မာရှယ်က ယနေ့ထုတ် Bi Weekly Eleven ဂျာနယ်နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောလိုက်သည်။

မြန်မာနိုင်ငံတွင် လုပ်အားပေးခိုင်းစေမှုကို ပြည်နယ်နှင့်တိုင်း ၁၄ ခုတွင် တွေ့နိုင်သည်။

လုပ်အားပေး ခိုင်းစေသည့် အာဏာပိုင်တို့အား တရားပြန်စွဲသည့် သတင်းများ တခါတရံ ထွက်ပေါ်လာလေ့ရှိသည်။ နာမည်အကြီးဆုံးအမှုမှာ လွန်ခဲ့သည့် ၄ နှစ်က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ မစုစုနွေးက လုပ်အားပေး ခိုင်းစေသည့် အာဏာပိုင်များကို တရားစွဲဆိုခဲ့သည့်အမှု ဖြစ်သည်။

ထိုအမှုသည် လုပ်အားပေးခိုင်းစေသဖြင့် ဒေသခံ အာဏာပိုင်က ပထမဦးဆုံးအကြိမ် တရားစွဲခံရသည့် အမှု ဖြစ်ပြီး တရားလို မစုစုနွေးက အနိုင်ရခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် မစုစုနွေးသည် အာဏာပိုင်တို့၏ အငြိုးထား နှိပ်ကွပ်မှုဒဏ်ကို ခံခဲ့ရသည်။

မြန်မာပြည်တွင် လုပ်အားပေး စေခိုင်ခြင်း အမျိုးအစား များစွာ ရှိသည့်အနက် အသက်အန္တရာယ်နှင့် အနီးဆုံးမှာ ရှေ့တန်းစစ်မြေပြင်ဒေသများတွင် ပေါ်တာ ခေါ် အထမ်းသမားများအဖြစ် ခိုင်းစေခံရမှု ဖြစ်သည်။

လမ်းပြုပြင်ဖောက်လုပ်ရာတွင် လုပ်အားပေးနေရသူတချို့ (ဓာတ်ပုံ-cfob)

လုပ်အားပေး ခိုင်းစေမှု ဖြစ်ရသည့် အကြောင်းရင်း များစွာ ရှိသည်ဟု ILO ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိဖ်မာရှယ်က ပြောသည်။

“ယနေ့အထိ အဓမ္မ ခိုင်းစေမှုတွေ ရှိနေသေးတယ် ဆိုတာကတော့ ခိုင်းစေသူတွေက သူတို့ဟာ အခြားသူတွေထက် ကြီးမြတ်တယ်လို့ သူတို့ကိုယ်သူတို့ ယူဆနေကြလို့ပါပဲ။ ဒါဟာ သူတို့ရဲ့ နိုင်ငံသားတွေကို မလေးစားတာပါပဲ” ဟု စတိဖ်မာရှယ်က Bi Weekly Eleven ဂျာနယ်ကို ပြောလိုက်သည်။

Saturday, October 10, 2009

အမေရိကန်သမ္မတ အိုဘားမား ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ခြင်းခံရ




နိုင်ငံတကာက အာရုံစိုက်ကြတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဒီနှစ်မှာတော့ နော်ဝေအခြေစိုက် ဆုရွေးချယ်ရေးအဖွဲ့က အမေရိကန်သမ္မတ အိုဘားမားကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။ သမ္မတသက်တန်း ၉ လ သာ ရှိသေးတဲ့ အိုဘားမားကို အခုလို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်လိုက်တာကို နိုင်ငံတကာက ပရိသတ်တွေသာမက အိမ်ဖြူတော်အပါအ၀င် သမ္မတကိုယ်တိုင်လည်း အံ့အားသင့်သွားတယ်လို့ သတင်းများက ဆိုပါတယ်။

သမ္မတ အိုဘားမားကို ဆုချီးမြှင့်လိုက်တာဟာ သူရဲ့ အတိတ်ကဆောင်ရွက်ချက်များကို မူတည်ပြီးပေးတာမဟုတ်ဘဲ ယခုလက်ရှိ သူ ဦးတည်ဆောင်ရွက်နေတဲ့ နူလက်နက်ဖျက်သိမ်းရေး၊ ငြိမ်ချမ်းစွာ အားလုံး အတူတကွ ယှဉ်တွဲနေထိုင်ရေး နဲ့ ကမ္ဘာ့ကြီးရဲ့ ဥတုရာသီ မျှတလာစေရေးစတဲ့ မူဝါဒတွေက အမေရိကန်နဲ့ နိုင်ငံတကာမိသားစုတွေအပေါ်မှာ အပြုသဘောဆောင်တဲ့ တိုးတက်သော သက်ရောက်မှု၊ သြဇာရှိမှုတွေ ဖြစ်ပေါ်လာစေတဲ့အတွက် အဲသည်အကြောင်းအချင်းအရာတွေကို အသိအမှတ်ပြု၊ ထောက်ခံ အားပေးတဲ့အနေနဲ့ ဆုချီးမြှင့်တာ ဖြစ်တယ်လို့ ကော်မီတီက ထုတ်ပြန်ထားပါတယ်။

အိုဘားမားကိုယ်တိုင် အံ့အားသင့် မှင်သက်သွားတယ်၊ ပြီးတော့ မိမိကိုယ်ကိုယ် မိမိလည်း အခုလို ဆုရတဲ့အတွက် ဦးညွတ် နှိမ်ချမိပါတယ် လို့ ထုတ်ဖော်ပြောဆိုပါတယ်။ ဒီဆုကြီးဟာ လူ့ဘောင်လောကကြီးကို တိုးတက်ပြောင်းလဲစေတဲ့ ခေါင်းဆောင်တွေ၊ စံပြတွေအတွက်ပါ၊ မိမိနဲ့ ထိုက်တယ်လို့တောင် မယူဆရဲပါဘူးလို့လဲ ပြောလိုက်ပါတယ်။ သို့သော် ဒီဆုကို ချီးမြှင့်လိုက်တာဟာ အမေရိကန်နဲ့ ကမ္ဘာကြီးအတွက် မိမိတို့ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို အားပေး ထောက်ခံတာကို ပြသတဲ့သဘောတရားဖြစ်တယ်လို့ သူက ရှုမြင်တယ်လို့ ဆိုပါတယ်။

“ဒီ ငြိမ်းချမ်းရေး နိုဘယ်ဆုကို တရားမျှတမှုနဲ့ ဂုဏ်သိက္ခာအတွက် ရပ်တည်ချီတက်သူတိုင်းနဲ့ ကျနော်တို့ အတူတကွ မျှဝေကြရမယ်။ လမ်းမပေါ်မှာ ကျည်ဆံတွေ၊ နံပါတ်တုတ်တွေကို ရင်ဆိုင်ပြီး သူမရဲ့ အခွင့်အရေးတွေကို လူတွေကြားသိလာကြစေဖို့ ပါးစပ်ပိတ် ချီတက်နေကြတဲ့ အမျိုးသမီးကလေးတွေနဲ့လည်း ဒီဆုဟာ သက်ဆိုင်တယ်။ ဒီမိုကရေစီအရေး ရပ်တည်ချက်ကို မစွန့်လွှတ်တဲ့အတွက် နေအိမ်မှာ အကျယ်ချုပ် အကျဉ်းကျနေရတဲ့ ခေါင်းဆောင် အမျိုးသမီးကြီးအတွက်လည်း ဒီဆုဟာ သက်ဆိုင်တယ်။” လို့လည်း အိုဘားမားက ထုတ်ဖော် ပြောဆိုသွားပါတယ်။ သူရည်ရွယ်တာက ၂၀၀၉ ရွေးကောက်ပွဲကို အယုံအကြည်မရှိကြောင်း ဆန္ဒပြကန့်ကွက်လို့ လမ်းပေါ်မှာ နှိမ်နှင်းသတ်ဖြတ်ခံခဲ့ရသူ အီရန်က အမျိုးသမီးလူငယ်များနဲ့ နေအိမ်မှာ ၁၀နှစ်ကျော် အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင်၊ ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရည်ရွယ်တယ်လို့ သုံးသပ်ကြပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာနိုင်ငံရေးစင်မြင့်မှာ ဦးဆောင်မှုနဲ့ သြဇာကို နိုင်ငံတကာမိသားစုတွေက အကောင်းဖက်က ရှုမြင်တယ်၊ မျှော်လင့်တယ်၊ ကြိုဆိုနေတယ်ဆိုတာကို အခုလို အမေရိကန်သမ္မတတဦးကို ကမ္ဘာ့ငြိမ်ချမ်းရေး နိုဘယ်ဆု ချီးမြှင့်လိုက်တာက သက်သေပြနေတယ်လို့ မှတ်ချက်ပေးကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့ကြပါတယ်။ သူမအသက်က ၄၆ နှစ် မှာ ဖြစ်ပါတယ်။ အခု အိုဘားမားက ၂၀၀၉ မှာ ဆုရပါတယ်။ သူ့အသက်က ယခု ၄၈ နှစ် ဖြစ်ပါတယ်။

(ဓာတ်ပုံ - အင်တာနက်၊ အေပီ။ ချီကာဂိုက ကော်ဖီဆိုင်တခုမှာ သတင်းနားထောင်နေကြစဉ်)

Sunday, October 4, 2009

၅ထောင်တန် အသစ် ၂ရက်နေ့မှာ ထွက်ရှိလာ၊ လူအများ လိုလားမှု နည်းပါး




၅ထောင်တန်၏ အရွယ်အစားမှာ ၁၀၀၀ တန်နှင့် အရွယ် အစား မဆိုစလောက် တိုပြီး ပေါ်လွင်သည့် အရောင်မှာ အနီနှင့် လိမ္မော်ရောင် ဖြစ်သည်။ (ဓာတ်ပုံများ - မိုးမခ)

အောက်တိုဘာလ ၁ရက်နေ့တွင် ၅ထောင်တန် ငွေစက္ကူသစ် ထွက်ရှိမည်ဟု ကြေညာထားသော်လည်း ယနေ့ နံနက် ၁၁နာရီ ၀န်းကျင်မှသာ အမှန်တကယ် ထွက်ရှိလာသည်။

ယနေ့နံနက် ရန်ကုန်မြို့မှ ဘဏ်ဖွင့်ချိန်တွင် လဲလှယ်၍ မရပေ။ ဘဏ်အသီးသီးက ရန်ကင်းမြို့နယ်ရှိ ဗဟိုဘဏ်သို့ သွားရောက်ထုတ်ယူရပြီး တဘဏ်လျှင် သိန်း တထောင် ၀န်းကျင် လဲလှယ်ပေးကြောင်း ဘဏ်အရာရှိတဦးက ပြောသည်။

နံနက်ပိုင်းကပင် ငွေစက္ကူ အသစ် လာရောက်လဲလှယ်သူများ ရှိသည် ဟုသိရသည်။ ငွေထုတ်ငွေလွဲ ပြုလုပ်သူများကို တဦးလျှင် သောင်းဂဏန်းမျှသာ လဲလှယ် ပေးကြောင်းသိရသည်။

၅၀၀၀ တန် ထုတ်ဝေလိုက်ခြင်းပေါ် လူအများစုမှာ နှစ်သက်လိုလားခြင်း မရှိဘဲ အကြွေရှားပါးမှု ပိုမို ဖြစ်ပေါ်လာမည့် အရေး နှင့် ငွေကြေး ဖောင်းပွလာမည့် အရေးတို့ကို စိုးရိမ် ပူပန်နေကြကြောင်းလည်း သိရသည်။

ရန်ကုန်မြို့မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးက “၅ထောင်တန်ပေးတဲ့လူ ရှိရင်တော့ ယူရမှာပဲ။ မယူပါဘူး ဆိုပြီးတော့ သွားတိုင်ရင် ရှင်းနေရဦးမယ်။ ၁ထောင်တန်တောင် ဘယ်လို အမ်းရမလဲ မသိဖြစ်နေတဲ့ ခေတ်မှာ ၅ထောင်တန် ဆိုတော့ စဉ်းစားကြည့်ပေါ့။ အကြွေကို နိုင်နင်းအောင် မထုတ်ဘဲနဲ့။ ၅ထောင်တန်ဟာ အောက်ခြေ လူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် လက်လှမ်း မမှီနိုင်တဲ့ စက္ကူပါပဲ။ အကြွေ ရှားလာရင် အမ်းရလွယ်အောင် ပစ္စည်းဈေးကို နည်းနည်းချင်း လိုက်တင်ပြီး ငွေကြေးဖောင်းပွလာမှာပဲ စိုးရိမ်တယ်” ဟုဆိုသည်။

အစိုးရက ၅ထောင်တန် ငွေစက္ကူ ပမာဏမည်မျှ ထုတ်မည်၊ ယခင်ငွေစက္ကူများကို ပြန်လည် သိမ်းဆည်းသွားမည်၊ မသိမ်းဆည်းဘဲ အပိုပမာဏ အနေဖြင့် ထုတ်သွားမည် စသည့် အချက်များကို ကြေညာ အသိပေးခြင်းမရှိဘဲ ယခင် အကြိမ်များ ကဲ့သို့ပင် ရေငုံ နှုတ်ပိတ်လျက်ရှိသည်ကို တွေ့ရသည်။
၅ထောင်တန် ထုတ်ခြင်း နှင့်ပတ်သက်သည့် စီးပွားရေး ပညာရှင်များ၏ ဝေဖန် သုံးသပ်ချက်များကိုလည်း ပြည်တွင်းထုတ် ဂျာနယ်များတွင် မျှတစွာ ဖေါ်ပြခွင့် မရရှိဘဲ၊ ငွေစက္ကူသယ်ဆောင် ပေးချေရ လွယ်ကူသည့် သဘော သုံးသပ်ချက်များကိုသာ ဖေါ်ပြခွင့်ပြုသည်ကို တွေ့ရသည်။

“ငွေကြေး သဘောတရား အရ ဘာမှ ရိုက်ခတ်မှု မဖြစ်နိုင်ဘူး၊ တထောင်တန် ငါးရွက်ကို ငါးထောင်တန်လို့ ခေါ်သည် လို့ပဲ ဆိုရပါမယ်” ဟု ဘဏ်လုပ်ငန်း ကျွမ်းကျင်သူ ဦးဝင့်ကျော်၏ ဖြေကြားချက်ကို ၀ိကလီး အလဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။ ထိုသို့သော ပြောဆိုချက်များ၊ ချီးကျူးမှုများကိုသာ ဖော်ပြခွင့်ရသည်ကိုလည်း တွေ့ရသည်။

၅၀၀၀ တန် စတင်ဖြန့်မည်ဟု ကြေညာထားသော ယမန်နေ့က မြင်ကွင်းများ

Tuesday, September 29, 2009

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီပါတီ ၂၁ နှစ်ပြည့် ကြေငြာချက်ထုတ်ပြန်


စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်ရှိ ပါတီဌာနချုပ်တွင် ပါတီထူထောင်ခြင်း ၂၁ နှစ်ပြည့် အခမ်းအနားကျင်းပခဲ့ရာတွင် ပါတီက အစည်းအဝေးသဘာပတိမိန့်ခွန်းနှင့် ပါတီ၏ ထုတ်ပြန်ချက်ကို ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေး အဖြေရှာရေး စသည်တို့အပြင် ပါတီ၏စည်းရုံးရေးလုပ်ငန်းများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိရန်၊ ၉၀ ရွေးကောက်ပွဲအနိုင်ရသော်လည်း ဖျက်သိမ်းခံခဲ့ရပြီးသည့် ပါတီများ ပြန်လည် လှုပ်ရှားခွင့် ရရေးတို့ကိုပါ တောင်းဆိုထားသည်ကို တွေ့ရသည်။

NLD-21Year Statement

Friday, September 25, 2009

အမေရိကန် မူဝါဒသစ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို




အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပါတယ်။ ပိတ်ဆို့အရေးယူမှုနဲ့ အတူ ထိတွေ့ဆက်ဆံမှုကို အတူတွဲလုပ်သင့်တယ်ဆိုတဲ့ မူဝါဒသစ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ထုတ်ဖော်ပြောကြားအပြီး တရက်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရှေ့နေတွေနဲ့ ဒီနေ့ညနေ တွေ့ဆုံစဉ် အမေရိကန် နိုင်ငံခြားရေးမူဝါဒ အသစ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အကောင်းမြင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့တော့ ဒါ သဘောတူပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း အခါအခွင့်သင့်တိုင်း တိုက်ရိုက် စကားပြောဆိုခြင်းဟာ ကောင်းတယ်ဆိုတာ သူ အမြဲပြောခဲ့တာပဲတဲ့။ ဒါကြောင့် ဒီဥစ္စာကို သူ သဘောတူတယ်တဲ့။ ဒါပေမဲ့ တိုက်ရိုက်တွေ့ဆုံတယ်ဆိုတာ တဘက်တည်း မသင့်ပါဘူးတဲ့။ အစိုးရရော၊ အတိုက်အခံရော ဒီလိုတွေ့ဆုံတယ်ဆိုရင် ပိုပြီး အကျိုးရှိပါလိမ့်မယ်တဲ့။”

ဒီနေ့ညနေပိုင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက တာဝန်ရှိသူတချို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို သွားပြီး မြန်မာနိုင်ငံအပေါ် အမေရိကန်က ထားရှိမယ့် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနေချိန်မို့ သံရုံးက တာဝန်ရှိသူတွေ လာရှင်းပြခဲ့ချိန်မှာ ကိုယ်တိုင် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သတင်းတွေထဲမှာ ကြားသိထားတဲ့အတိုင်း အမေရိကန် မူဝါဒအသစ် အကြောင်းကို ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ မူဝါဒသစ်ကတော့ အမေရိကန်တို့ အနေနဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကို မရုပ်သိမ်းသလို တဘက်ကလည်း ထိတွေ့ဆက်ဆံရေးနဲ့ စစ်အစိုးရကို ဆက်ဆံသွားဖို့ ဖြစ်ပါတယ်။ အမေရိကန် မူဝါဒအသစ်နဲ့ ပတ်သက်ပြီး မကြာခင်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခု မြန်မာနိုင်ငံအပေါ်မှာ ထားရှိဆက်ဆံမယ့် အမေရိကန်တို့ရဲ့ မူဝါဒသစ်အပေါ်ကို ဒေါ်အောင်ဆန်းစုကြည်က သတိထား ကြိုဆိုလိုက်သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ ပိုပြီး သတိထား ကြိုဆိုခဲ့ပါတယ်။

“တခုပဲရှိတယ်၊ ဒီအထဲမှာ sanctions တွေကို သူ လွှင့်မပစ်ဘူးပေါ့ဗျာ၊ ဖယ်ချမပစ်ဘူး၊ စွန့်လွှတ်မပစ်ဘူးဆိုတဲ့ အတွက်တော့ ကျနော်က စိတ်သက်သာရာရတယ်လို့ ပြောချင်ပါတယ်၊ တစ်အချက်က။

“နှစ်ကတော့ သူက ထိတွေ့ဆက်ဆံမှုလုပ်မယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ လုပ်ဟန်က မစ္စတာလီကွမ်ယူး (Mr. Lee Kuan Yew) တို့ ကတည်းက စခဲ့လို့ အာဆီယံက အများကြီး ကျင့်သုံးခဲ့ပြီးပြီ။ နိုင်ငံရေးအားဖြင့် ဘာမှ ထိရောက်မှု မရှိခဲ့ပါဘူး။ အဲတော့ ဒီပေါ်လစီကို သုံးကြည့်ရင်လည်း သုံးကြည့်ပေါ့။ သို့သော် ဒီဟာက ဗမာအစိုးရလို ခေါင်းမာတဲ့၊ သို့မဟုတ် လှည့်စားတတ်တဲ့၊ သို့မဟုတ်လည်း ဟန်ဆောင်တတ်တဲ့၊ သို့မဟုတ် ဗြောင်ငြင်းတတ်တဲ့ စစ်အစိုးရမျိုးနဲ့တော့ ဘာမှ အကျိုးထူးလိမ့်မယ် မဟုတ်ဘူးလို့ ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။”

သတင်းစာဆရာကြီး ဦးဝင်းတင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင်ရှေ့နေတွေ တွေ့ဆုံကြတဲ့အထဲမှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့ အယူခံဝင်ထားတဲ့ အမှုအတွက် အမိန့်ချမယ့် ကိစ္စတွေလည်း ပါဝင်ပါတယ်။ တိုင်းတရားရုံးက ဘယ်လိုဆုံးဖြတ်ချက် ချမယ်ဆိုတာ မသိသေးပေမဲ့ ဘယ်လိုအမိန့်ထွက်လာရင် ဘာလုပ်မလဲ ဆိုတာတွေကိုတော့ ကြိုတင်တိုင်ပင်လာခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီဥစ္စာနဲ့ ပတ်သက်ပြီး ဘယ်လိုအမိန့်ထွက်ရင် ဘာလုပ်မလဲ ဆိုတာကတော့ အမိန့်က မထွက်သေးတော့ အန်ကယ်တို့ အဲဒါကိုတော့ မပြောနိုင်သေးပါဘူး။ အယူခံနဲ့ ပတ်သက်ပြီး သဘောထား ပြောရရင် အမှုမှာပေါ်ပေါက်တဲ့ ငြင်းဆိုတဲ့ အချက်တွေကို တရားရုံးက ပြည့်ပြည့်စုံစုံ မသုံးသပ်ဘူးလို့ သူ အဲဒီလို မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ပတ်သက်လို့ အယူအဆ အမျိုးမျိုး တွေးလို့ရတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေဆီ စာရေးပြီး တင်ပြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“တချို့စည်းကမ်းချက်တွေက အယူအဆတွေ နှစ်မျိုး သုံးမျိုး ထွက်နိုင်တယ်။ အဓိပ္ပာယ် မရှင်းလင်းဘူး။ အဲဒီလိုဟာတွေနဲ့ ပတ်သက်ပြီးတော့ စာရေးသား ပြုစုပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြဖို့ သဘောတူတယ်။ အဲဒီစာကိုလည်း အမြန်ဆုံးရေးပါဆိုလို့ ကျနော် ဒီညရေးပြီး မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ approval ထပ်ယူပါ့မယ်။ အဲဒီစည်းကမ်းချက်ထဲမှာ အချက်တချက် ပြောနိုင်တာကတော့ ဒေါက်တာတင်မျိုးဝင်းနဲ့ ပတ်သက်ပြီး အခု ပြီးခဲ့တဲ့ Sunday ကတော့ တွေ့ခဲ့ပြီးပြီပေါ့လေ၊ အဲတော့ ဒီလို ဆေးစစ်တာမျိုးကို အရင်တုန်းက ရှိခဲ့ဖူးတဲ့ မူအတိုင်းပဲ လစဉ် ပထမ ကြာသပတေးမှာ ဆေးစစ်ခံယူဖို့လည်း ထည့်သွင်းဖော်ပြဖို့ ကျနော်တို့ သဘောတူထားပါတယ်။”

ဒါ့အပြင် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“ဆွေးနွေးတာကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အားလုံးကို ပြောတာပါပဲ။ အခု အကျဉ်းသားတွေ လွှတ်တယ်။ ဦးနိုင်းနိုင်းလို လူမျိုးက အင်းစိန်ထောင်က ထွက်တာနဲ့ ရုံးကို တန်းရောက်တယ်။ ဒါမျိုးတွေ အန်ကယ်တို့ ပြောပြတယ်။ ပြောပြတော့ သူ ကျေနပ်တယ်တဲ့၊ ဒီလိုစိတ်ဓာတ်မျိုးကို သူ အများကြီး ချီးကျူးပါတယ်တဲ့။ နောက်တခုက NLD အဖွဲ့ အနေနဲ့လည်း နိုင်ငံရေး အကျဉ်းသားတွေ၊ NLD မှမဟုတ်ဘူး၊ အဖွဲ့ချုပ်ကို လာရောက် အကူအညီတောင်းတဲ့ လူတွေကို တတ်နိုင်သမျှ ပံ့ပိုးနေတယ် ဆိုတာကိုလည်း သူ ၀မ်းသာပါတယ်တဲ့၊ အဲလိုပြောပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်း အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ၄ ဦးဟာ ဒီနေ့ နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ ၂ နာရီကြာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

Friday, September 11, 2009

ဒေါ်စုအိမ် လုံခြုံရေး ယဉ်ကျေးမှုနဲ့ မညီ




နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လုံခြုံရေးအာဏာပိုင်တွေရဲ့ စောင့်ကြည့်မှု ပြင်းထန်လွန်း တဲ့အတွက် သွားလာနေထိုင်မှုမှာ ကျဉ်းကျပ်လွန်းလို့ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ သူ့ရဲ့ တရားရုံးအယူခံ လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ သွားရောက် တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ဆက်သွယ် မေးမြန်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး တရားရုံးကနေ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီးတဲ့နောက် လျှော့ပေါ့ ဆိုင်းငံ့ထောင်ဒဏ် တနှစ်ခွဲကို နေအိမ်မှာ အကျယ်ချုပ်ဘ၀နဲ့ ဆက်ပြီး ကျခံနေရတာပါ။ အရင်တုန်းကလည်း နှစ်အတော်ကြာ အကျယ်ချုပ် ကျခံခဲ့ရပေမဲ့ အခုတကြိမ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေဟာ အရင့်အရင် အကြိမ်တွေကထက် ပိုပြီး ပြင်းထန် တင်းကျပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောထားဖူးပါတယ်။ အခုလည်း လုံခြုံရေး အစီအမံတချို့အပေါ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက ဒီခြံဝင်းကြီးမှာ ဒီအိမ်တလုံးမှာပဲ လူနေတယ်။ နေတဲ့လူကလည်း အမျိုးသမီး ၃ယောက်၊ ဒေါ်အောင်ဆန်းစုကြည်ရော ဒေါ်ခင်ခင်ဝင်းရော၊ သူတို့တွေက ၆၀ ကျော်၊ မိန်းကလေးတယောက် မ၀င်းမမ ရှိတယ်၊ ဒါပဲရှိတယ်။ အဲတော့ ခြံဝင်းထဲမှာ လုံခြုံရေး မချပေမဲ့ ခြံပတ်ပတ်လည် အပြင်မှာ လုံခြုံရေးချတယ်။ အဲဒီ လုံခြုံရေး တွေကလည်း ခြံထဲကို မြင်နိုင်တဲ့ အနေအထားနဲ့ ချတယ်။ အဲတော့ အိမ်ရဲ့အပြင်ကို ထွက်တိုင်း ထွက်တိုင်း ခြံပြင်ကနေ ကြည့်တယ်။ ဒါ လုံခြုံရေးအရ လိုအပ်ချက်လည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အိမ်အပြင်ကို ထွက်ခဲတယ်လို့ ကျနော် အဲဒီလို နားလည်တယ်။ ဟိုအမျိုးသမီး အငယ်ကတော့ လိုအပ်တဲ့အချိန် သူ လုပ်စရာ၊ ပြုစရာ ထွက်တာ။ ထွက်တိုင်း ထွက်တိုင်း အပြင်ကနေ ကြည့်တယ်၊ စာရွက်နဲ့မှတ်တယ်။ ဒီဥစ္စာ ဒေါ်အောင်ဆန်းစုကြည် ပြောတာက ယဉ်ကျေးမှုအရတောင် မကောင်းဘူးလို့ အဲဒီလို ပြောလိုက်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ တဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) က သူ့သဘောနဲ့သူ တိတ်တဆိတ် ရေကူးဝင်လာ ခဲ့ပြီးတဲ့နောက် အကျယ်ချုပ် တားမြစ်မိန့်ကို ဒေါ်အောင်ဆန်းစုကြည်က ဖောက်ဖျက်တယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ် ခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ စစ် ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြခဲ့ပြီးတဲ့နောက် မစ္စတာယက်တောကို လူသားချင်း စာနာ ထောက်ထားမှု အခြေခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမ တို့ကတော့ ခရိုင်တရားရုံးရဲ့ အပြစ်ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့အတွက် တိုင်းတရားရုံးကို လျှောက်ထားခဲ့တာမှာ ကြားနာဖို့ လက်ခံခဲ့ပြီးဖြစ်တာကြောင့် လာမယ့် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရှေ့နေတွေ လျှောက်လဲချက် ပေးကြရပါမယ်။ ဒီကနေ့ အဲဒီလျှောက်လဲချက် ပေးဖို့ကိစ္စ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင်ရှေ့နေ ၄ ဦးတို့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။

“၁၈ ရက်နေ့မှာ ပေးရမယ့် လျှောက်လဲချက်ပေါ့၊ ပေးရမယ့် လျှောက်လဲချက်ဆိုတာ ကျနော်တို့က အယူခံ အကြောင်းပြချက် ၁၁ ချက် ရေးထားတယ်။ ဒီ ၁၁ ချက်လုံးကိုလည်း ဒေါ်စုက သိပြီးသား။ ကျနော်တို့ အစတုန်းက ဆွေးနွေးတော့။ ဒါပေမဲ့ အခု ဒီနေ့ ဆွေးနွေးတော့ ဒီ ၁၁ ချက်ထဲမှာ လျှောက်လဲချက်ကြရင် ပေါင်းစည်းပေးရမယ့် ဥပဒေရဲ့ သဘောတွေပေါ့၊ ပြီးတော့ အကြောင်းချင်းရာ သဘောတွေ၊ အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြတယ်။ ဒီနေ့အနေနဲ့တော့ ၁၁ ချက်စလုံးကို ကျနော်တို့ ပြီးစီးအောင် ဆွေးနွေးနိုင်တဲ့ သဘောတော့ ရှိပါတယ်။”

အထူးတရားရုံးမှာ အမှုရင်ဆိုင်နေစဉ် ကာလအတွင်း အင်းစိန်ထောင်ဝင်းတွင်းမှာ ချုပ်နှောင်ခံထားခဲ့ရပြီးတော့ ထောင်ဒဏ် ချမှတ်ပြီးတဲ့နောက် နေအိမ်ကို ပြန်ပို့တဲ့အခါ စည်းကမ်းသတ်မှတ်ချက်တွေ ချထားတဲ့အထဲ ဆရာဝန်တွေ့ခွင့်ကိစ္စလည်း ပါဝင်ပါတယ်။

အာဏာပိုင်တွေက ဆရာဝန်တဦး လွှတ်ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ကျန်းမာရေး နောက်ကြောင်း သမိုင်းကို သိပြီး တောက်လျှောက် စစ်ဆေးကုသလာခဲ့တဲ့ ဆရာဝန်နဲ့ပဲ ဆက်ပြီး ပြသဖို့ တောင်းခံထားပေမဲ့ အာဏာပိုင် တွေဘက်က ခုထိ တရားဝင် ဘာမှ အကြောင်းမကြားသေးသလို အရင်လွှတ်ခဲ့တဲ့ ဆရာဝန်နဲ့ ပြသနေတာမျိုးလည်း မရှိဘူး လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒါ့အပြင် ဧည့်သည်တွေ့ခွင့်လို ကိစ္စရပ်တွေကလည်း ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အတွက် တင်ပြဖို့ ပြင်ဆင်ပြီးသွားပြီလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အရင်တခေါက်က ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ချက်တွေ ပေးတယ်။ ဒီအပေါ်မှာ ကျနော်တို့ ရေးသားပြီးတော့ ထားတာပေါ့ အကြမ်း။ အဲဒီ အကြမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဒီနေ့ ထပ်ဆွေးနွေးတယ်။ ထပ်ဆွေးနွေး ပြီး အဲဒီဟာကို ကျနော်တို့ ပြုစုပြီးတော့ မကြာခင် တင်ပါ့မယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဖြစ်တာကြောင့်ရယ်၊ တဦးပေါ်တဦး အာဃာတ မရှိစေဖို့ရယ်၊ ဒီမိုကရေစီလမ်းကြောင်း အနှောင့်အယှက် မဖြစ်စေဖို့ရယ် စတာတွေကို ရည်စူးပြီး စာနာထောက်ထား ညှာတာလိုတဲ့အတွက် ဆိုပြီးတော့ နေအိမ် အကျယ်ချုပ် ပြန်ချခဲ့ပါတယ်။

အခုလက်ရှိ နေအိမ်အကျယ်ချုပ် ၁၈ လဆိုတဲ့ ကာလအတွင်း မြန်မာအာဏာပိုင်တွေက ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီးစီးသွားဖွယ် ရှိတာကြောင့် မြန်မာစစ်အစိုးရဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်နိုင်အောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ ဝေဖန်ပြောဆိုကြပါတယ်။

ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုညီညီအောင်နှင့် ဆက်သွယ်ခွင့်ရဖို့ အမေရိကန်သံရုံးကြိုးပမ်း




၈၈ မျိုးဆက်ကျောင်းသား နိုင်ငံရေးတက်ကြွသူ အမေရိကန် နိုင်ငံသားတဦးဟာ မကြာသေးခင်က မြန်မာနိုင်ငံကို အသွား အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရလို့ အမေရိကန်သံရုံး တာဝန်ရှိသူတွေက တွေ့ဆုံခွင့်ရဖို့ တောင်းခံထားပါတယ်။ ဖမ်းဆီးချိန် က စလို့ သူ့မိသားစုတွေကတော့ သူ့အခြေအနေကို တိတိကျကျ မသိနိုင်ဘဲ ဖြစ်နေရလို့ စိုးရိမ်မကင်း ဖြစ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း သိထားသမျှ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ နေထိုင်သူ မြန်မာ့အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ဟာ ဒီလ ၃ ရက်နေ့ကပဲ ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံကိုအသွား ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာပဲ ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း မိသားစု နဲ့ နီးစပ်သူတွေက ပြောကြတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုအခါမှာ အမေရိကန်နိုင်ငံ ကလည်း သိရှိထားပြီး ဖြစ်သလို ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကလည်း ဆက်သွယ် စုံစမ်းမှုတွေ လုပ်ဆောင်နေပြီလို့ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်တဲ့ အီရန် ကယ်လီ (Ian Kelley) က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

"ဒီသတင်းကျနော်တို့ ရရချင်းဆိုသလိုပါပဲ၊ ကျနော်တို့ အစိုးရဆီသွားပြီး သတင်းအချက်အလက် ရယူဖို့ တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့လည်း လူပုဂ္ဂိုလ်တဦးချင်းရဲ့ အခွင့်အရေး အကာအကွယ်ပေးတဲ့ ဥပဒေအရ ကျနော်တို့ ဒါတွေနဲ့ ပတ်သက်လို့ အသေးစိတ်တော့ ထုတ်ပြောခွင့်မရှိပါဘူး။ ကောင်စစ်ဝင်ရုံး တာဝန်ရှိသူတွေက တွေ့ဆုံခွင့်တွေ ရဖို့လည်း ကျနော်တို့ တောင်းခံထားပါတယ်။"

အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသူ ကိုညီညီအောင် ရဲ့ မိသားစုဝင်တွေကတော့ ဖမ်းဆီးခံရတဲ့သတင်း ကြားသိသိ ချင်းဆိုသလို ဆက်သွယ်စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ အခုအချိန်အထိ အခြေအနေကို ရေရေရာရာ မသိရလို့ စိုးရိမ် မကင်း ဖြစ်နေရတာပါ။ အမေရိကန်နိုင်ငံမှာရှိတဲ့ မိသားစုမိတ်ဆွေတဦးဖြစ်တဲ့ ကိုဇော်ဇော် ကတော့ သူ့ကို ဖမ်းသွားချိန်က စလို့ အကျိုးအကြောင်း မသိရတဲ့ အခြေအနေမို့ စိတ်ပူနေကြတာလို့ ပြောပါတယ်။

"ကျနော်တို့သိတာကတော့ ဘန်ကောက်မှာရှိတဲ့ သူ့အစ်ကိုကနေတဆင့် ကျနော်တို့ သိတာပေါ့လေ။ သူ ရန်ကုန် လေဆိပ် ရောက်တော့ သူ့ကို ဖမ်းသွားတယ်ဆိုတဲ့ သဘောမျိုး သိလိုက်ရတယ်ပေါ့နော်။ ဒါပေမဲ့ အသေးစိတ် ဘယ်လိုပုံစံမျိုးနဲ့ ဖမ်းသွားတယ်ဆိုတာတော့ ကျနော်တို့ အသေးစိတ် မသိရသေးဘူး။ အခုလောလောဆယ်က သူ ဘယ်မှာ ရောက်နေမှန်း မသိတော့ ကျနော်တို့အားလုံး သူငယ်ချင်းတွေ အကုန်လုံးက စိတ်ပူတယ်။ ဘယ်ရောက်လို့ရောက်မှန်းမသိ၊ ဘာမှလည်း သတင်းမကြားတဲ့အခါကျတော့ ကျနော်တို့ အားလုံးကတော့ အဓိက သူ့ရဲ့ လုံခြုံရေးကို စိတ်ပူတယ်ပေါ့။ ဘာများဖြစ်လဲပေါ့။ တခုခု ခေါ်သွားပြီး ပျောက်သွားတာမျိုး အရင်တုန်းကလည်း ရှိခဲ့တာမျိုးရှိတော့ ကျနော်တို့က အတော်လေး စိုးရိမ်ပါတယ်။"

အခု အာဏာပိုင်တွေ ဖမ်းဆီးတာ ခံလိုက်ရတယ်ဆိုတဲ့ ကိုညီညီအောင် ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး တောင်းဆို အုံကြွမှု တွေမှာ ပါဝင်ခဲ့တဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပါတယ်။ ဒီလိုပဲ သူ့ရဲ့ မိခင်ဖြစ်သူ အသက် ၆၀ အရွယ်ရှိ ဒေါ်စန်းစန်းတင် ဟာ ဆိုရင်လည်း ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာတော်တွေရဲ့ ဦးဆောင်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ ကိုညီညီအောင် ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရည်ရွယ်ချက်ဟာ ဘာလဲဆိုတာ အခုအချိန်မှာ သဲသဲကွဲကွဲ မသိရသေး ပေမဲ့ မိသားစုနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ဆိုင်လိမ့်မယ်လို့လည်း မိတ်ဆွေဖြစ်တဲ့ ကိုဇော်ဇော် က ပြောပါတယ်။

"ညီညီ ရဲ့ အမေ အန်တီ စန်း က ထောင်ထဲမှာပေါ့လေ။ ပြီးခဲ့တဲ့ ရွှေဝါရောင် သံဃာတော်တွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး တော့ ညီညီရဲ့ အမေကို ဖမ်းသွားတယ်။ ညီညီရဲ့ ၀မ်းကွဲ ညီမနှစ်ယောက်ကိုပါ ဖမ်းသွားတာပေါ့။ ညီညီရဲ့ အမေကလည်း ထောင်ထဲမှာ အခြေအနေ ကျန်းမာရေး တော်တော်လေး ဆိုးတယ်။ ကျန်းမာရေး သိပ်မကောင်းဘူး ဆိုတဲ့အခါကျတော့ ညီညီ အနေနဲ့ စိတ်ပူပင်မယ်လို့ ကျနော်တို့ ထင်တယ်။ ဒါကတော့ ကျနော်တို့ ဖြစ်နိုင်ချေရှိတဲ့ဟာကို ပြောတာပေါ့လေ။ သူ့ရဲ့ အဓိက သွားရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့လည်း သေချာအတိအကျ မသိဘူး။ ဒါပေမဲ့ ဖြစ်နိုင်ချေ ရှိတာ ကတော့ သူ့အမေအတွက် စိတ်ပူတယ်။ သူ့မောင်နှမသားချင်းတွေ အတွက် စိတ်ပူပြီးတော့ သူ့အနေနဲ့ တခုခု လုပ်နိုင်လိမ့် မယ်လို့ ယူဆပြီးတော့သွားတယ်လို့ ကျနော် ထင်တယ်ပေါ့လေ။"

အာဏာပိုင်တွေ ဖမ်းဆီးတာခံနေရတဲ့ ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် ရဲ့ မိသားစု မိတ်ဆွေ တဦးဖြစ်သူ ကိုဇော်ဇော် ပါ။ ဒီလို သူဖမ်းဆီးခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆက်လက်ပြီး လိုက်လံကူညီ ဆောင်ရွက်နိုင်ဖို့ အတွက်ကိုတော့ မိသားစုနဲ့ မိတ်ဆွေတွေက သူနေထိုင်ရာ မဲဆန္ဒနယ်မြေမှာရှိတဲ့ လွှတ်တော် တာဝန်ရှိတွေထံ အကြောင်းကြား အကူအညီ တောင်းခံ ထားတယ်လို့လည်း သူက ပြောပါတယ်။