Thursday, February 12, 2009

ကုမ္ပဏီများက ဒေသခံများအပေါ် ကူညီရာမရောက်ဘဲ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ဆို

E-mail Print
နာဂစ်ပြန်လည်ထူထောင်ရေး တာဝန်ယူလုပ်ကိုင်နေသည့် ကုမ္ပဏီများက ဒေသခံများအပေါ် အမှန်တကယ် ကူညီရာမရောက်ဘဲ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်များတွင် ပြန်လည်တည်ဆောက်ရေး တာဝန်ယူထားသည့် ထူးထရေးဒင်း၊ အေဝမ်းကုမ္ပဏီများက ဒေသခံပြည်သူများအား လုပ်အားပေးခိုင်းစေခြင်းများ၊ မြေယာသိမ်းဆည်းခြင်းများပင် လုပ်ဆောင်နေသည်ဟု ပြောသည်။

“မော်လမြိုင်ကျွန်းမြို့နယ်ထဲက ရှောက်ချောင်းကျေးရွာအုပ်စု ငွေဇင်ယော်ရွာတွေက နာဂစ်မှာပျက်စီးသွားတဲ့ မူလတန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို အေဝမ်းကုမ္ပဏီက ဆောက်လုပ်ပေးနေတာ၊ အဲဒီကုမ္ပဏီက ရွားသားတွေကို (၂) ရက်ခြားဆိုသလို လုပ်အားပေးဆင့်ခေါ်တာတွေ လုပ်တယ်” ဟု ဒေသခံရွာသားတဦးက ပြောသည်။

အဆိုပါ အေဝမ်းကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းကို တင့်ဇော်ဦးက ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ပြီး လက်သမားအဖွဲ့များအား လုပ်အားခပေးရာတွင် လျှော့ပေးခဲ့သဖြင့် လက်သမားများက မကျေမနပ်ဖြစ်နေကြောင်း ဒေသခံက ဆက်ပြောသည်။

“လက်သမားအဖွဲ့တွေကိုလည်း အိမ်တလုံးဆောက်လုပ်ပြီးစီးရင် ငွေ (၁) သိန်းခွဲပေးမယ်ဆိုပြီး တကယ်တမ်းတော့ (၈) သောင်းခွဲ၊ (၉) သောင်းပဲ ပေးတယ်။ အဲဒီက လက်သမားတွေလည်း အတော်စိတ်ညစ်နေပြီး မကျေမနပ်ဖြစ်နေတယ်” ဟု ပြောသည်။

ဒေသခံရွာသားများမှာ သောက်သုံးရေနှင့် စားဝတ်နေရေးအခက်အခဲများ ယနေ့အထိ ကြုံတွေ့နေရပြီး ရေပြင်ပေါ်တွင် တဲထိုးနေရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ဘိုကလေးမြို့နယ်၊ ဧရာဒိုင်နယ်၊ ပဒဲကောဒိုင်နယ်များတွင် ထူးထရေးဒင်းကုမ္ပဏီက ဒေသခံပြည်သူများကို အိမ်ရာအသစ် ဆောက်လုပ်ရန်အတွက် နေအိမ်များမှ ဖယ်ရှားပေးရန် ပြောဆိုနေသဖြင့် မကျေမနပ်ဖြစ်နေသည်။

“ထူးထရေးဒင်းက ကျေးလက်ဒေသတွေမှာရှိတဲ့ စာသင်ကျောင်းတွေလုပ်ပေးဖို့ တာဝန်ယူထားတာ၊ တကယ်တမ်းကျတော့ တိတိကျကျ ဆောင်ရွက်တာမရှိဘူး၊ သူတို့က သစ် (၁၀) တန် ကုန်မယ်ဆိုရင် တန် (၂၀) လောက်ပြတာ၊ အပြင်ဈေးက (၆) သိန်းလောက်ရှိတာ၊ သူတို့က ထုတ်ဈေး (၂) သိန်းခွဲလောက်နဲ့ ရတာ၊ သူတို့အမြတ်တွေရလို့ လုပ်တာ၊ အဲဒါက ကူညီတာမဟုတ်ဘူး” ဟု ဒေသခံရွာသားတဦးက ပြောသည်။

ဘိုကလေးမြို့ပေါ်ရှိ (၇) လမ်း၊ (၈) လမ်းတို့တွင် (IOM) က နေအိမ်များဆောက်လုပ်ပေးနေသော်လည်း အပြီးအစီး ဆောက်လုပ်ပေးခြင်း မဟုတ်သည့်အပြင် အချို့ရပ်ကွက်များတွင် မဲနှိုက်ကာ ဆောက်လုပ်ပေးနေခြင်းဖြစ်သည်ဟု ပြောသည်။

“ဘိုကလေးမြို့ပေါ်က (၁၁) လမ်းဘက်မှာဆို အိမ် (၃၅) လုံးဆောက်မှာ၊ အခုထိတော့ မဆောက်ရသေးဘူး၊ တချို့ ဆောက်လက်စတွေတော့ရှိတယ်၊ အဲဒါက အမိုးပဲပါတာ၊ အကာတွေ အခင်းတွေ မပါဘူး၊ မီးဖိုချောင်တို့ ဖိနပ်ချွတ်တို့က ကိုယ့်ဟာကိုယ် လုပ်ရမှာ” ဟု ဘိုကလေးမြို့ခံက ပြောသည်။

နာဂစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ စစ်အစိုးရပိုင် သတင်းမီဒီယာများက အားလုံး ပုံမှန်အတိုင်းပြန်ဖြစ်နေကြောင်း ထုတ်ပြန်ကြေညာ ပြောဆိုနေသော်လည်း ယခုလက်ရှိတွင်မူ မုန်းတိုင်းသင့်ဒေသများတွင် သုံးပုံတပုံခန့်သာ ပြန်လည်တည်ဆောက်ပြီးကြောင်း ဒေသခံများက ပြောသည်။

No comments:

Post a Comment