Sunday, April 5, 2009

ခရစ်တော် ဒုတိယအကြိမ် တဖန်ကြွလာခြင်းနှင့် စပ်လျဉ်း၍ လောအယ်စိုး





ကျနော်သည် ထာဝရဘုရားသခင်တည်ရှိခြင်းနှင့် ဖန်ဆင်းခြင်းတရားကို ယုံကြည်သော ခရစ်ယာန်ဘာသာဝင် တဦးဖြစ်ပါသည်။ စာကိုပင်ကောင်းမွန်စွာ မဖတ်တတ်မီကတည်းက ကျနော်၏မိခင်သည် ကျနော်တို့ညီအကိုသုံးဦးအား သမ္မာကျမ်းစာထဲမှ အကြောင်းအရာများကို ပုံပြင်သဖွယ် ညအိပ်ယာမ၀င်မီ ပြောပြတတ်ပြီး ကျမ်းပိုဒ်အချို့တို့ကို အလွတ်ရအောင် နှုတ်တိုက်သင်ကြားပေးခဲ့သည်။


ထိုသမ္မာကျမ်းစာ၏ ဆုံးမသွန်သင်၊ ခွန်အားပေးမှုတို့ကြောင့်ဖြင့်သာ ဘ၀၏အလွန်အားနည်းသောအချိန်များ၊ မျှော်လင့်ချက်ပျောက်ဆုံးလုလု အနေအထားတို့၌ ကျနော်သည် ခွန်အား၊ လန်းဆန်းမှု၊ ရှင်းလင်းပြတ်သားသော အနာဂါတ်လမ်းခရီးတို့ကို မြင်နိုင်လာခဲ့သည်။ နေ့စဉ်အသက်ရှင်ခြင်းကို မည်သို့တန်ဘိုးထားရမည်ကို တစထက်တစ တိုး၍ ခံစားသိရှိလားခဲ့ပါသည်။


ကျနော်ချစ်သော မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ် ယုံကြည်ကြသည့် တိုင်းသူပြည်သားများ စုပေါင်းနေထိုင်ကြသည့် တိုင်းပြည်ဖြစ်သည်။ ထိုအထဲမှ ကျနော်တို့ ကရင်လူမျိုး၏ လူဦးရေထက်ဝက်ကျော်ကျော်သည် ဗုဒ္ဓဘာသာဝင် ညီအကိုမောင်နှမတို့၏ မိသားစုများဖြစ်ကြသည်။


မူလတန်း၊အလယ်တန်း၊အထက်တန်း ကျောင်းသားဘ၀တို့ဖြင့် ကျနော်ပျော်ရွှင်စွာ ကျင်လည်ခဲ့ဘူးသော ကရင်ပြည်နယ်အတွင်းရှိ ဇာသပြင်၊အိန္ဒု၊ ကော့ရင်းစသည့်ကျေးရွာများ ဘားအံနှင့် မြ၀တီမြို့တို့၌ အများဆုံးသောလူဦးရေမှာ ဗုဒ္ဓဘာသာဝင်များသာ။



တပတ်လျှင် တနင်္ဂနွေနေ့ တကြိမ် ခရစ်ယာန်ဘုရားကျောင်းကိုတက်ရသော ကျနော်သည် ဗုဒ္ဓဘာသာဝင် ညီအစ်ကို သူငယ်ချင်းများနှင့်အတူ ဆွမ်းကြီးလောင်းပွဲ သီတင်းကျွတ် ဘုံကထိန်စသည့် ဗုဒ္ဓဘာသာဝင်တို့၏ ပွဲတော်အခန်းအနားများတွင် ပျော်ရွှင်စွာဆင်နွဲပါဝင်သည်။


အိန္ဒုကျေးရွာတွင် နေစဉ်ကာလ ကျေးရွာ၏ဆွမ်းကြီးလောင်းပွဲ၌ သတ္တမတန်းနေ အတန်းတူ သူငယ်ချင်းများစု၍ မီးပုံးပျံလွှတ်မည် ဆိုပြီးတိုင်ပင်ကြသောအခါ စောသန်းဌေးဆိုသော သူငယ်ချင်းနှင့် ကျနော်ဦးဆောင်ပြီး အတန်းဖေါ်များကို အလှုငွေကြေး ကောက်ခံသည်။ စောသန်းဌေးက ကျနော့်ကို


“သူငယ်ချင်း…မီးပုံးပျံကြီးလွှတ်ပြီး ကုသိုလ်ယူရင်၊ ငါတို့နောင်ဘ၀မှာ မွန်မြတ်တဲ့ဘ၀ကို ရမှာကွ” ဟုဆို၏။


ကျနော်တို့ အတန်းဖေါ်အမည်များရေးသားထားသော သတင်းစာစက္ကူ မီးပုံးပျံကြီးမှိုင်းဝင်၍ ကောင်းကင်သို့ တရိပ်ရိပ်တက်သွားသောအခါ ကျနော်တယောက်ကြည်နူးမိခဲ့လေခြင်း။

ကျနော်တို့ တတွေကြား၌ မည်သည့်ဘာသာရေး တံတိုင်း စည်းခြားမှုများ တဦးနှင့်တဦး မရှိခဲ့ပါ။ ရှိရမည်ကို မသိရှိကြတာတော့ တဦးနှင့်တဦးညီအစ်ကိုရင်း မိသားစုသဖွယ် မေတ္တာထားရှိကြခြင်း နှင့် အပြန်အလှန်နှောင်ကြိုးမဲ့ကူညီတတ်တာတွေ။


တဆယ့်ငါးနှစ်ခန့်ကြာအောင် တဦးနှင့်တဦးပြန်မဆုံဖြစ်ခဲ့ကြ။ အတန်းပညာများကို သင်ကြားပြီးနောက် လောကတက္ကသိုလ်ကြီးဆီကို ကျနော်တို့တတွေ ခရီးဆက်ခဲ့ကြသည်၊ ကျနော့်အတန်းဖေါ်များ ဘယ်ရေ၊ ဘယ်မြေဆီမှာ ရှိနေကြပြီလဲ … ဟု တခါတရံ တမ်းတစွာဖြင့် သူတို့တတွေကိုမြင်ယောင်မိသည်။ အသီးသီး မွေးရပ်မြေနှင့်ဝေးရာ ငှက်တွေလို ပျံသန်းသွားကြသည်၊ ငါးတွေလို မြစ်ချောင်း ပင်လယ်အသစ်တို့ ဆီ ကူးခတ်သွားလိုက်ကြသည်။


အမှတ်မထင်ငယ်ပေါင်း စောသန်းဌေးကို သင်္ကန်းကြီးရုံလျှက် အလှုခံမဏ္ဌပ်တခုအတွင်း ခရီးသွားဟန်လွဲ တွေ့ခွင့်ရလိုက်သည်။ ကျနော်တို့၏ စည်း၊ တံတိုင်း၊ အကာရံမရှိခဲ့ကြသောနေ့ရက် ကာလများက အမြဲတမ်း နှစ်ဦးစလုံးထံ၌ ရှင်သန်နေဆဲ။

မူလတန်းကျောင်းသားဘ၀၌ နံနက်ဆွမ်းခံလှည့်လာသော ကိုယ်တော်လေးကို သူများတကာတွေ လက်အုပ်ချီပြီး ဦးချသလို ကျနော်လည်းရောယောင်ကာဦးချလိုက်သည်။ ထိုအခါ ရဟန်းကိုယ်တော်လေးက ကျနော့်တယောက်ထဲကိုမှ ထူးထူးခြားခြား ငှက်ပျောသီးတလုံး ပေးခဲ့ဘူးသည်။ ထို့ ကြောင့် ထိုရဟန်းကိုယ်တော်လေး အိမ်ရှေ့ကဖြတ်သွားတိုင်း ကျနော် အမှီအမောတကော ပြေးလိုက်ပြီး ဒူးတုပ်ကာ ဦးချတတ်သည်။


ကျနော်သိသည်က တခုတည်းသာ၊ ကျနော့်ကိုချစ်၍ အစဉ်ပြုံးကာ ငှက်ပျောသီးပေးသော ရဟန်းပျို။ ကျန်တာဘာမျှ ကျနော်မသိ၊လပြည့် လကွယ် ဥပုဒ်နေ့ ရက်များတွင် ကျနော်တို့ မိသားစု နေထိုင်ခဲ့ရာ အိန္ဒုကျေးရွာအနီးရှိ တောင်ကုန်းကလေးပေါ်တွင် တည်ထားသော “ခုလို သိုက်အောင်” ဟူ၍ အမည်ရသည့် စေတီနှင့်ဘုန်းတော်ကြီးကျောင်းရှိသည်။ရွာမှ နှစ်မိုင်ခန့် ကွာဝေးသည်။

ရပ်ကွက်ထဲရှိ ကစားဖေါ် သူငယ်ချင်းများကခေါ်၍ ၎င်းတို့နှင့်အတူလိုက်သွားကာ သက်သတ်လွတ်ဟင်းလျာများ မြိန်ယှက်စွာ စားသောက်ခဲ့ဘူးသော နေ့ရက်နှင့် အရသာကို ကျနော်ဘယ်လိုမှ မမေ့နိုင်ခဲ့ပါ။


သာမညဆရာတော်ကြီး၏ ဘာသာရေးလုပ်ဆောင်မှုများအပြင် ဒေသအတွင်း ငြိမ်းချမ်းမှုနှင့် ဖွံဖြိုးရေးလုပ်ဆောင်မှုများကို လှိုက်လှိုက်လှဲလှဲကြီး ရင်ထဲမှ တန်ဘိုးထား အသိအမှတ်ပြုကာ သာဓုအကြိမ်ကြိမ်ခေါ်ပါသည်။ ထိုသာသနာ့အာဇာနည်ဆရာတော်၏ မြင့်မြတ်သော လုပ်ဆောင်မှုများကို ဘယ်မင်းစိုးရာဇာ တယောက်ယောက်ကမှ လိုက်၍ မှီမည်မထင်ပါ။


မလုပ်သင့်၊ မလုပ်အပ်သော ဆရာတော်၏ရုပ်ကလပ်ကို ဖျေက်ဖျက်ပစ်ခြင်းသည် အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။ မည်သူ မည်သည့် အဖွဲ့အစည်းတို့ပြုလုပ်သည်ကိုလည်း ကာယကံရှင်များကသာလျှင် သိကြပေလိမ့်မည်။ အကျည်းတန်လှပေခြင်း၊ တူသောအကျိုးကို ၎င်းတို့ ခံစားရပေမည်။ ခရစ်ယာန်တို့၏ သမ္မာကျမ်းစာ အဆိုအရ “ စိုက်သည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်”။


သာမညဆရာတော်ကြီး၏ အရှင်းလင်းဆုံး အထိရောက်ဆုံး တရားဟောချက်များတို့သည် မြန်မာနိုင်ငံ၏ တရားမျှတမှု နှင့် ငြိမ်းချမ်းရေးတို့ အတွက်ရှေ့ ရှုခဲ့သည် မဟုတ်ပါလား။


ဘ၀တခုလုံးကို ပေးဆက်ကာ ချင်းတောင်တန်း၌သာ သာသနာပြုခဲ့သော ဆရာတော်ဦးဥတ္တမသာရ၏ ဘ၀အထ္တုပတ္တိသည် ကျနော့်အတွက် အတုယူစရာတခု ဖြစ်ခဲ့ပါသည်။


ပန်းချီဆရာကြီး ဦးဘကြည်၏ ကျေးဇူးကြောင့်သာ ဇာတ်ကြီးဆယ်ဘွဲ့ကို အပါတ်စဉ်ထုတ် တေဇစာစောင်များမှ အရှင်းလင်းဆုံးနှ့င် အထိရောက်ဆုံး စိတ်ဝင်စားစွာ လေ့လာဖတ်ရှု့ ခွင့်ရခဲ့သည်။


သုဝဏ္ဏသာမလို သားတယောက်ဖြစ်ချင်ခဲ့သည်။ မဟော်သဓါသည် ကျနော်၏ သူရဲကောင်း။ အဆီးအတားများကို ဘယ်လိုမှမမှု့ သည့် ပင်လယ်ပြင်မှ လက်ပစ်ကူးသမား ဇနက္ကမင်းသား၏ လုံလ ပြီးတော့ စူဇကာပုဏ္ဏားကို အလွန့် အလွန် ခါးခါးသီးသီးကြီး မုန်းပစ်လိုက်သည်။


အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားဘ၀များ၌ ကျနော်သည် အာစရိယပူဇော်ပွဲများ၌ အမြဲလိုလို ပါဝင်ပြီး ကျနော် ချစ်မြတ်နိုးတန်ဘိုးထားလေးစားသော ကျေးဇူးရှင်အာစရိယတို့အား ဦးချ၍ အရိုအသေပေးခဲ့သည်။ ကျနော့်အတွက် ထိုကိစ္စသည် ဘာသာရေးကိစ္စတခုမဟုတ်ပါ။ မြန်မာ့ရေ မြန်မာ့မြေတွင် မွေးဖွားကြီးပြင်းလာခဲ့သော သူတယောက်၏ မြန်မာအဆန်ဆုံး မြတ်နိုးဖွယ်ရာ ဂါဝရတရားကြီးတခုကို ကျနော်ပြုလုပ်သည်ဟုသာယုံကြည်ပါသည်။


ဓါတ်ပုံသတင်းထောက်အဖြစ်ကျင်လည်ခဲ့သော ကာလများတွင် မြန်မာနိုင်ငံတနံတလျားသို့ ခရီးများစွာထွက်ခဲ့ရသည်။ အခြေခံလူတန်းစားတို့၏ဘ၀များကို အဓိက မှတ်တမ်းတင်ရသည်။ ပြီးတော့ ၎င်းတို့နှင့်အနီးစပ်ဆုံး ဗုဒ္ဓ၏သား ရဟန်းသံဃာတော်များ ကျေးလက်များမှ ဘုန်းတော်ကြီးကျောင်းပညာရေး မြင်ကွင်းများ။


ပြီးတော့ ရွှေဝါရောင် တော်လှန်ရေးကာလမှ ရဟန်းသံဃာတော်တို့ ၏ စတေးခံ ပေးဆပ်မှုများတို့သည် ဗုဒ္ဓသာသနာ၏ စည်းဝိုင်းအပြင်ကိုကျော်၍ အဖိနှိပ်ခံ မြန်မာနိုင်ငံသားအားလုံးတို့၏ လွတ်မြောက်မှုအတွက်ပင် မဟုတ်ပါလား။


ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့ မှ လူထုတွေအတွက်သာမဟုတ်၊ တောင်တန်းနှင့် နယ်စပ်ဒေသနေ ပြည်သူပြည်သား၊ တိုင်းရင်းသား၊ ညီအကိုအားလုံးအတွက် သူတို့တတွေ ကိုယ်စားပြုခဲ့ပေသည်။ ထိုအရေးတော်ပုံကြောင့် သံဃာတော်တို့၏သွေးသည် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ စွန်းထင်းခဲ့ရသည်။


ခရစ်ယာန်ဘာသာဝင်တို့၏ တူညီသောယုံကြည်ချက်အတိုင်း ကျနော်သည် ခရစ်တော်၏ ဒုတိယအကြိမ် တဖန်ကြွလာမည်ကို ရိုးသားစွာ ယုံကြည်ပါသည်။ သိုးနှင့်ဆိတ်ဟူသော သုစရိုက် ဒုစရိုက်ပြုခဲ့သူများတို့ကို မိမိတို့ပြုလုပ်ခဲ့သောအရာများနှင့်ညီမျှသော တရားစီရင်ခြင်းကိုခံရမည်။ ထာဝရအသက်နှင့်မည်သူထိုက်တန်သည်ကို ခရစ်တော်ကဆုံးဖြတ်ပေလိမ့်မည်။


ကမ္ဘာကြီး၏ နေရာအနှံအပြားတွင် ဖြစ်ပွားနေသောအနိဌါရုံများနှင့် ကျနော်တို့ပြည်သူများ ပူပူနွေးနွေးခြောက်ခြားစွာဖြင့် ကြုံတွေလိုက်ရသော“နာဂစ်”၊ တရုတ်ပြည်မှ ငလျှင်ကြီး၊ လေယာဉ်ပျံ ပျက်ကျမှုများ၊ စစ်မီးလျှံများမငြိမ်းသေးသည့် အရှေ့အလယ်ပိုင်းဒေသ၊ ထိုအဖြစ်အပျက်တို့က ခရစ်ယာန်ဘာသာဝင်များတို့အား သတိဖြင့် အစဉ် အသက်ရှင်ကြရန် စကားပြောလျှက်ရှိသည်။


ထို့ ကြောင့် ခရစ်ယာန်တရားဟော ဆရာကြီးများက နောင်တရကြဖို့ ၊ မိမိတို့ပြုကျင့်နေသည့် ဒုစရိုက်များကိုစွန့်ပယ်ပြီး အသစ်သော အသက်တာကို လျှောက်လှမ်းကြဖို့ တွန်းအား သို့မဟုတ် သတိ ပေးနေသည်။


ကျနော်လက်ခံပါသည် အပြည့်အ၀လည်းယုံကြည်ပါသည်။ ခရစ်တော်တဖန် ပြန်ကြွလာမည်ကို မျှော်လင့်မိပါသည်။ သို့ ရာတွင် အချို့ သော ခရစ်ယာန်တရားဟောဆရာတို့က အခြားသော ဘာသာတရားများကို ချိုးနှိမ်၍ တရားဟောခြင်း၊ ယှဉ်တွဲ၍ “ဘယ်ဘုရားက ကြီးပြီး ဘယ်ဘုရားက ငယ်သည်”ဆိုသော အယူအဆကို ကျနော်လက်မခံပါ။


ကျနော့်အဖို့တော့ လူသားတိုင်းသည် ဘုရားသခင်၏ သားသမီးများသာ ဖြစ်ကြသည်။ ခရစ်ယာန်အရေအတွက်တိုးလာဖို့ အရေးကြီးသည်ဆိုသော သူများ၏ခံယူချက်ကို ကျနော် ဆန့်ကျင်သည်။ ဘာသာရေးဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးကြီးများ တသီတတန်းကြီး ယူထားပြီး လူမှုရေး ငွေကြေးကိစ္စတို့ ကြောင့် ဓမ္မဆရာဝတ်ရုံကို ချွတ်လိုက်ရသည့်လူတွေကလည်း မနည်း။ ခရစ်ယာန်ဖြစ်လိုက်သည် ဆိုသည်နှင့် “အားလုံးပြီးသွားပြီ”၊ “လုပ်ချင်ရာလုပ်လို့ ရတယ်”ဟု ၎င်းတို့တတွေ ယုံကြည်ထားဟန်တူပါသည်။


ကျနော်သိသော ခရစ်တော်သည် လူသားအချင်းချင်း ချစ်ခင်ကြရန်၊ တစုံတယောက်က မိမိ၏ ညာဖက်ပါးကို ရိုက်သည်ဆိုပါက ဘယ်ဖက်ပါးကိုပင် လှည့်၍ ပေးရန် - ဆုံးမသွန်သင်ပေးသော မေတ္တာရှင်၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသက်ကိုစတေး၍ လူသားများကိုချစ်သောသူ၊ လောကတပ်မက်မှုများကို စွန့် ပယ်ကြဖို့၊ လူလောကကြီးအား နှိမ့်ချစွာဖြင့် အစေခံကြဖို့၊ ဟောကြားခဲ့ပါသည်။


ဘာသာရေး၊ တောင်တန်းဒေသများဖွံဖြိုးရေးအတွက်ဆိုပြီး နိုင်ငံတကာသို့ လှပသောခေါင်းစဉ်များဖြင့် စီမံကိန်းကြီးများရေးဆွဲကာ ကိုယ်ကျိုးရှာ၊ ငွေကြေးကို အလွဲသုံးစားပြုနေကြသော ဘာသာရေးခေါင်းဆောင်၊ တရားဟောဆရာများထက် လူသူအရောက်အပေါက်နည်းလှသည့် တောင်တန်းဒေသများတွင် မိမိ၏ဘ၀တခုလုံးကို ပေးအပ်၍ အစွန့်ပစ်ခံ၊ စစ်ဘေးဒါဏ်သင့် မိဘမဲ့ကလေးငယ်များတို့ကို ပြုစုပျိုးထောင်နေသည့် ခရစ်ယာန်သီလရှင်ကြီးများကို ကျနော် သူရဲကောင်းများပမာ ထောပနာပြုပါရစေ။ သူတို့တွေသည် ဘယ်လိုမှ မငြိမ်းသော အလင်းမီးလျှံကို ပိုင်ဆိုင်ထားသူ၊ ၎င်းတို့ ၏အသက်ရှင်ခြင်းသည် ကျနော်ကိုးကွယ်ယုံကြည်သော ထာဝရဘုရား၏ရှေ့ တော်၌ ခမ်းနားကြီးကျယ်လှပေလိမ့်မည်။


ဆရာကြီးဦးဖေမောင်တင်၊ ဆရာသံလျှင်ဖေသွင်၊ ဆရာမ မလေးလုံ၊ စောဘွဲ့မှုးတို့လို ပုဂ္ဂိုလ်များ ကျနော်တို့ ခရစ်ယာန်များထဲတွင် အများကြီးလိုအပ်သည်။ အထက်ပါ ပုဂ္ဂိုလ်များတို့သည် ဘာသာရေးနှင့်ပတ်သက်ပြီး တိုင်းထွာ ငြင်းခုံမှုများကို တပါးသူနှင့်မပြုလုပ်ကြဘဲ၊ မိမိယုံကြည်ခံယူထားသော လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည့် အမှုကိစ္စများတို့ကို ချစ်ခြင်းမေတ္တာတရားဖြင့် ရိုးစင်စွာပြုလုပ်ခဲ့ကြသည်။ မှတ်ကျောက်အတင် ခံခဲ့ကြသည်။ ၎င်းတို့ကို ပိုင်ဆိုင်ခွင့်ရလိုက်သဖြင့် အမိမြန်မာနိုင်ငံကြီးသည် အမြဲ ဂုဏ်ယူနေပေလိမ့်မည်။


ကျနော်တို့နိုင်ငံ၏သမိုင်းသည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာဝင်များနှင့်အတူ၊ ရိုးရာနတ်များတို့ကို ယနေ့ထက်တိုင် ယုံကြည်ကိုးကွယ်သူ ညီရင်းအကို မောင်ရင်းနှမတို့၏ ဘ၀နှင့် ဖြတ်သန်းမှုများပင် မဟုတ်ပါလား။


မိမိ၏သမီးနုပျို ငယ်ရွယ်စဉ်ကာလ အကြွေစောကာ ကွယ်လွန်သွားသည့်အတွက် ကျွမ်းလောင်နေသော သောကမီး ရင်ထဲ၌ ထုတ်ဖေါ်၍ မတတ်နိုင်အောင်ရှိစေကာမူ၊ အပြုံးမပျက် တည်ငြိမ်စွာ အသုဘရှုမိတ်ဆွေများကို လိုက်လံ နှုတ်ဆက်နေသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကြီးတဦးကို ကျနော်ကြုံဖူးသည်။


၎င်းတို့တတွေသည် မိမိတို့အသက်နှင့်နှင်းကာယုံကြည်သည့် ဘာသာတရားတို့၏ အဆုံးအမအတိုင်း လောကကြီးကို ရိုးသားရှင်းလင်းစွာ ရှုမြင်သည်။ နေရောင်အောက်တွင် မည်သည့်အရာကမျှ တည်မြဲခြင်း မရှိသည်ကို ကောင်းမွန်စွာသိရှိသည်။


Source:http://moemaka.com.

No comments:

Post a Comment