Thursday, April 23, 2009

နိင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုသည့် လက်မှတ်ပေါင်း (၃)သိန်းခန့်ရရှိ





နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုများပြုလုပ်ခဲ့ရာ လက်မှတ်ပေါင်း (၃) သိန်းခန့် ရရှိနေပြီဟု အဆိုပါအဖွဲ့တွင် ဦးဆောင်လှုပ်ရှားနေသူတဦးဖြစ်သည့် ကိုတိတ်နိုင်က ပြောသည်။

ယခင်လ (၁၃) ရက်မှစတင်ကာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော် လွတ်မြောက်ရေး အတွက် ရည်ရွယ်ကာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကင်ပိန်း (campaign) ကို စတင်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ)နဲ့ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) တို့ကနေ ကမကထပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီလိုလုပ်ရာမှာ နယ်စပ်ဒေသမှာရှိတဲ့ အဖွဲ့အစည်း အားလုံးနီးပါးဝင်တယ်။ ဒါ့အပြင် နိုင်ငံတကာမှာရှိတဲ့ နိုင်ငံပေါင်း (၃၂) နိုင်ငံက အဖွဲ့အစည်းပေါင်း (၂၃၀) ကျော် ကနေ လုပ်ဆောင်ခဲ့တဲ့ ကင်ပိန်း (campaign) ဖြစ်တယ်။ (၇၃) ရက် ကြာမှာဖြစ်ပြီးတော့ လာမယ့် မေ (၂၄) မှာ အဆုံးသတ်မှာဖြစ်တယ်။ အဲ့ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရတာ (၆) နှစ်ပြည့်မြောက်တဲ့ နေ့လည်း ဖြစ်တယ်” ဟု အေအေပီပီ-ဘီ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကော်မတီသည် လက်မှတ်ကောက်ယူမှုကို နိုင်ငံအရပ်ရပ်တွင် ပြုလုပ်လျက် ရှိပြီး လက်မှတ်ပေါင်း (၈၈၈,၈၈၈) ခုထိ ရရှိရန် ရည်ရွယ်ထားကာ ရရှိသည့်လက်မှတ်များကို ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံပေးပို့ပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာရှိ အဖွဲ့အစည်းများထံမှ အကြံဉာဏ်များ ရယူသွားမည်ဟု သိရသည်။

ကိုတိတ်နိုင်က “ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေဟာ ရာဇ၀တ်သားတွေမဟုတ်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလုပ်ရင်းနဲ့ လက်ရှိစစ်အစိုးရနဲ့ သဘောထားချင်းမတိုက်ဆိုင်လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့လူတွေပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးကို တိုးတက်စေချင်ရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်ပြီးတဲ့အခါမှာလည်း ဒီမိုကရေစီ ပြောင်းလဲတိုးတက်ဖို့ ဖြစ်စဉ်တွေမှာ သူတို့ပါဝင်မှုတွေလိုပါတယ်” ဟု ပြောသည်။

ယမန်နှစ်ကလည်း ကမ္ဘာအရပ်ရပ်တွင်ရှိသည့် သမ္မတဟောင်း၊ ၀န်ကြီးချုပ်ဟောင်း (၁၁၂) ဦးသည် ကမ္ဘာနှင့် မြန်မာတွင်ရှိသည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးပေးပို့ခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသားများကို ၂၀၀၈ ခု ဒီဇင်ဘာ (၃၁) မတိုင်မီ ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အရှေ့တောင်အာရှမှ နိုင်ငံ့ခေါင်းဆောင် (၂၄၀) ကျော်ကလည်း လက်မှတ်ထိုး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီတွင် ဦးဆောင်မှုအခန်းကဏ္ဍမှပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ-ဘီ) ကို မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ၂၀၀၀ ပြည့်နှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့သည်။

ရေကြည်မြို့နယ်မှ ပေးစာ

၂၀၀၉ ဧပြီ ၂၃ ရက်နေ့၌ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ရှင်အပါး ၁၀၀၀ အလှူပွဲကြီး ပြုလုပ်မည်ဖြစ်သည်။ အလှူဒါယကာမှာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ဖြစ်သည်။

သို့သော်လည်း ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုး (ခေါ်) ကြံ့ဖွံ့ အတွင်းရေးမှူး ဦးမောင်မောင်တင်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ အမှုဆောင် အရာရှိ ဦးဌေးနိုင် နှင့် အခြား ဦးစီးမှူးများ အားလုံးက အောက်ပါအတိုင်း ခိုင်းစေ တာဝန်ပေးထားပါသည်။

အခမ်းအနား ပြုလုပ်ရန် ဘောလုံးကွင်းထဲတွင် အဆောက်အဦးများ၊ အဆောင်များ ဆောက်လုပ်ရန် ကျေးရွာ အုပ်စုပေါင်း ၉၉ အုပ်စုမှ တောင်သူများ၊ စာရေးများ၊ ရယက များက တာဝန်ယူရပါသည်။

ထိုသို့ လုပ်ပေးစဉ် ဒေသခံများမှာ မုန်တိုင်း အထူး သတိပေးချက်ကို တဖက်မှာလည်း စိုးရိမ်ရပါသည်။

ထိုအချိန်တွင် မိုးကလည်း အဆက်မပြတ် ရွာနေပါသည်။ ဒေသခံများက မအားလပ်သည့် ကြားမှ အာဏာပိုင်များကို ကြောက်ရ၊ မလာလျှင် ဖမ်းမှာ ကြောက်ရသဖြင့် ရွာတရွာလျှင် အယောက် ၅၀ ကျ မြို့မ ဘောလုံးကွင်းထဲတွင် ကြောက်ကြောက် နှင့် သွားပြီး လုပ်အားပေးရပါသည်။

ရပ်ဝေးမှ လာရောက် လုပ်အားပေးခဲ့ရသော တောင်သူများအား ကိုယ့် ထမင်းထုပ်နှင့်ကိုယ် လာရသည်။ ခရီးစရိတ်ပင် မရခဲ့ပါ။ အလှူ ကျင်းပရန်အတွက်လည်း ဒိပါရုံဘုရားပွဲ လက်မှတ် တစောင်လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများရှိ ပြည်သူများက မ၀ယ်မနေရ ၀ယ်ခဲ့ရပါသည်။

အလှူ လုပ်အားဖြင့်ပင် ကျေနပ်မှု မရှိပေ။ တအိမ်ထောင်လျှင် ငွေ ၁၀၀၀ နှုန်း ထည့်ခဲ့ရသည်။ ကျေးရွာအုပ်စုများထံမှလည်း သစ်များ ၀ါးများ တောင်းပါသည်။

၎င်း အလှူပွဲတော်ကြီးသည် ရေကြည်မြို့နယ်သူ မြို့နယ်သားများအား ဒုက္ခရောက်အောင် လုပ်နေသလို ဖြစ်နေသည်။ မိမိကိုယ်ကျိုးအတွက် နိုင်ငံတော်ဘွဲ့ရအောင် ဖန်တီးနေသော အလှူပွဲကြီး ဖြစ်နေပါသည်။

ရေကြည်မြို့မ၊ ရပ်ကွက်များ နှင့် ကျေးရွာပေါင်း ၉၉ အုပ်စုမှ တောင်သူများ၊ လက်လုပ်လက်စားများ၊ ၀န်ထမ်း၊ စာရေးများ၊ ရယကများအား စိတ်ညစ်ထုပ် ပေးလိုက်သလို ဖြစ်နေပါသည်။

Wednesday, April 15, 2009

ထောက်လှမ်းရေး နှင့်အဆက်အသွယ်ရှိသော အင်တာနက်ဆိုင် တွင်သွားရောက်သုံးစွဲရာမှ တက်ကြွလှုပ်ရှား သူလူငယ်များ အဖမ်းခံရ

တင်ကျော်ကျော်စိုး



မြန်မာပြည်တွင်း အင်တာနက် ဆက်သွယ်မှု လိုင်းများနှေးကွေးသောကြောင့် ပရောက်ဆီ ဆော်(ဖ်)၀ဲများတပ်ထားသော ဆိုင်တွင် သွားရောက် အသုံးပြုရင်း ထိုဆိုင်များရှိ ကွန်ပျုတာများတွင်ထည့်သွင်း ထားသော လှို့ ဝှက်စာများကို မှတ်သား နိုင်သည့် ကွန်ပျုတာပရိုဂရမ် အကူအညီ ကြောင့် အမျိုးသမီးတစ် ဦး၊ဘလောက်ဂါ တစ်ဦး အပါအ၀င် အခြားလူငယ်လေး ဦးကို ၎င်းတို့ ပြည်ပ အခြေစိုက် များနှင့် ဆက်သွယ်ပြောဆို ထားသည့် အထောက်အထားများနှင့် တကွ ဖမ်းဆီးနိုင်ခဲ့သည် ဟုသတင်းရရှိသည်။

အင်းစိန်မြို့ နယ်ရှိ အင်တာနက် ကဖေးဆိုင် တစ်ခုတွင် အသုံးပြုကြသော အမျိုးသမီး တစ်ဦး နှင့် အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် သောကြာနေ့  က စတင်ဖမ်းဆီး မိရာမှ ၎င်းတို့ နှင့် ဆက်စပ် အခြားလူငယ်လေးဦးကို လည်းဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည် ဟု ရန်ကုန်မြို့ တွင်း လှို့ ဝှက် နေထိုင်၍ အစိုးရဆန့် ကျင်ရေးလုပ်နေ သူတစ်ဦး က Freedom News Group သို့ ပြောသည်။

ဖမ်းဆီးခံ ရသူ လူငယ် ခြောက်ဦးတွင် အမျိုးသမီး နှစ်ဦး နှင့် ဘလောက်ဂါတစ် ဦးပါဝင်သည် ဟုသိရ သည်။ဖမ်းဆီးခံရသူ များ၏ နာမည်များကိုစုံ စမ်းဆဲဖြစ်သည်။

Monday, April 13, 2009

မယ်လဒုက္ခသည်စခန်း ကလေး(၅)ဦး အစာအဆိပ်သင့်၍ တစ်ဦးသေဆုံး ကရင်သတင်းစဉ် (KIC)


ယမန်နှစ်က မယ်လစခန်း (ဘဲကလော်စခန်း) တွင် တွေ့ရသော ကလေးငယ်တဦး (ဓာတ်ပုံ-မိုးမခ)

မဲဆောက်မြို့မြောက်ဘက်ရှိ မယ်လ ကရင်ဒုက္ခသည်စခန်း ဇုံဘီ ရပ်ကွက်(၂)နေ ကလေးငယ်(၅)ဦးနှင့် အမျိုးသမီးကြီးတဦး ဧပြီလ (၁ဝ)ရက် နေ့တွင် အစာအဆိပ်သင့်၍ ကလေးငယ်တဦးမှာ သေဆုံးသွားပြီး ကျန်သူများမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု သိရသည်။
ထိုနေ့ မွန်းလွဲ ၁နာရီအချိန်တွင် အဆိုပါကလေးငါးဦးနှင့် အသက် ၅ဝကျော် အရွယ်ရှိ နော်ခင်ဖိုးသည် ဆန်မှုန့်၊ ကောက်ညှင်းမှုန့်နှင့် ပဲတို့ ရော စပ်ထားသည့် ပဲကပ်ကြော်ကို ကြော်စားခဲ့ကြပြီးနောက် အချိန်တနာရီကျော်ခန့်အကြာတွင် အန်ချင်သလိုဖြစ်လာပြီး တကိုယ်လုံး တဆတ်ဆတ် တုန်လာကာ မယ်လဒုက္ခသည် ဆေးရုံမှတဆင့် မဲဆောက်ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ခဲ့ရသည်ဟု စခန်းအတွင်းရေးမှူးက ကရင်သတင်းစဉ်ကို ပြောသည်။

သူက “အခုဖြစ်တဲ့သူတွေက ပဲကပ်ကြော် ကြော်စားမိပြီး တနာရီကျော် အတောအတွင်းမှာပဲ စားမိတဲ့ အဲဒီအကြော်ကြော်တဲ့ အမျိုးသမီးရော သူ့ကလေးသုံးယောက်၊ မြေးတယောက်နဲ့ အိမ်နီးချင်း ကလေးတယောက်လည်း တက်ပြီး တကိုယ်လုံး တဆတ်ဆတ် တုန်တော့တာပဲ။ ကလေးတွေ ဆို တုန်လည်းတုန်၊ အော်လည်းအော်တယ်။ အိပ်ဆေး ဘယ်လိုပဲထိုးထိုး ဘာမှမဖြစ်ဘဲ အော်ပြီး အဆက်မပြတ် တုန်တက်နေတာပဲ။ ဒါနဲ့ ည ၉နာရီ ကျော်လောက်မှာ မဲဆောက်ကို ပို့လိုက်ရတယ်”ဟု ဆိုသည်။

မဲဆောက်ဆေးရုံသို့ရောက်ပြီး နောက်တနေ့မနက်တွင် (၅)နှစ်အရွယ် စောရင်အေးမှာ သေဆုံးသွားပြီး ကျန်ရှိသူများဖြစ်သော စောအေး ၅နှစ်၊ နော်အိအိစိုး ၅နှစ်နှင့် အခြား ကလေးငယ်နှစ်ဦးမှာ လက်ရှိအချိန်ထိ ၄င်းတို့၏ အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေသေးကြောင်းနှင့် မည်သို့ အဆိပ်သင့်သည်ကိုလည်း အတိအကျ မသိရှိရသေးကြောင်း ဆရာဝန်များက ပြောသည်။

“အခုသေသွားတဲ့ တယောက်ကိုတော့ ရေခဲတိုက်မှာ ထည့်ထားတယ်။ ကျမသားလေး အပါအဝင် နောက်တယောက်က အရေးပေါ် အခန်းမှာ ရှိနေတယ်။ ဆရာဝန်က ကယ်လို့ မရတော့ဘူး လို့ ပြောတယ်။ ကျန်နှစ်ယောက်ကတော့ နည်းနည်း သက်သာလာပေမဲ့ ပြန်ကောင်းလာနိုင်တယ် လို့တော့ အတိအကျ မပြောနိုင်သေးဘူး”ဟု နော်ခင်ဖိုး၏ ချွေးမဖြစ်သူက ပြောသည်။

ထိုကိစ္စသည် စခန်းတွင်း ဝေငှပေးနေသည့် ဂျုံမှုန့်ကြောင့်ဖြစ်သည် ဟု အစောပိုင်းတွင် ခန့်မှန်းကြသော်လည်း ယခုလို အန္တရာယ် တကြိမ်မျှ မဖြစ်ခဲ့ဘူးဘဲ ယခုမှသာ အန္တရာယ်ကြုံရသည့်အတွက် စခန်းတာဝန်ရှိသူများက စခန်းရှိ မှုန့်ကြိတ်စက်ရုံအားလုံးကို ဧပြီလ ၁၁ ရက်နေ့မှ စ၍ ခေတ္တရပ်နား ခိုင်းထားသည်ဟု စခန်းအတွင်းရေးမှူး စောအန်းကူးက ပြောသည်။

၎င်းက “ကျနော်တို့ အဲဒီအမျိုးသမီးကို ဆေးရုံမှာ သွားမေးတော့ သူမုန့်စပ်တာ ဆော်ဒါမှုန့်တောင် မပါဘူးလို့ ပြောတယ်။ သူက အမြဲတမ်း မုန့်ကြော်ရောင်းနေကျပဲ။ တခါမှ အန္တရာယ် မရှိခဲ့ဘူး။ အခုလို အိမ်နေရင်း ကြော်စားမှသာ ဒီလိုအဆိပ်သင့်တာ။ နောက်တခုရှိတာက ဆန်မှုန့်သွားကြိတ် တဲ့အခါမှာ စောင့်စရာမလိုဘဲ မြန်မြန်ရအောင်လို့ ပိုင်ရှင်က ကြိတ်ပြီးသား ဆန်မှုန့်ကိုပဲ ပေးလိုက်တယ်။ အဲလို ဆန်ထုပ်တွေကိုတော့ အစားထိုး ပေးတာ မျိုးရှိဖူးတော့ ပြဿနာထပ်မဖြစ်အောင် ဆန်ကြိတ်စက်ရုံတွေကို ခဏ ရပ်ဆိုင်းထားခိုင်းတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဒုက္ခသည်ဦးရေ (၅ဝ,ဝဝဝ)နီးပါး ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုလို အစာအဆိပ်သင့် ဖြစ်ပွားမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရှိရသည်။

နာဂစ်လွန် ၁ နှစ် အနီး ခရီးမဆုံးနိုင်သေးသည့် မုန်တိုင်းဒုက္ခသည်များ

ဝင်းမြတ်

နာဂစ်ဆိုင်ကလုန်းဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်အတွင်းရှိရွာများတွင် ယခင်နှင့် မတူသော ပတ်ဝန်းကျင်ဆိုင်ရာအပြောင်းအလဲများ၊ နေထိုင်စားသောက်ပုံအပြောင်းအလဲများ တွေ့လာရသည်ဟု ၄င်းဒေသများသို့ မကြာသေးမီက သွားရောက် ခဲ့သော ပြည်တွင်း သတင်းသမားများ ကပြောကြသည်။



ကြွက်များအဆမတန် ပေါက်ပွားလာ

“အခုတစ်ခေါက်ခရီးစဉ်မှာ ထူးထူးခြားခြားတွေ့ခဲ့ကြရတာတော့ ကြွက်တွေပေါလာတဲ့ကိစ္စပဲ။ ကြွက်တွေက အကောင်အကြီးကြီးတွေ ဆူဆူ ဖြိုးဖြိုး ကြီးတွေ” ဟု လပွတ္တာမြို့နယ် အတွင်းရှိကျေးရွာများ သို့သွားရောက်ခဲ့သော ပြည်တွင်း သတင်းထောက်တစ်ဦးက သူ၏ အတွေ့အကြုံကိုပြောသည်။

နာဂစ်မုန်တိုင်းကြောင့် ကြွက်ကိုစားသော မြွေအများအပြားသေကြေခဲ့သောကြောင့် ယခုကဲ့သို့ ကြွက်များပေါများ လာရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်ဟုဆိုသည်။ ကြွက်နှင့်အတူ ဖားများလည်း ယခင်ကထက် ပိုမိုများပြားလာသည်ဟုဆိုသည်။

ကြွက်များမှာလည်း ယခင်ကရှိခဲ့သော ကြွက်များထက် အကောင်ပိုကြီးလာကြပြီး ဒေသခံအချို့ကလည်း ကြွက်များကို နှစ်ခြိုက်စွာ စားလာကြသည်ဟု သိရသည်။

ကြွက်များ ပေါများလာခြင်းကြောင့် စပါးနှင့် အခြားသီးနှံအချို့ဖျက်ဆီးခံရသော်လည်း အခြေအနေ ဆိုးရွားခြင်းမရှိသေးဟု ၄င်းဒေသသို့သွားရောက်ခဲ့သော ပြည်တွင်းဂျာနယ် သတင်းထောက်များ ကပြောကြသည်။

“သီးနှံခင်းတွေကိုတော့ ကြီးကြီးမားမားဖျက်ဆီးတာတော့မရှိသေးပါဘူး။ ကြွက်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေလည်း လောလောဆယ် ဘာမှ မဖြစ်သေး ဘူးလို့ ဒေသခံတွေကပြောကြပါတယ်” ဟု ပြည်တွင်းကဂျာနယ်သတင်းထောက် တစ်ဦးကပြောသည်။

လပွတ္တာမြို့နယ်အတွင်းကျေးရွာများတွင် စပါး၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ဖရဲ စသည့် သီးနှံပင်များစိုက်ပျိုးကြသည်။

ရေလုပ်ငန်း ကျဆင်း

နာဂစ်မုန်တိုင်းပြီးခါစမှာ ငါးဖမ်းဆီးရရှိမှု အတော်အတန်မြင့်တက်လာသော်လည်း ပြီးခဲ့သော ငါးဖမ်းရာသီတစ်လျှောက်တွင်မူ ငါးဖမ်းဆီးရရှိမှု ယခင်နှစ်များ ကထက် နည်းပါးလာသည်ဟုဆိုသည်။

“အရင်နှစ်တွေကလောက်ပုစွန်တွေ ဖမ်းလို့မရတော့ဘူးလို့ လေယာဉ်ကွင်းရွာက တံငါတွေကပြောကြတယ်ဗျ။ သူတို့ရွာမှာ ငါးပိကောင်လုပ်တဲ့ ငါးသေးသေးလေးတွေလည်း အရင်လောက်မရတော့ဘူးတဲ့” ဟု အဆိုပါ သတင်းထောက်ကပြောသည်။

ငါးဖမ်းရာသီအတွင်း ငါးဖမ်းဆီး ရရှိမှုနည်းပါးပြီး ၀င်ငွေနည်းပါးခဲ့သောကြောင့် လာမည့်မိုးရာသီအတွင်း စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်မည်ကို တံငါများကစိုးရိမ်နေသည်ဟုဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် ပျက်ဆီးသွားသော ငါးဖမ်းပိုက်များ ပြန်လည် မ၀ယ်ယူနိုင်သေးသည့်အတွက်လည်း လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများ ရှိနေသေးသည်။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌါနမှ ဦးစီးပြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ငါးဖမ်းပိုက် နှင့်လှေများ ကူညီပေးသည့် အစီအစဉ်ရှိခဲ့သော်လည်း ကူညီသည့် ပိုက်များနှင့် အမှန်တကယ် ရေလုပ်သားများ လိုအပ်သည့် ပိုက်များ မကိုက်ညီခြင်း၊ တကယ်လိုအပ်သည့် ပမာဏကို လိုက်မှီအောင် မပေးဝေနိုင်ခြင်း တို့ကြောင့် မုန်တိုင်း တိုက်ပြီး တနှစ်တာကာလအထိ လိုအပ်ချက်များ ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

လေယာဉ်ကွင်းကျေးရွာသည် အိမ်ခြေ ၆၅၀ ကျော်ရှိရွာကြီးတစ်ရွာဖြစ်ပြီး ကပ္ပလီပင်လယ်နှင့်ထိစပ်နေသော ကျွန်းကြီးတစ်ခုပေါ်တွင် တည်ရှိသည်။ လူဦးရေနှစ်ထောင်ကျော်ရှိပြီး နာဂစ်မုန်တိုင်းကြောင့် ၆၀၀ ခန့်သေဆုံးခဲ့ရသည်။

သောက်သုံးရေ အခက်အခဲ

နာဂစ်မုန်တိုင်းအပြီး မြစ်ချောင်းများအတွင်း ရေချိုရရှိနိုင်သောနေရာများမှာ အထက်ကုန်းတွင်းပိုင်း သို့ပိုမိုရောက်ရှိသွား ကြခြင်းကြောင့် ရေချိုရရှိနိုင်ရန် ပိုဝေးဝေး သွားလာရသည် ဟုဒေသခံများကပြောကြသည်။ ယခင်က မြစ်ညာဖက်သို့ ငါးမိုင်ခန့် သွားလျှင်ရေချိုရရှိနိုင်သောနေရာ များမှာ ယခုအခါ ခုနစ်မိုင်ခန့်သွားမှ ရေချိုရရှိနိုင်သည်ဟုဆိုသည်။

အချို့ရွာများမှာ ယခင်ကတည်းက သောက်သုံးရေကန်၊ ရေတွင်း များမရှိဘဲ တခြားရွာများမှ သွားရောက်ခပ်ယူကြရသည်။ နာဂစ် မုန်တိုင်းအပြီး ဒေသအတွင်းရှိ သောက်သုံး ရေကန်များအတွင်းသို့ ရေငန်နှင့် အမှိုက်သရိုက်များဝင်ရောက်သွားသောကြောင့် သောက်သုံးရေ မျှဝေသုံးစွဲကြရန် အခက်အခဲဖြစ်လာသည်။

လောလောဆယ်အခြေအနေတွင် မုန်တိုင်းဒဏ်သင့်ဒေသများအတွင်း သောက်သုံးရေ ရရှိရေးအတွက် အကူအညီပေးနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ နည်းနေသေးသည်ဟု ၄င်းဒေသများသို့ သွားရောက်ခဲ့သော ပြည်တွင်း သတင်းသမားများက ခန့်မှန်းကြသည်။

“လပွတ္တာမှာတော့ မာလင် Merlin (နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်း) က သောက်သုံးရေအတွက် လူတစ်ဦးကိုတစ်နေ့စာ ကျပ် ၁၄၀ နှုန်းနဲ့ ကျေးရွာ ရေပေးဝေရေးကော်မတီကို ပေးထားတယ်။ ကျေးရွာက အဲဒီပိုက်ဆံတွေနဲ့ သောက်ရေ၀ယ်ပေးရတယ်” ဟု ပြည်တွင်းသတင်းသမားတစ်ဦးကပြောသည်။

လုံခြုံသော အမိုးအကာ မရှိ

အရေးပေါ်နေထိုင်ရန် တာပေါ်လင်စဖြင့်ပြုလုပ်ထားသော တဲငယ်များမှာ လာမည့် မိုးရာသီအတွက် လုံခြုံသော အမိုးအကာများ မဟုတ်တော့ကြောင်း ပြည်တွင်းသတင်းထောက်များကပြောကြသည်။

ကျေးရွာများအတွင်း အများစုသောနေအိမ်များမှာ တာပေါ်လင်စဖြင့်ပြုလုပ်ထားသော ခပ်သေးသေး တဲအိမ်မျာသာဖြစ်ကြသည်။

“မြစ်ကမ်းဘေးကကြည့်လိုက်ရင် အိမ်သာလေးတွေတန်းစီထားတယ်လို့တောင်ထင်ရတယ်။ တဲလေးတွေက သေးသေးလေးတွေ။ တာပေါ်လင်စ တွေနဲ့ဆောက်ထားတော့ အခုလို ပူတဲ့ရာသီမှာ ဘယ်လိုနေကြလဲမသိဘူး” ဟု ပြည်တွင်းသတင်းသမားတစ်ဦးက ပြောသည်။

နေ့စဉ်ထုတ်သတင်းစာများနှင့် ရုပ်မြင်သံကြားတွင် တွေ့မြင်ကြရသော မုန်တိုင်းသင့်ဒေသ အတွင်းဆောက်လုပ် လှူဒါန်းသည်ဆိုသော တန်ဖိုးနည်း အိမ်ရာများမှာ အစိုးရအရာရှိကြီးများ လာရောက်တတ်သည့် ကျေးရွာများတွင်သာ ဟန်ပြ ဆောက်လုပ်ထားကြသည်ဟု ဆိုသည်။ အမှန်တကယ် နာဂစ်ဒဏ် ခံစားခဲ့ရသည့် ကျယ်ပြန့်လှသည့် ဧရိယာနှင့် နှိုင်းစာလျင် ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် အပြသဘော တည်ဆောက်သော တန်ဖိုးနည်း အိမ်ရာမှာ အလွန်နည်းပါးလှသည့် အရေအတွက်ဟု လည်းဆိုသည်။

၎င်းအိမ်ယာများကိုလည်း အချို့ကျေးရွာလူကြီးများ၊ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများကိုသာ ဦးစားပေးချထားခြင်းဖြစ်ပြီး အိမ်ယာ နေထိုင်ခွင့် ရရှိရန်အတွက်လည်း အာဏာပိုင်များထံသို့ လာဘ်ငွေ ကျပ်နှစ်သောင်းမှ ခြောက်သောင်းအထိ ပေးခဲ့ရသည်ဟု ပြောကြ သည်။

ဆိုင်ကလုန်းဒဏ်ခံ အဆောက်အဦ

လပွတ္တာမြို့နယ်အတွင်း မုန်တိုင်းဒဏ်ခံအဆောက်အဦများ ခိုင်ခိုင်မာမာ မတွေ့ရှိရသေးကြောင်းလည်း ပြည်တွင်းသမားများကပြော ကြသည်။ မုန်တိုင်းဒဏ်ခံအဆောက်အဦးများမှာ စစ်အစိုးရထိပ်ပိုင်း အရာရှိကြီးများ လာရောက်စစ်ဆေးတတ်သည့် ရွာများတွင်သာရှိပြီး အချို့မှာ သုံးပုံတစ်ခန့်သာ ပြီးဆုံးသေးကြောင်း ဆိုပါသည်။

“ကျေးရွာတွေမှာ မုန်တိုင်းလာရင် ခိုဖို့ ဆိုပြီး ကုန်းလေးတွေလုပ်ပေးထားတယ်။ ဘေးနားကမြေကြီးတွေကို ကုန်းဖြစ်အောင် ယက်တင် ထားတာပါပဲ။ ရေတက်လာရင် မြေကြီးတွေ စားသွားပြီးပြိုသွားနိုင်တယ်။ နောက်ပြီး ကုန်းပေါ်တက်ဖို့လှေကားလည်းမတွေ့ရဘူး” ဟု လပွတ္တာအောက်ပိုင်း ကျေးရွာများသို့သွားရောက်ခဲ့သည့် ပြည်တွင်းသတင်းသမားတစ်ဦးကပြောပါသည်။

မုန်တိုင်းဒဏ်ခံအဆောက်အဦများ၊ အသက်ကယ်တောင်ကုန်များမှာ လူဦးရေနှင့်စာလျှင် ငါးပုံတစ်ပုံခန့်သာ အကာအကွယ် ပေးနိုင်လိမ့်မည်ဟု ခန့်မှန်းရသည်ဟု ပြည်တွင်းသတင်းသမားများက ပြောသည်။

လူတန်းစားညီ

နာဂစ်မုန်တိုင်းဒဏ်မခံရမီက ကျေးရွာအတွင်း ချမ်းသာကြွယ်ဝခဲ့သူများမှာ မုန်တိုင်းဒဏ်ကြောင့် ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့ကြပြီး ယခင်က ဆင်းရဲခဲ့သူများမှာ နာဂစ်မုန်တိုင်းအပြီး ၀င်ရောက်လာသော အကူအညီပေးရေးအဖွဲ့အစည်းများကြောင့် အတော်အသင့် အဆင်ပြေ ခဲ့သူများတွေ့ရှိရသည်။

“အရင်က ပိုက်သူဌေးတွေ လယ်သူဌေးတွေက နာဂစ်ကြောင့် အကုန်လုံးကုန်သွားကြပြီ။ သူတို့က ပိုက်ဆံရှိခဲ့တော့ ဝေခြမ်းရေး (ကယ်ဆယ်ရေးအဖွဲ့ အစည်းများ) တွေ ကိုသွားဖို့လည်းရှက်ကြတယ်။ အရင်ကတည်းက မရှိခဲ့တဲ့လူတွေကတော့ ဝေခြမ်းရေးက ပေးတာလေးတွေနဲ့ အဆင်ပြေနေတာရှိတယ်” ဟုပြည်တွင်း သတင်းသမားတစ်ဦးပြောသည်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ ရောက်ရှိလာကြခြင်းကြောင့် ကျေးရွာအတွင်းရှိ ရေပေးဝေရေး၊ ဝေခြမ်းရေး စသော အဖွဲ့အစည်းများ ဖွဲ့စည်းရာတွင်လည်း အမျိုးသားအမျိုးသမီးမျှတစေရန်(Gender balance) ဂရုစိုက်ဖွဲ့စည်းတတ်လာသည်ကို တွေ့ရကြောင်းဆိုသည်။

စိတ်ဒဏ်သင့်နေဆဲ

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး တစ်နှစ်နီးပါးရှိလာသည့်တိုင်အောင် မုန်တိုင်းဒဏ်ကို ကိုယ်တိုင်တွေ့ ကြုံခံစားခဲ့ရသောသူများမှာ ထိတ်လန့်ကြောက်ရွံ့မှုနှင့် စိုးရိမ်သောကများ မပျောက်သေးသည်ကို တွေ့ရသည်ဟု သတင်းထောက်များကပင် ပြောဆိုသည်။

“အမျိုးသမီးတစ်ယောက်ဆိုရင် စကားပြောနေရင်းကနေ မျက်ရည်တွေထွက်လာပြီး ဒေါ်သတကြီးဖြစ်လာတယ်။ ကိုရင်လေးတစ်ပါးဆိုလည်း ဒီအတိုင်းပဲ။ ပြောရင်းနဲ့ တဖြည်းဖြည်း ခံစားချက်တွေ မာန်တွေပါလာတယ်” ဟု လပွတ္တာမြို့နယ် ပြင်စလူကျေးရွာမှ ပြန်လာသည့် သူကပင် ပြောဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများအတွက် နှစ်သိမ့် ဆွေးနွေးမှုကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်မှုများ အမှန်တကယ် လုပ်ဆောင်နိုင်ခြင်းမတွေ့ခဲ့ရပေ။ စိတ်ကျန်းမာရေး အထူးကုဆရာဝန် တဦးက ပြောဆိုခဲ့ရာတွင် မြန်မာနိုင်ငံတွင် ထိုသို့သော သဘာဝဘေး အန္တရာယ် ဆိုင်ရာ စိတ်ဒဏ်သင့်မှု အတွက် ဆွေးနွေးတိုင်ပင်မှု လေ့ကျင့်ပေးထားသည့် ဆရာဝန် မရှိသေးကြောင်း ၊ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ဆရာဝန်အရေအတွက်လည်း နည်းပါးနေသေးပြီး ထိုသို့သော ကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဟု ကောက်ချက်ချသည်။

မြန်မာလူမှု အဖွဲ့အစည်း၏ ရှေးရိုးအစဉ်အလာအတိုင်း စိတ်ဒဏ်သင့်ခံရသူများအား ကျေးရွာ၏ ဘာသာရေး လူမှုရေးအရ ဦးဆောင်သည့် ဘုန်းတော်ကြီးများက ဘာသာရေးရှုထောင့်မှ နှစ်သိမ့် ဆုံးမခြင်းတို့ကိုသာ ကျယ်ကျယ် ပြန့်ပြန့်မြင်တွေ့ခဲ့ရသည် ဟုလည်းသိရသည်။

တစ်နှစ်ပြည့်ဆွမ်းကြိုသွတ်

မတ်လဒုတိယပတ်အတွင်း ရွာသွန်းခဲ့သောမိုးကြောင့် ဒေသခံအချို့အစိုးရိမ်လွန်ခဲ့ကြသေးသည်ဟု ဆိုသည်။ ပင်လယ်နှင့်နီးစပ်သော ရွာများမှလူအချို့မှာ နာဂစ်ကြောင့်သေဆုံးခဲ့သော ဆွေမျိုးသားခြင်းများကို ရည်စူး၍ တစ်နှစ်ပြည့်ဆွမ်းသွတ်ခြင်းများကို ကြိုတင် ဆောင်ရွက်ပြီး လပွတ္တာမြို့ပေါ်နှင့် ရေတက်လျှင်လွတ်နိုင်မည်နေရာများသို့ ပြောင်းရွှေ့နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ အောက်ဖက်ဆင်းတော့ ရွာကလူတွေက ဘာသွားလုပ်မှာလဲ၊ ရွာတွေမှာလူတွေမရှိတော့ဘူး အန္တရာယ်များတယ်၊ မသွားကြနဲ့ လို့ ပြောကြတယ်။ သူတို့က လာမယ့်မိုးဦးကျကို တော်တော်ကြောက်နေကြတဲ့ပုံပဲ” ဟု ပြည်တွင်းသတင်းသမားတစ်ဦးက ပြောသည်။

မုန်တိုင်းလာမလာကို သိရှိနိုင်ရန် ဒေသခံများက ရိုးရာနည်းများဖြင့်ခန့်မှန်းကြသည်ဟုဆိုသည်။ ပျံလွှားငှက်တွေ သစ်ပင်ခြေရင်းမှာ အသိုက်လုပ်လျှင် လေပြင်းတိုင်နိုင်ပြီး ဖားပျံများ အိမ်အမြင့်တွင် တက်နေလျှင် ရေကြီးနိုင်သည် စသဖြင့် ခန့်မှန်းကြသည်။

မုန်တိုင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်အတွက် ရေဒီယိုကို အဓိက အားကိုးကြကြောင်းဒေသခံများကပြောသည်ဟု ပြည်တွင်းသတင်း သမားများက ဆိုသည်။
“မေ ၂-၃” နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၈၄၅၃၇ ဦးသေဆုံးပြီး ၅၃၈၃၆ ဦးပျောက်ဆုံးခဲ့ပြီး လူပေါင်း ၂.၄ သန်းခန့် မုန်တိုင်းရဲ့ဒဏ်ကို ခံခဲ့ရသည်ဟုကုလသမဂ္ဂ က ခန့်မှန်းသည်။

Thursday, April 9, 2009

သတင်းကောင်း!! သတင်းကောင်း!! သတင်းကောင်း!!

Free Call to MyanmarAll Channel ကို ချစ်ကြတဲ့ ပရိတ်သတ်ကြီးအတွက် 2009 ခုနှစ်ရဲ့ ထူးခြားတဲ့ အစီအစဉ်သစ် တစ်ရပ်ကို စတင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ပြည်ပကို ရောက်ရှိနေကြတဲ့ ရွှေမြန်မာတွေကတော့ ဒီအစီစဉ်ကို အထူးနှစ်သက်ကြမယ်ဆိုတာ ပြောစရာကို မလိုပါဘူး။ ဒီလောက်တောင် ညွှန်းနေမှတော့ ဘာအစီအစဉ်လေးလဲ ဆိုတာ သိချင်နေကြမှာပေါ့နော်။



ပြည်ပရောက် မြန်မာတွေအတွက် ပြည်တွင်းမှာ ရှိကြတဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေကို အခမဲ့ ဖုန်းခေါ်နိုင်မယ့် ၀န်ဆောင်မှုကို all-chanel.com က စတင် ပေးဆောင်တော့မှာ ဖြစ်ပါတယ်။ မြန်မာ နှစ်သစ်ကူးကို ကူးပြောင်းမယ့် ဧပရယ်လ (၁) ရက်နေ့ ကစပြီး www.all-channel.com ရဲ့ အသင်းဝင်တွေကို ဒီဝန်ဆောင်မှုကို စတင်ပေး ဆောင်တော့မှာ ဖြစ်လို့ ဒီလိုထူးခြားတဲ့ အခွင့်အရေးကို လက်လွတ်လို့ မဖြစ်ဘူးနော်။ www.all-channel.com ကနေ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ရနိုင်ဖို့ ချက်ချင်းပဲ မန်းဘာ ၀င်လိုက်ကြပါစို့။

Free Member တွေအတွက် အထူးစပါယ်ရှယ် All Channel ရဲ့ Free Call

၈၈ ကျောင်းသားခေါင်းဆောင် လေးလွင် (ခ) ကိုလေး ကျန်းမာရေးအခြေအနေ စိုးရိမ်ရ



မိုးမခအထောက်တော် ဝဝ၈

၈၈ ကျောင်းသားခေါင်းဆောင် နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ကိုလေးလွင် (ခ) ကိုလေး သည် ကျန်းမာရေး အခြေအနေ ဆိုးရွားသဖြင့် ဆေးကုသမှု ခံယူနေရသည်။ အဆုတ်နှင့် ပတ်သက်သော ဝေဒနာနှင့် အခြားသော ဝေဒနာများကြောင့် ယခုနှစ်ဆန်းမှ စတင်ကာ ထိုင်းနိုင်ငံ ချင်းမိုင်(ဇင်းမယ်)မြို့တွင် ဆေးရုံသို့ အကြိမ်ကြိမ် တက်ရောက် ကုသမှု ခံယူနေရပြီး ၄င်း၏ ကျောင်းနေဖက် သူငယ်ချင်းများ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များက ၀ိုင်းဝန်း စောင့်ရှောက်လျက်ရှိသည်။

ကိုလေးလွင်သည် ၈၈ အရေးတော်ပုံ ပေါ်ပေါက်ရန် စတင်လှုပ်ရှားသူ တက္ကသိုလ်ကျောင်းသားများတွင် တစ်ဦး အပါအ၀င် ဖြစ်ပြီး အရေးတော်ပုံကာလအတွင်း မန္တလေးမြို့၌ ဦးဆောင်ပါဝင်ခဲ့သည်။ အရေးအခင်းပြီးနောက် ဗကသ မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အတွင်း စစ်အစိုးရက ဖမ်းဆီးကာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။ ၎င်းသည် လုံခြုံရေး အခြေအနေကြောင့် ၂၀၀၇ ခုနှစ်အတွင်း ထိုင်း-မြန်မာ နယ်စပ်မှတဆင့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း - မြန်မာနိုင်ငံ (အေအေပီပီ) အပါအ၀င် လူ့အခွင့်ရေးအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့ အစည်းများနှင့် အတူ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ဆက်လက် ပါဝင်ခဲ့သည်။

လောလောဆယ်တွင် ၄င်း၏ ကျန်းမာရေး အခြေအနေမှာ တစုံတရာ စိုးရိမ်ရသော အခြေအနေတွင် ရှိနေပြီး ဆေးဝါးကုသမှု ကုန်ကျစရိတ်ကို မိတ်ဆွေအချို့က အဖွဲ့ငယ်လေး တစ်ခု ဖွဲ့စည်း ကောက်ခံကာ ကူညီလျက်ရှိသည်။ ဆက်သွယ်လိုသူများ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း - မြန်မာနိုင်ငံ (အေအေပီပီ)၊ ဧရာဝတီ သတင်းဌာနနှင့် မိုးမခ သို့ ဆက်သွယ်နိုင်ပါသည်။

Monday, April 6, 2009

ဂျီတော့ခ်သုံးစွဲသူတို့ လုံခြုံရေးသတိ ရှိစေလို

မိုးမခ စာဖတ်သူတဦး

မြန်မာစစ်အစိုးရက အင်တာနက်ထိန်းချုပ်ရေးစီမံချက်ကို ပိုမိုတိုးမြှင့်လာတယ်လို့ ဆိုပါတယ်။ ပြည်တွင်းကနေပြီး ပြည်ပနှင့် ဂျီတော့ခ် (အင်တာနက်ပေါ်က အပြန်အလှန် စာရိုက်၊ စကားပြော ဆက်သွယ်ရေးစနစ်) သုံးသူတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တို့ ပေါက်ကြားကုန်ပြီး အဲဒီအထောက်အထားတွေနဲ့ လူ ၄ ဦး ဖမ်းခံရတယ်လို့ ကြားပါတယ်။



စစ်အစိုးရဖက်က ကမကထလုပ်ဖွင့်ထားတဲ့ အင်တာနက်ဆိုင်တွေအနက်၊ ((သို့မဟုတ်) စစ်အစိုးရဖိအားပေး အကြပ်ကိုင်ခံထားရလို့ သတင်းပေးလုပ်နေတဲ့ဆိုင်တွေ ထဲက လို့ ပြောချင်လည်း ရပါတယ်) ရွှေပြည်သာမြို့နယ်က ဆိုင်အချို့မှာ သွားရောက်သုံးစွဲခဲ့ပြီး ရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။

အင်တာနက်နှေးလွန်းလို့၊ အင်တာနက်ပိတ်ဆို့ထားလို့ ဆိုတဲ့အကြောင်းပြချက်တွေကြောင့်၊ ယခုတလောမှာ မိမိမိတ်ဆွေများကတဆင့် သို့မဟုတ် အင်တာနက်ဆိုင်တွေရဲ့ လမ်းညွှန်ချက်တွေကတဆင့်၊ ဂျီလိုက်တ် သို့မဟုတ် ပရော့စီဆားဗစ် သို့မဟုတ် တဆင့်ခံလိပ်စာများကို သုံးစွဲပြီးတော့ အီးမေးတွေ၊ ပတ်စ်ဝဒ်တွေ သုံးစွဲတာမျိုးကို ဆင်ခြင်သင့်တယ်လို့ သတိပေးချင်ပါတယ်။ နိုင်ငံရေးကိစ္စတွေ သတင်းတွေနဲ့ ပတ်သက်ပြီး ဂျီးမေးသုံးတာ၊ ဂျီတော့ခ်သုံးတာတွေကို အခုတလော ဂရုစိုက်စေချင်ပါတယ်။ စကားဝှက်တွေလည်း အသစ်လဲထားသင့်ပါတယ်။

အကောင်းဆုံးကတော့ မိမိကိုယ်တိုင် စိတ်ချရတဲ့ အင်တာနက်ဆိုင်၊ မိမိသုံးစွဲတာတွေကို ကြားဖြတ်ခိုးယူ စောင့်ကြည့်ခြင်း မပြုလုပ်တဲ့ ဆိုင်တွေကိုသာ ရွေးချယ်သုံးစွဲသင့်ပါတယ်။ မြန်မာပြည်မှာ အင်တာနက်ကို ထိမ်းချုပ်တာအပြင် အီးမေးတွေ၊ ချက်လိုင်းတွေကိုပါ စောင့်ကြည့် စစ်ဆေးတာတွေ လုပ်လာတာကြောင့် အားလုံးက ထိတ်လန့်နေရတာကို တွေ့နေရပါတယ်။ နောက်တခုက ဧပြီလ ၇ ရက်အထိ အင်တာနက်တွေ နှေးနေဦးမယ်လို့ ကြေငြာထားပြန်ပါတယ်။

Sunday, April 5, 2009

ခရစ်တော် ဒုတိယအကြိမ် တဖန်ကြွလာခြင်းနှင့် စပ်လျဉ်း၍ လောအယ်စိုး





ကျနော်သည် ထာဝရဘုရားသခင်တည်ရှိခြင်းနှင့် ဖန်ဆင်းခြင်းတရားကို ယုံကြည်သော ခရစ်ယာန်ဘာသာဝင် တဦးဖြစ်ပါသည်။ စာကိုပင်ကောင်းမွန်စွာ မဖတ်တတ်မီကတည်းက ကျနော်၏မိခင်သည် ကျနော်တို့ညီအကိုသုံးဦးအား သမ္မာကျမ်းစာထဲမှ အကြောင်းအရာများကို ပုံပြင်သဖွယ် ညအိပ်ယာမ၀င်မီ ပြောပြတတ်ပြီး ကျမ်းပိုဒ်အချို့တို့ကို အလွတ်ရအောင် နှုတ်တိုက်သင်ကြားပေးခဲ့သည်။


ထိုသမ္မာကျမ်းစာ၏ ဆုံးမသွန်သင်၊ ခွန်အားပေးမှုတို့ကြောင့်ဖြင့်သာ ဘ၀၏အလွန်အားနည်းသောအချိန်များ၊ မျှော်လင့်ချက်ပျောက်ဆုံးလုလု အနေအထားတို့၌ ကျနော်သည် ခွန်အား၊ လန်းဆန်းမှု၊ ရှင်းလင်းပြတ်သားသော အနာဂါတ်လမ်းခရီးတို့ကို မြင်နိုင်လာခဲ့သည်။ နေ့စဉ်အသက်ရှင်ခြင်းကို မည်သို့တန်ဘိုးထားရမည်ကို တစထက်တစ တိုး၍ ခံစားသိရှိလားခဲ့ပါသည်။


ကျနော်ချစ်သော မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ် ယုံကြည်ကြသည့် တိုင်းသူပြည်သားများ စုပေါင်းနေထိုင်ကြသည့် တိုင်းပြည်ဖြစ်သည်။ ထိုအထဲမှ ကျနော်တို့ ကရင်လူမျိုး၏ လူဦးရေထက်ဝက်ကျော်ကျော်သည် ဗုဒ္ဓဘာသာဝင် ညီအကိုမောင်နှမတို့၏ မိသားစုများဖြစ်ကြသည်။


မူလတန်း၊အလယ်တန်း၊အထက်တန်း ကျောင်းသားဘ၀တို့ဖြင့် ကျနော်ပျော်ရွှင်စွာ ကျင်လည်ခဲ့ဘူးသော ကရင်ပြည်နယ်အတွင်းရှိ ဇာသပြင်၊အိန္ဒု၊ ကော့ရင်းစသည့်ကျေးရွာများ ဘားအံနှင့် မြ၀တီမြို့တို့၌ အများဆုံးသောလူဦးရေမှာ ဗုဒ္ဓဘာသာဝင်များသာ။



တပတ်လျှင် တနင်္ဂနွေနေ့ တကြိမ် ခရစ်ယာန်ဘုရားကျောင်းကိုတက်ရသော ကျနော်သည် ဗုဒ္ဓဘာသာဝင် ညီအစ်ကို သူငယ်ချင်းများနှင့်အတူ ဆွမ်းကြီးလောင်းပွဲ သီတင်းကျွတ် ဘုံကထိန်စသည့် ဗုဒ္ဓဘာသာဝင်တို့၏ ပွဲတော်အခန်းအနားများတွင် ပျော်ရွှင်စွာဆင်နွဲပါဝင်သည်။


အိန္ဒုကျေးရွာတွင် နေစဉ်ကာလ ကျေးရွာ၏ဆွမ်းကြီးလောင်းပွဲ၌ သတ္တမတန်းနေ အတန်းတူ သူငယ်ချင်းများစု၍ မီးပုံးပျံလွှတ်မည် ဆိုပြီးတိုင်ပင်ကြသောအခါ စောသန်းဌေးဆိုသော သူငယ်ချင်းနှင့် ကျနော်ဦးဆောင်ပြီး အတန်းဖေါ်များကို အလှုငွေကြေး ကောက်ခံသည်။ စောသန်းဌေးက ကျနော့်ကို


“သူငယ်ချင်း…မီးပုံးပျံကြီးလွှတ်ပြီး ကုသိုလ်ယူရင်၊ ငါတို့နောင်ဘ၀မှာ မွန်မြတ်တဲ့ဘ၀ကို ရမှာကွ” ဟုဆို၏။


ကျနော်တို့ အတန်းဖေါ်အမည်များရေးသားထားသော သတင်းစာစက္ကူ မီးပုံးပျံကြီးမှိုင်းဝင်၍ ကောင်းကင်သို့ တရိပ်ရိပ်တက်သွားသောအခါ ကျနော်တယောက်ကြည်နူးမိခဲ့လေခြင်း။

ကျနော်တို့ တတွေကြား၌ မည်သည့်ဘာသာရေး တံတိုင်း စည်းခြားမှုများ တဦးနှင့်တဦး မရှိခဲ့ပါ။ ရှိရမည်ကို မသိရှိကြတာတော့ တဦးနှင့်တဦးညီအစ်ကိုရင်း မိသားစုသဖွယ် မေတ္တာထားရှိကြခြင်း နှင့် အပြန်အလှန်နှောင်ကြိုးမဲ့ကူညီတတ်တာတွေ။


တဆယ့်ငါးနှစ်ခန့်ကြာအောင် တဦးနှင့်တဦးပြန်မဆုံဖြစ်ခဲ့ကြ။ အတန်းပညာများကို သင်ကြားပြီးနောက် လောကတက္ကသိုလ်ကြီးဆီကို ကျနော်တို့တတွေ ခရီးဆက်ခဲ့ကြသည်၊ ကျနော့်အတန်းဖေါ်များ ဘယ်ရေ၊ ဘယ်မြေဆီမှာ ရှိနေကြပြီလဲ … ဟု တခါတရံ တမ်းတစွာဖြင့် သူတို့တတွေကိုမြင်ယောင်မိသည်။ အသီးသီး မွေးရပ်မြေနှင့်ဝေးရာ ငှက်တွေလို ပျံသန်းသွားကြသည်၊ ငါးတွေလို မြစ်ချောင်း ပင်လယ်အသစ်တို့ ဆီ ကူးခတ်သွားလိုက်ကြသည်။


အမှတ်မထင်ငယ်ပေါင်း စောသန်းဌေးကို သင်္ကန်းကြီးရုံလျှက် အလှုခံမဏ္ဌပ်တခုအတွင်း ခရီးသွားဟန်လွဲ တွေ့ခွင့်ရလိုက်သည်။ ကျနော်တို့၏ စည်း၊ တံတိုင်း၊ အကာရံမရှိခဲ့ကြသောနေ့ရက် ကာလများက အမြဲတမ်း နှစ်ဦးစလုံးထံ၌ ရှင်သန်နေဆဲ။

မူလတန်းကျောင်းသားဘ၀၌ နံနက်ဆွမ်းခံလှည့်လာသော ကိုယ်တော်လေးကို သူများတကာတွေ လက်အုပ်ချီပြီး ဦးချသလို ကျနော်လည်းရောယောင်ကာဦးချလိုက်သည်။ ထိုအခါ ရဟန်းကိုယ်တော်လေးက ကျနော့်တယောက်ထဲကိုမှ ထူးထူးခြားခြား ငှက်ပျောသီးတလုံး ပေးခဲ့ဘူးသည်။ ထို့ ကြောင့် ထိုရဟန်းကိုယ်တော်လေး အိမ်ရှေ့ကဖြတ်သွားတိုင်း ကျနော် အမှီအမောတကော ပြေးလိုက်ပြီး ဒူးတုပ်ကာ ဦးချတတ်သည်။


ကျနော်သိသည်က တခုတည်းသာ၊ ကျနော့်ကိုချစ်၍ အစဉ်ပြုံးကာ ငှက်ပျောသီးပေးသော ရဟန်းပျို။ ကျန်တာဘာမျှ ကျနော်မသိ၊လပြည့် လကွယ် ဥပုဒ်နေ့ ရက်များတွင် ကျနော်တို့ မိသားစု နေထိုင်ခဲ့ရာ အိန္ဒုကျေးရွာအနီးရှိ တောင်ကုန်းကလေးပေါ်တွင် တည်ထားသော “ခုလို သိုက်အောင်” ဟူ၍ အမည်ရသည့် စေတီနှင့်ဘုန်းတော်ကြီးကျောင်းရှိသည်။ရွာမှ နှစ်မိုင်ခန့် ကွာဝေးသည်။

ရပ်ကွက်ထဲရှိ ကစားဖေါ် သူငယ်ချင်းများကခေါ်၍ ၎င်းတို့နှင့်အတူလိုက်သွားကာ သက်သတ်လွတ်ဟင်းလျာများ မြိန်ယှက်စွာ စားသောက်ခဲ့ဘူးသော နေ့ရက်နှင့် အရသာကို ကျနော်ဘယ်လိုမှ မမေ့နိုင်ခဲ့ပါ။


သာမညဆရာတော်ကြီး၏ ဘာသာရေးလုပ်ဆောင်မှုများအပြင် ဒေသအတွင်း ငြိမ်းချမ်းမှုနှင့် ဖွံဖြိုးရေးလုပ်ဆောင်မှုများကို လှိုက်လှိုက်လှဲလှဲကြီး ရင်ထဲမှ တန်ဘိုးထား အသိအမှတ်ပြုကာ သာဓုအကြိမ်ကြိမ်ခေါ်ပါသည်။ ထိုသာသနာ့အာဇာနည်ဆရာတော်၏ မြင့်မြတ်သော လုပ်ဆောင်မှုများကို ဘယ်မင်းစိုးရာဇာ တယောက်ယောက်ကမှ လိုက်၍ မှီမည်မထင်ပါ။


မလုပ်သင့်၊ မလုပ်အပ်သော ဆရာတော်၏ရုပ်ကလပ်ကို ဖျေက်ဖျက်ပစ်ခြင်းသည် အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။ မည်သူ မည်သည့် အဖွဲ့အစည်းတို့ပြုလုပ်သည်ကိုလည်း ကာယကံရှင်များကသာလျှင် သိကြပေလိမ့်မည်။ အကျည်းတန်လှပေခြင်း၊ တူသောအကျိုးကို ၎င်းတို့ ခံစားရပေမည်။ ခရစ်ယာန်တို့၏ သမ္မာကျမ်းစာ အဆိုအရ “ စိုက်သည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်”။


သာမညဆရာတော်ကြီး၏ အရှင်းလင်းဆုံး အထိရောက်ဆုံး တရားဟောချက်များတို့သည် မြန်မာနိုင်ငံ၏ တရားမျှတမှု နှင့် ငြိမ်းချမ်းရေးတို့ အတွက်ရှေ့ ရှုခဲ့သည် မဟုတ်ပါလား။


ဘ၀တခုလုံးကို ပေးဆက်ကာ ချင်းတောင်တန်း၌သာ သာသနာပြုခဲ့သော ဆရာတော်ဦးဥတ္တမသာရ၏ ဘ၀အထ္တုပတ္တိသည် ကျနော့်အတွက် အတုယူစရာတခု ဖြစ်ခဲ့ပါသည်။


ပန်းချီဆရာကြီး ဦးဘကြည်၏ ကျေးဇူးကြောင့်သာ ဇာတ်ကြီးဆယ်ဘွဲ့ကို အပါတ်စဉ်ထုတ် တေဇစာစောင်များမှ အရှင်းလင်းဆုံးနှ့င် အထိရောက်ဆုံး စိတ်ဝင်စားစွာ လေ့လာဖတ်ရှု့ ခွင့်ရခဲ့သည်။


သုဝဏ္ဏသာမလို သားတယောက်ဖြစ်ချင်ခဲ့သည်။ မဟော်သဓါသည် ကျနော်၏ သူရဲကောင်း။ အဆီးအတားများကို ဘယ်လိုမှမမှု့ သည့် ပင်လယ်ပြင်မှ လက်ပစ်ကူးသမား ဇနက္ကမင်းသား၏ လုံလ ပြီးတော့ စူဇကာပုဏ္ဏားကို အလွန့် အလွန် ခါးခါးသီးသီးကြီး မုန်းပစ်လိုက်သည်။


အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသားဘ၀များ၌ ကျနော်သည် အာစရိယပူဇော်ပွဲများ၌ အမြဲလိုလို ပါဝင်ပြီး ကျနော် ချစ်မြတ်နိုးတန်ဘိုးထားလေးစားသော ကျေးဇူးရှင်အာစရိယတို့အား ဦးချ၍ အရိုအသေပေးခဲ့သည်။ ကျနော့်အတွက် ထိုကိစ္စသည် ဘာသာရေးကိစ္စတခုမဟုတ်ပါ။ မြန်မာ့ရေ မြန်မာ့မြေတွင် မွေးဖွားကြီးပြင်းလာခဲ့သော သူတယောက်၏ မြန်မာအဆန်ဆုံး မြတ်နိုးဖွယ်ရာ ဂါဝရတရားကြီးတခုကို ကျနော်ပြုလုပ်သည်ဟုသာယုံကြည်ပါသည်။


ဓါတ်ပုံသတင်းထောက်အဖြစ်ကျင်လည်ခဲ့သော ကာလများတွင် မြန်မာနိုင်ငံတနံတလျားသို့ ခရီးများစွာထွက်ခဲ့ရသည်။ အခြေခံလူတန်းစားတို့၏ဘ၀များကို အဓိက မှတ်တမ်းတင်ရသည်။ ပြီးတော့ ၎င်းတို့နှင့်အနီးစပ်ဆုံး ဗုဒ္ဓ၏သား ရဟန်းသံဃာတော်များ ကျေးလက်များမှ ဘုန်းတော်ကြီးကျောင်းပညာရေး မြင်ကွင်းများ။


ပြီးတော့ ရွှေဝါရောင် တော်လှန်ရေးကာလမှ ရဟန်းသံဃာတော်တို့ ၏ စတေးခံ ပေးဆပ်မှုများတို့သည် ဗုဒ္ဓသာသနာ၏ စည်းဝိုင်းအပြင်ကိုကျော်၍ အဖိနှိပ်ခံ မြန်မာနိုင်ငံသားအားလုံးတို့၏ လွတ်မြောက်မှုအတွက်ပင် မဟုတ်ပါလား။


ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့ မှ လူထုတွေအတွက်သာမဟုတ်၊ တောင်တန်းနှင့် နယ်စပ်ဒေသနေ ပြည်သူပြည်သား၊ တိုင်းရင်းသား၊ ညီအကိုအားလုံးအတွက် သူတို့တတွေ ကိုယ်စားပြုခဲ့ပေသည်။ ထိုအရေးတော်ပုံကြောင့် သံဃာတော်တို့၏သွေးသည် ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ စွန်းထင်းခဲ့ရသည်။


ခရစ်ယာန်ဘာသာဝင်တို့၏ တူညီသောယုံကြည်ချက်အတိုင်း ကျနော်သည် ခရစ်တော်၏ ဒုတိယအကြိမ် တဖန်ကြွလာမည်ကို ရိုးသားစွာ ယုံကြည်ပါသည်။ သိုးနှင့်ဆိတ်ဟူသော သုစရိုက် ဒုစရိုက်ပြုခဲ့သူများတို့ကို မိမိတို့ပြုလုပ်ခဲ့သောအရာများနှင့်ညီမျှသော တရားစီရင်ခြင်းကိုခံရမည်။ ထာဝရအသက်နှင့်မည်သူထိုက်တန်သည်ကို ခရစ်တော်ကဆုံးဖြတ်ပေလိမ့်မည်။


ကမ္ဘာကြီး၏ နေရာအနှံအပြားတွင် ဖြစ်ပွားနေသောအနိဌါရုံများနှင့် ကျနော်တို့ပြည်သူများ ပူပူနွေးနွေးခြောက်ခြားစွာဖြင့် ကြုံတွေလိုက်ရသော“နာဂစ်”၊ တရုတ်ပြည်မှ ငလျှင်ကြီး၊ လေယာဉ်ပျံ ပျက်ကျမှုများ၊ စစ်မီးလျှံများမငြိမ်းသေးသည့် အရှေ့အလယ်ပိုင်းဒေသ၊ ထိုအဖြစ်အပျက်တို့က ခရစ်ယာန်ဘာသာဝင်များတို့အား သတိဖြင့် အစဉ် အသက်ရှင်ကြရန် စကားပြောလျှက်ရှိသည်။


ထို့ ကြောင့် ခရစ်ယာန်တရားဟော ဆရာကြီးများက နောင်တရကြဖို့ ၊ မိမိတို့ပြုကျင့်နေသည့် ဒုစရိုက်များကိုစွန့်ပယ်ပြီး အသစ်သော အသက်တာကို လျှောက်လှမ်းကြဖို့ တွန်းအား သို့မဟုတ် သတိ ပေးနေသည်။


ကျနော်လက်ခံပါသည် အပြည့်အ၀လည်းယုံကြည်ပါသည်။ ခရစ်တော်တဖန် ပြန်ကြွလာမည်ကို မျှော်လင့်မိပါသည်။ သို့ ရာတွင် အချို့ သော ခရစ်ယာန်တရားဟောဆရာတို့က အခြားသော ဘာသာတရားများကို ချိုးနှိမ်၍ တရားဟောခြင်း၊ ယှဉ်တွဲ၍ “ဘယ်ဘုရားက ကြီးပြီး ဘယ်ဘုရားက ငယ်သည်”ဆိုသော အယူအဆကို ကျနော်လက်မခံပါ။


ကျနော့်အဖို့တော့ လူသားတိုင်းသည် ဘုရားသခင်၏ သားသမီးများသာ ဖြစ်ကြသည်။ ခရစ်ယာန်အရေအတွက်တိုးလာဖို့ အရေးကြီးသည်ဆိုသော သူများ၏ခံယူချက်ကို ကျနော် ဆန့်ကျင်သည်။ ဘာသာရေးဆိုင်ရာ ဘွဲ့ထူး ဂုဏ်ထူးကြီးများ တသီတတန်းကြီး ယူထားပြီး လူမှုရေး ငွေကြေးကိစ္စတို့ ကြောင့် ဓမ္မဆရာဝတ်ရုံကို ချွတ်လိုက်ရသည့်လူတွေကလည်း မနည်း။ ခရစ်ယာန်ဖြစ်လိုက်သည် ဆိုသည်နှင့် “အားလုံးပြီးသွားပြီ”၊ “လုပ်ချင်ရာလုပ်လို့ ရတယ်”ဟု ၎င်းတို့တတွေ ယုံကြည်ထားဟန်တူပါသည်။


ကျနော်သိသော ခရစ်တော်သည် လူသားအချင်းချင်း ချစ်ခင်ကြရန်၊ တစုံတယောက်က မိမိ၏ ညာဖက်ပါးကို ရိုက်သည်ဆိုပါက ဘယ်ဖက်ပါးကိုပင် လှည့်၍ ပေးရန် - ဆုံးမသွန်သင်ပေးသော မေတ္တာရှင်၊ လက်ဝါးကပ်တိုင်ပေါ်တွင် အသက်ကိုစတေး၍ လူသားများကိုချစ်သောသူ၊ လောကတပ်မက်မှုများကို စွန့် ပယ်ကြဖို့၊ လူလောကကြီးအား နှိမ့်ချစွာဖြင့် အစေခံကြဖို့၊ ဟောကြားခဲ့ပါသည်။


ဘာသာရေး၊ တောင်တန်းဒေသများဖွံဖြိုးရေးအတွက်ဆိုပြီး နိုင်ငံတကာသို့ လှပသောခေါင်းစဉ်များဖြင့် စီမံကိန်းကြီးများရေးဆွဲကာ ကိုယ်ကျိုးရှာ၊ ငွေကြေးကို အလွဲသုံးစားပြုနေကြသော ဘာသာရေးခေါင်းဆောင်၊ တရားဟောဆရာများထက် လူသူအရောက်အပေါက်နည်းလှသည့် တောင်တန်းဒေသများတွင် မိမိ၏ဘ၀တခုလုံးကို ပေးအပ်၍ အစွန့်ပစ်ခံ၊ စစ်ဘေးဒါဏ်သင့် မိဘမဲ့ကလေးငယ်များတို့ကို ပြုစုပျိုးထောင်နေသည့် ခရစ်ယာန်သီလရှင်ကြီးများကို ကျနော် သူရဲကောင်းများပမာ ထောပနာပြုပါရစေ။ သူတို့တွေသည် ဘယ်လိုမှ မငြိမ်းသော အလင်းမီးလျှံကို ပိုင်ဆိုင်ထားသူ၊ ၎င်းတို့ ၏အသက်ရှင်ခြင်းသည် ကျနော်ကိုးကွယ်ယုံကြည်သော ထာဝရဘုရား၏ရှေ့ တော်၌ ခမ်းနားကြီးကျယ်လှပေလိမ့်မည်။


ဆရာကြီးဦးဖေမောင်တင်၊ ဆရာသံလျှင်ဖေသွင်၊ ဆရာမ မလေးလုံ၊ စောဘွဲ့မှုးတို့လို ပုဂ္ဂိုလ်များ ကျနော်တို့ ခရစ်ယာန်များထဲတွင် အများကြီးလိုအပ်သည်။ အထက်ပါ ပုဂ္ဂိုလ်များတို့သည် ဘာသာရေးနှင့်ပတ်သက်ပြီး တိုင်းထွာ ငြင်းခုံမှုများကို တပါးသူနှင့်မပြုလုပ်ကြဘဲ၊ မိမိယုံကြည်ခံယူထားသော လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည့် အမှုကိစ္စများတို့ကို ချစ်ခြင်းမေတ္တာတရားဖြင့် ရိုးစင်စွာပြုလုပ်ခဲ့ကြသည်။ မှတ်ကျောက်အတင် ခံခဲ့ကြသည်။ ၎င်းတို့ကို ပိုင်ဆိုင်ခွင့်ရလိုက်သဖြင့် အမိမြန်မာနိုင်ငံကြီးသည် အမြဲ ဂုဏ်ယူနေပေလိမ့်မည်။


ကျနော်တို့နိုင်ငံ၏သမိုင်းသည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာဝင်များနှင့်အတူ၊ ရိုးရာနတ်များတို့ကို ယနေ့ထက်တိုင် ယုံကြည်ကိုးကွယ်သူ ညီရင်းအကို မောင်ရင်းနှမတို့၏ ဘ၀နှင့် ဖြတ်သန်းမှုများပင် မဟုတ်ပါလား။


မိမိ၏သမီးနုပျို ငယ်ရွယ်စဉ်ကာလ အကြွေစောကာ ကွယ်လွန်သွားသည့်အတွက် ကျွမ်းလောင်နေသော သောကမီး ရင်ထဲ၌ ထုတ်ဖေါ်၍ မတတ်နိုင်အောင်ရှိစေကာမူ၊ အပြုံးမပျက် တည်ငြိမ်စွာ အသုဘရှုမိတ်ဆွေများကို လိုက်လံ နှုတ်ဆက်နေသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကြီးတဦးကို ကျနော်ကြုံဖူးသည်။


၎င်းတို့တတွေသည် မိမိတို့အသက်နှင့်နှင်းကာယုံကြည်သည့် ဘာသာတရားတို့၏ အဆုံးအမအတိုင်း လောကကြီးကို ရိုးသားရှင်းလင်းစွာ ရှုမြင်သည်။ နေရောင်အောက်တွင် မည်သည့်အရာကမျှ တည်မြဲခြင်း မရှိသည်ကို ကောင်းမွန်စွာသိရှိသည်။


Source:http://moemaka.com.