-
Monday, May 11, 2009
ဘာတွေဖြစ်နေသလဲ လာကြည့်စေချင်တယ်
( ၁ နှစ်အကြာ - နာဂစ်မုန်တိုင်းက ကျန်ရစ်သူတဦးရဲ့ အသံ)
ဝင်းမြတ်
ဘိုကလေး ၊ မေ ၉ - နာဂစ်မုန်တိုင်း မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို တိုက်ခတ်ခဲ့တာ တစ်နှစ် ပြည့်လွန်ခဲ့ပေမယ့် မုန်တိုင်းဒဏ်သင့် ဒေသမှာ နေထိုင်သူတွေမှာ အခက် အခဲများနဲ့ ရင်ဆိုင် နေရဆဲပါ။ နာဂစ်မုန်တိုင်း ဖြစ်ပြီးခါစမှာ ကယ်ဆယ်ရေး ကူညီ ထောက်ပံ့ရေး လုပ်ငန်းတွေ နှေးကွေးခဲ့သလို ယနေ့အချိန် အထိလည်း အကူအညီ ရရှိမှုတွေ နည်းပါး နေသေးတာ တွေ့ရပါတယ်။
နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသ တစ်ခု ဖြစ်တဲ့ ဘိုကလေး မြို့နယ် အပိုင် လမုအုပ်လေး ကျေးရွာသား ကိုမျိုးမင်း(၃၀ နှစ်) ပြောပြတဲ့ သူ့ရဲ့နာဂစ် အတွေ့အကြုံကို တင်ပြလိုက်ပါတယ်။ လမုအုပ်လေး ကျေးရွာဟာ ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု အပိုင် ၂၇ ရွာမှာ ပါဝင်ပါတယ်။ ကြိမ်ချောင်းကြီး အုပ်စုဟာ ဘိုကလေးမြို့နယ် အတွင်း နာဂစ်မုန်တိုင်းကို အပြင်းအထန် ခံခဲ့ရတဲ့ နေရာတခုပါ။
နာဂစ်တိုက်တဲ့ည
“နာဂစ်လာတုန်းက သမှဲ့ပင်ကြီး တစ်ပင်ကို ဖက်ထားရင်း ကနေ ရေနဲ့မျောသွားတာ မိန်းမလှကျွန်းပေါ်ကို သွားတင်နေတာ။ အဲဒီကို ရောက်ဖို့ သိပ် မကြာလိုက်ဘူး နာရီဝက်လောက်ပဲ ကြာမယ် ထင်တယ်။ အဲဒီနေရာကို လှေနဲ့ သွားမယ် ဆိုရင် တစ်နာရီလောက် ကြာတယ်။ အကုန်လုံးက မှောင်မည်းနေတာ။ ဘယ်ကို ဦးတည်လို့ တည် နေမှန်းလည်း မသိဘူး။ ဘာမှလည်း မမြင်ရဘူး။ တစ်ညလုံး ကျွန်းပေါ်မှာပဲ ခံနေခဲ့ရတာ။ ပထမတော့ ဘယ်ရောက်နေမှန်း မသိဘူး။ မနက် မိုးလင်းတော့မှ ဟိုဖက်ကမ်းကို လှမ်းကြည့်ပြီး မိန်းမလှကျွန်းပေါ် ရောက်နေတယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ ကျွန်းပေါ်မှာ သူလို ကိုယ်လို လာတင်နေတဲ့ သူတွေ တော်တော် များတယ်။
နာဂစ်ပြီးခါစ ရက်များ
ကျွန်းပေါ် လာတင်နေတဲ့ အပျက်အစီး တွေဆိုတာ တစ်ပုံကြီးပဲ။ လူသေတွေ ကျွဲနွားသေတွေ။ ကလေးတွေ ဆိုတာ ဆိုဒ်မျိုးစုံပဲ။ အဲဒီထဲက လှေတစ်စီးကို ရွှံ့နဲ့ပိတ်ပြီး ကျွန်းဒီဘက် ရောက်အောင် ပြန်ကူးရတာပေါ့။ ကျွန်တော် ရောက်သွားတဲ့နားမှာ လူအယောက် နှစ်ဆယ် လောက်ရှိမယ်။ မိန်းကလေး နှစ်ယောက်လည်း ပါတယ်။ ဟိုဖက်ကမ်းကို အရောက် ပို့ပြီးတော့ နောက်တစ်ခေါက် ပြန်လာကြို လုပ်ရတာပေါ့။ ပဒဲကောရွာ ဖက်ကမ်းကို ပို့ပေးလိုက်တာ ပေါ့။
အဲဒီအချိန် လူတွေမှာက မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်နေကြတာ။ မိန်းကလေးတွေရော ယောက်ကျားလေး တွေရော အပျက်အစီးတွေ ကြားထဲမှာ ပါလာတဲ့ အ၀တ် အတို အစတွေ ကောက်စွပ်ထားကြတာပေါ့။ ကျွန်တော်တို့က မြေဆီအိတ်တွေ ပတ်ထားရတယ်။ အဲဒီလိုနဲ့ ရွာရှိတဲ့ဘက်ကို မှန်းပြီး ပြန်လာကြတာပေါ့။ တခြားရွာက လူတွေကလည်း သူတို့ရွာ သူတို့ ပြန်ကြပေါ့။ လှေကိုတော့ ကမ်းစပ်မှာပဲ ထားခဲ့လိုက်တယ်လေ။ ဘယ်သူ့ လှေမှန်းလည်း မသိပါဘူး။
ကျန်ရစ်သူများ
ရွာကိုရောက်ဖို့ နှစ်နာရီလောက် လမ်းလျှောက်လိုက်ရတယ်။ ကွင်းတွေထဲက ဖြတ်ပြန်တာ ရွာတွေက ပျက်နေတော့ ဘယ်ရွာကို ရောက်လို့ ရောက်မှန်း မသိ ဖြစ်နေတာနဲ့ ချောင်းရိုးအတိုင်း ကမ်းစပ်ကနေ ပြန်လာရတာပေါ့။ လမ်းမဟုတ်တော့ ဆူးတွေ စူးတာပေါ့။ ရွာရောက်တော့ ရွာက အကုန် ပျက်နေပြီ။ ဒါပေမယ့် ကိုယ့်ရွာကိုတော့ မှတ်မိပါတယ်။ ရွာမှာ မသေဘဲ ကျန်နေတဲ့သူ တချို့ တလေလည်း တွေ့ရတယ်။
သောက်စရာရေကလည်း မရှိတော့ ကြွေကျနေတဲ့ အုန်းသီးတွေ ခွဲပြီး အုန်းရေတွေ သောက်ရတယ်။ ထမင်းကတော့ နှစ်နပ် ငတ်တယ်။ နောက်တော့ ရေစိုဆန်တွေ ချက်ပြီး ဝေငှစား ကြတာပေါ့။ နောက်တစ်ပတ်လောက် ကြာတော့မှ ဘိုကလေးဘက်ကို အကူအညီလေး ဘာလေး တက်တောင်းကြရတာ။ ဖြစ်ဖြစ်ပြီးခြင်း ဘာမှ မရှိဘူး။ ဟိုတစ်လောက နာဂစ်ရုပ်ရှင်ထဲမှာ ပါသလို နေတိုးလဲ မလာဘူး။ ဘာ ရဟတ်ယာဉ်မှလည်း မလာဘူး။ သူတို့တွေကို တကယ်ဖြစ်နေတာကို တကယ် တွေ့သွားစေချင်တယ်။ ဘာတွေဖြစ်နေသလဲ ဆိုတာလဲ လာကြည့်စေချင်တယ်။
နာဂစ်မှာ အဖေရယ် အမေရယ် ညီမနဲ့ ညီတစ်ယောက်ရယ် ပျောက်သွားတယ်။ အလောင်းတွေ ဘာတွေ အခုထိ ပြန်မတွေ့ရဘူး။ အစောပိုင်းတုန်း ကတော့ သေသလား ရှင်သလား မသိတော့ ဆွမ်းသွပ်တာတွေ ဘာတွေ ဘာမှ မလုပ်ပေး ခဲ့ရဘူး။ ပြီးခဲ့တဲ့ ၁၂ ရက်နေ့(တန်ခူးလဆုတ် ၁၂ရက်) ကတော့ နှစ်ပတ်လည် လုပ်လိုက်တယ်။ ပရိတ်တွေ ဘာတွေရွတ် အမျှအတန်း ဝေလိုက်တာပေါ့။ ၂၄ နှစ်အရွယ် ညီတစ်ယောက်ကျန်ခဲ့တယ်။ ညီအစ်ကို နှစ်ယောက်စလုံး လောလောဆယ် နေစရာလည်း မရှိဘူး အလုပ်အကိုင်လည်း အတည်တကျ မရှိဘူး။ အလုပ်ကတော့ အရင်ကတည်းက ဘောက်လုပ် ဘောက်စားပဲ ဆိုတော့ အခုလည်း ဒါပဲပေါ့။
နာဂစ်က ချန်ရစ်တဲ့ ဒုက္ခများ
လောလောဆယ်တော့ ရွာမှာ သောက်ရေ ကန်တူးဖို့ အန်ဂျီအို အဖွဲ့ တစ်ခုက လုပ်ပေးနေတယ်။ အဲဒီမှာ မြေကြီး တူးတယ်။ ဆယ်ပေပတ်လည် တစ်ကျင်းကို ၇၅၀ (ကျပ်) ရတယ်။ မဆိုးတော့ မဆိုးပါဘူး။ ကိုယ် လုပ်နိုင်ရင် လုပ်နိုင်သလောက် ရပါတယ်။ တစ်ရက်ကို သုံးထောင် လောက်တော့ ရတယ်။ သောက်ရေကန် ပြီးသွားရင်တော့ မိန်းမလှကျွန်းပေါ်တက်ပြီး ရွဲကောက် (ကျွန်းပေါ် ရေတိမ်ပိုင်းတွေမှာ ငါးသိမ်ငါးမွှား၊ ပုစွန်ရှာ) ရမှာပေါ့။
လောလောဆယ်အထိတော့ ACF (Action Countre La Faim - ပြင်သစ် အခြေစိုက် ငတ်မွတ် ခေါင်းပါးမှု တိုက်ဖျက်ရေး အဖွဲ့) ကနေ ရေ ပေးတယ်။ ဆန် ဆီ ပေးတာတော့ လျှော့လိုက်ပြီ။ အရင်က တစ်ရွာလုံး ပေးတယ်။ အခု ၆၅ ရာခိုင်နှုန်းပဲ ပေးတော့တယ်။ တစ်ဖြည်းဖြည်းနဲ့ လျှော့သွားမယ် လို့ ပြောတယ်။ တခြားအဖွဲ့တွေ ဘာတွေတော့ လာတာ မတွေ့ဘူး။ တာပေါ်လင်စ တွေကို ယူနီဆက်ဖ်က ပေးတယ်။ (တာပေါ်လင်စများပေါ်တွင် UNHCR စာတန်းများ တွေ့ရှိရသည်။) နောက်ဆုံးတော့ အားလုံး ကိုယ့်ခြေထောက် ကိုယ်ရပ်ရမှာပေါ့။
နာဂစ်ဖြစ်ခဲ့တာ တစ်နှစ် ပြည့်လာ ပေမယ့် အလုပ်အကိုင်၊ နေရာထိုင်ခင်း၊ အစားအသောက်၊ သောက်ရေ အစစပေါ့လေ အများကြီး လိုနေသေးတယ်။ အရင် ကတည်းကလည်း ကျွန်တော်တို့ နေထိုင် စားသောက်ခဲ့ရတာ သိပ် အကောင်းကြီးတော့ မဟုတ်ဘူးလေ။ ဒါပေမယ့် နေသားကျနေတာ။ နာဂစ် ဖြစ်တော့လည်း အိမ်တွေ ပြို ပျက်သွားပြီး တော်တော် ကြာကြာ အထိ သောက်ရေ မရှိ၊ စားစရာ မရှိ ဖြစ်တာကို ခံနိုင်တယ် ဆိုတာ အရင်ကတည်းက ကျွန်တော်တို့က နေသားကျနေလို့။ မဟုတ်ရင်တော့ သေကုန်ပြီပေါ့။
နောက်တခါ မုန်တိုင်းလာရင်
နောက်တစ်ခေါက် မုန်တိုင်းလာရင်လား။ အဲဒါတော့ ဒီတစ်ခေါက်တော့ မပြေးတော့ဘူးဗျာ။ ပြေးလဲဘယ်ကို ပြေးရမှန်း မသိပါဘူး။ ဟိုတစ်ခေါက်က ပြေးတဲ့သူတွေ တော်တော် များများ သေကုန်တာပဲ။ ကြိုတင် ပြင်ဆင် တာတွေ ဟုတ်တိ ပတ်တိတော့ ဘာမှ မရှိပါဘူး။ ဟိုတစ်လောက မုန်တိုင်း လာမယ်ဆိုတုန်း ကလည်း (ဘစ်ဂျလီမုန်တိုင်း) အေးဆေးပါပဲ။ အနီးအနားမှာ ပြေးစရာ ပုန်းစရာလည်း အဆောက်အအုံ ကြီးကြီး မားမား မရှိဘူး။ ခိုင်ခိုင် မာမာ တစ်ခုခုကို သေချာ တွယ်ထားလိုက်မယ်။ အဲဒါမှ သေတယ် ဆိုလည်း သေပေါ့ဗျာ။ ကံတရားပဲပေါ့။”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment