Thursday, May 28, 2009

ဒေါ်အောင်ဆန်းစုကြည်အတွက် ၆၄ - အင်တာနက်လှုပ်ရှားမှုကို ဗြိတိန်အစိုးရက အသိအမှတ်ပြု




မိုးမခ အထောက်တော် ၀၀၃

“ပြည်တွင်းက အတိုက်အခံပါတီကြီးနှင့်တကွ အတိုက်အခံခေါင်းဆောင်တွေကို ပြည်ပက အစိုးရတွေကိုယ်တိုင်က အသိအမှတ်ပြုကြောင်း နည်းမျိုးစုံနဲ့ ထုတ်ဖော်ပြသနေကြတယ်။ ဒီလိုမျိုး လက်ရှိအစိုးရတရပ်ရဲ့ မတရားမှုတွေကို တခဲနက် ၀ိုင်းဝန်းရှုံ့ချကြပြီး အတိုက်အခံပါတီနဲ့ ခေါင်းဆောင်ဖက်က ၀ိုင်းဝန်းရပ်တည်ပေးနေကြတဲ့ အခွင့်အရေးဟာ နိုင်ငံတကာမှာ မကြုံစဖူးတဲ့ အဖြစ်ကြီးတခုပဲ။ နိုင်ငံတကာက ဒီမိုကရေစီအင်အားစု အသီးသီးဟာ အင်န်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တောင်းဆိုမယ့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ရှိတယ်ဆိုတာကို ပြနေပြီ”

ဟု မြန်မာအရေးလှုပ်ရှားသူ ပြည်တွင်းက စာနယ်ဇင်းသမားတဦးက မှတ်ချက်ပေးသည်။

ယနေ့ ဗြိတိန်အစိုးရ နိုင်ငံခြားရေးကော်မရှင်ဆိုင်ရာ ၀က်ဆိုက် http://www.fco.gov.uk/en/ နှင့် ၀န်ကြီးချုပ်၏ ပြန်ကြားရေးဝက်ဆိုက် http://www.number10.gov.uk/ တို့တွင် မြန်မာပြည်လူ့အခွင့်အရေးလှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့ကို မီးမောင်းထိုးပြလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အရေး အင်တာနက်လှုပ်ရှားမှု ၀က်ဆိုက်တခုကို ရွေးထုတ် အသိအမှတ်ပြုလိုက်သည်ကို တွေ့ရသည်။

ယမန်နေ့က လူများအကြား ရေပန်းစားလာသည့် www.64forsuu.org ၀က်ဆိုက်က ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့်မည့် မွေးနေ့ကို ရည်ရွယ်သည့်အပြင် ယခု သူမ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ၏ အသံကို ထုတ်ဖော်တိုက်တွန်းသည့် လှုပ်ရှားမှု ဖော်ဆောင်ခြင်း ဖြစ်သည်။

ထို အင်တာနက်ဆိုက်တွင် အပြည်ပြည်ဆိုင်ရာ နိုင်ငံခေါင်းဆောင်များ၊ ပညာရှင်များ၊ ထင်ရှားသူများ၊ အစိုးရများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ထောက်ခံဆန္ဒပြုသည့် အသံများ၊ အရုပ်များ၊ ထုတ်ပြန်ချက်များနှင့် လှုပ်ရှားမှုများကို စုစည်းဖော်ပြထားသည်။ ပြည်သူတဦးချင်းစီ၏ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆန္ဒပြု ထုတ်ဖော်ပြသမှုများကိုလည်း တင်ဆက်ထားသည်။

ယခုကဲ့သို့ အစိုးရအဖွဲ့တခုအနေဖြင့် တိုင်းပြည်တခု၏ အတိုက်အခံခေါင်းဆောင်လွတ်မြောက်ရေး အင်တာနက်လှုပ်ရှားမှုတခုကို ထုတ်ဖော်အသားပေးခြင်းမှာ ယခုအကြိမ်သည် မိမိ ကင်ပိန်းသက်တမ်း အနှစ် ၂၀ အတွင်း မကြုံစဖူး ထူးခြားလှသောအဖြစ်ဟု UK Campaign တာဝန်ခံတဦးဖြစ်သော Mark Farmaner က ၎င်း၏ Burma Media အီးမေးဂရုတွင် ထုတ်ဖော်ရေးသားထားသည်။

No comments:

Post a Comment