Friday, May 8, 2009

ဒေါ်စုထံသို့ ဆရာဝန် သွားခွင့်မရ



မိုးမခ အထောက်တော် ၀၀၆

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စစ်ဆေးရန် မိသားစု ဆရာဝန်က ယနေ့ ညနေပိုင်းတွင် ဒေါ်စု၏ နေအိမ်သို့ သွားရောက်ခဲ့သော်လည်း အာဏာပိုင်တို့က ခွင့်မပြုခဲ့ကြောင်း အာဏာပိုင်တို့နှင့် နီးစပ်သည့် သတင်းရပ်ကွက်များကို ကိုးကားပြီး AFP သတင်းဌာနက ရေးသားထားသည်။

ဆရာဝန်သည် ဒေါ်စု၏ အိမ်အနီးတွင် နာရီအတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံးတွင် ၀င်ခွင့် ပိတ်ခံရသည်ဟု ဆိုသည်။

ဒေါ်စု၏ ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသားတဦး မေလ ၃ ရက်နေ့ ညမှ ၅ ရက်နေ့ညအထိ ၀င်ရောက်နေထိုင်ခဲ့သည်ဟု အာဏာပိုင်တို့က ယနေ့ ကြေညာခဲ့သည်။

ဤသို့ ကြေညာပြီးနောက်တွင် ဒေါ်စု၏ ခြံဝင်းအတွင်းသို့ ယနေ့ နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင် အင်အား ၃၀ ထက်မက ၀င်ရောက်သွားကြသည်ဟု မျက်မြင်သက်သေများက AFP ကို ပြောပြကြသည်။

အမည်မဖော်လိုသည့် အာဏာပိုင်များက ထိုပုဂ္ဂိုလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည် ဆိုသော အချက်ကို အတည်ပြုခဲ့သည်ဟု AFP သတင်းတွင် ရေးသားထားသည်။

ထိုပုဂ္ဂိုလ်သည် အသက် ၅၃ နှစ်အရွယ် ရှိသည် ဟု AFP သတင်းက ဆိုသည်။

ဒေါ်စုအိမ်သို့ သွားရာလမ်းတလျှောက်ကို ထူထူထပ်ထပ် ပိတ်ဆို့ထားသည်ဟု သတင်းများက ဆိုသည်။

အာဏာပိုင်များက ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်သော်လည်း ထုံးစံအတိုင်း ပြည့်စုံတိကျမှု မရှိပေ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဤဖြစ်ရပ်ကြောင့် ဒေါ်စု၏ လုံခြုံရေးကို များစွာ စိုးရိမ်စရာ ဖြစ်လာသည်ဟု သတင်းဌာနများကို ပြောလိုက်သည်။

အမေရိကန် သံတမန်များမှာ အင်းလျားကန်ဘေးတွင် နေထိုင်ကြပြီး၊ တက္ကသိုလ်ရိပ်သာ လမ်းပေါ်ရှိ အမေရိကန် သံရုံး အသစ်သည်လည်း အင်းလျားကန်အနီးတွင် တည်ရှိသည်။ ဖမ်းဆီးထားသော ပုဂ္ဂိုလ်မှာလည်း အမေရိကန် နိုင်ငံသား ဖြစ်နေသောကြောင့် ဤတိုက်ဆိုင်မှုများနှင့် ပတ်သက်ပြီး စိတ်ဝင်စားသူများက အမျိုးမျိုး သုံးသပ်နေကြသည်။

No comments:

Post a Comment