Saturday, May 9, 2009

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့ယွင်းနေ မိသားစုဆရာဝန်လည်း အဖမ်းခံရ

AFP သတင်းဌာန


မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့ယွင်းနေသည်၊ အစာ စားနိုင်ခြင်း မရှိ၊ သွေးပေါင်ချိန် ကျပြီး ရေဓာတ် ခမ်းခြောက်နေသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက AFP ကို ယနေ့ ပြောသည်။

ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒေါ်စု မိသားစုဆရာဝန်၏ လက်ထောက်ဖြစ်သူ ယမန်နေ့က ဒေါ်စုထံ သွားရောက်ခဲ့ကြောင်း၊ ဆေးသွင်းပြီး ကုသပေးခဲ့ကြောင်း ရှင်းပြသည်။

“ဒေါ်အောင်ဆန်းစုကြည်က နေမကောင်းဘူး၊ အစာ မစားနိုင်ဘူး၊ သွေးပေါင်ချိန်လည်း ကျတယ်၊ ရေဓာတ်လည်း ခမ်းနေတယ်လို့ ဆရာဝန်ရဲ့ လက်ထောက်က ပြောတယ်” ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

“ကျနော်တို့ သူ့ကျန်းမာရေးအတွက် အင်မတန် စိုးရိမ်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ဖြည့်စွက် ပြောလိုက်သည်။

ဆရာဝန်၏ လက်ထောက် ပြုံးမိုးအိ (Pyone Moe Ei) သည် ယမန်နေ့က ဒေါ်စုထံတွင် ၃ နာရီကြာ သွားရောက်ခွင့် ရခဲ့ကြောင်း၊ ယနေ့တွင်လည်း ထပ်မံ သွားရောက်ပြီး ဆေးသွင်း ကုသခွင့် ပေးရန် မေတ္တာရပ်ခံထားကြောင်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ဒေါ်စု၏ မိသားစုဆရာဝန်က ကြာသပတေးနေ့တွင် ဒေါ်စုထံသို့ တလတကြိမ် ကျန်းမာရေး စစ်ဆေးရန် သွားရောက်ခဲ့ရာ အဖမ်းခံရသည်ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

No comments:

Post a Comment