အိမ်ကို ငွေပို့တိုင်း western union ကို သွားရတယ်။ သွားတဲ့ခါက လကုန်ရက်ဆိုရင် လူအုပ်ကြီးက မနည်းဘူး။ ဒီနေ့သွားတော့ ခရစ္စမတ်ပိတ်ရက်ရှည်ခံထားလို့နေမယ်၊ တန်းစီလိုက်ရတာ အကြာကြီး။ တန်းစီရင်း ကိုယ် ဘဏ်ကိုလာတဲ့ လူတွေကို လိုက်ကြည့်မိတယ်။ ဒီလူတန်းကြီးကို ကြည့်ရတာ တခုခုပဲ။ သူတို့လည်း ကိုယ်တို့လိုပဲ ထောင်ဝင်စာ လာပို့တယ် လို့ထင်တယ်။
ဟိုလူအုပ်ထိပ်က တိရစ္ဆာန် တကောင်ကောင်ရဲ့ သားမွှေးအကျီ င်္ထူထူနဲ့ ခပ်၀၀ အန်တီကြီးက
“ ၁၀၀၀၀ Rouble မော်စကားအို သို့”
လို့စကားသံဝဲ၀ဲနဲ့ ဆိုတယ်။
“မော်စကိုကို 10000 Rub လား …”
လို့ စာရေးလေးက မေးတော့ “ဒါးဒါး …” တဲ့။
ဒါးဒါးဆိုတာက ဟုတ်ပါတယ်လို့ သူ့စကားနဲ့ဆိုတာပါ။ ပြေစာကိုလှမ်းယူရင်း ဆိုပြန်ပြီ …
“ပိုက်ဆိဘာ…” တဲ့။
ပိုက်ဆိဘာဆိုတာလည်း သူ့ဘာသာစကားနဲ့ ကျေးဇူးတင်ပါတယ်ပေါ့၊ ပြီးတော့ “အိုး …” ဆိုပြီး ခေါင်းကြီး ရမ်းချပြီး စာရေးလေး နားလည်မဲ့စကားနဲ့ “ကျေးဇူးတင်ပါတယ်” ဆိုတယ်။ ဘဏ်စာရေးများ သူ့အော်ငေါက်လေမလားလို့ စိုးရိမ်စိတ်နဲ့ ကသောကမျော ထွက်သွားတယ်။ သူက ရုရှားကို ထောင်ဝင်စာပို့တာ။
သူရဲ့ နောက်က ဖွတ်မီးကျစ်ဆံပင်တွေကို ခပ်မြင့်မြင့်လှလှလေး ထုံးလို့ ကိုယ်လုံးလှလှနဲ့ နိုင်ဂျီးရီးယားသူက “ ... ဘယ်လောက် ... ပါ။” မြို့တော်ကိုပါ ဆိုနေပုံရပါတယ်။ ကျသင့်တဲ့ငွေကို ထုတ်ပေးရင်း ပြေစာလေးကိုင်လို့ နိုင်ဂျီးရီးယားကို ထောင်ဝင်စာ။
အစိမ်းအ၀ါအနီ သုံးရောင်ချယ် ခေါင်းပေါင်းရောင်စုံအောက်က ဆံပင်တွေ ထိုးထွက်နေတဲ့ သူက ကင်မရွန်ကို ဘယ်လောက်ပါ … တဲ့။ ပြေစာလေး စောင့်တုန်း ပါးစပ်ကလည်း “ဘူးတပ် … ဘူးတပ် …” နဲ့ စည်းချက်လိုက်ရင်း ခြေလှုပ် ကိုယ်လှုပ် နေတာ ကိုယ်လည်း နည်းနည်း လှုပ်ချင်လာတယ်။ ပြီးတော့ “မည်းဆီ …” တဲ့။ သူက ကင်မရွန်းကို ထောင်ဝင်စာ။
ဒီနောက်မှာတော့ ဘက္ကဒတ်က မိုဟာမက်၊ အာဖဂန်က အဗ္ဗဒူလာ၊ ကွန်ဂိုက ဒေးဗစ်၊ ပိုလန်က ဘာညာစကီး၊ တူရကီက အူစကာ၊ ယိုးဒယားက ပသောင်၊ ဗီယက်နံက မွိုင်တို့ တယောက်ပြီး တယောက် ထောင်ဝင်စာပို့ နေကြတယ် ပေါ့။
လူအုပ်ကများလို့ ဟီတာဖွင့်ထားလို့ ၊ ထူပိန်းအောင် ၀တ်လာမိလို့ထက် စိတ်အိုက်လာသလို မွန်းကြပ်ကြပ်နဲ့မို့လို့ အခန်းထဲက ထွက်သွားလိုက်တယ်။ ကိုယ်တို့ရှေ့မှာ လူအုပ်က ရှိသေးတယ်။ နောက်မှာလည်း အပြည့်ပဲ။
တကယ်တော့ ဘဏ်မှာ လူတွေစည်ကားနေတာ ကောင်းတယ် ဆိုနိုင်မလား ပဲ။ ဒါပေမဲ့ ဒီဘဏ်မှာ လူစည်ကားနေတာတော့ ကိုယ့်စိတ်ထဲ မပျော်ဘူး။ ဘဏ်မှာ တန်းစီနေတဲ့သူတွေက အခါကြီး ရက်ကြီးမှာ မိသားစုဆီ မပြန်နိုင်တဲ့သူတွေ၊ သူများတွေ အသားကုန် အော်ဟစ် မြူးတူးတဲ့ အချိန်မှာ လိုက်မပျော်နိုင်တဲ့သူတွေ။
ဗုံးဒဏ်သင့်နေတဲ့ အီရတ်နဲ့ အာဖဂန်၊ မငြိမ်းမချမ်းရှိလှတဲ့ အီရန်၊ စားစရာ ရှားသလောက် လက်နက်ပေါတဲ့ အီသီယိုပီးယား၊ ငွေကြေး အင်မတန် ဖောင်းပွနေတဲ့ ကင်ညာ၊ ကင်မရွန်း နဲ့ မြန်မာက … လူတွေ …
စိတ်ထင်လို့ပဲလားတော့ မသိဘူး။ ကိုယ်တို့လိုပဲ လစဉ်ထောင်ဝင်စာ ပို့ကြတဲ့ သူတို့အားလုံးလိုလိုက မျက်နှာညှိုးညှိုးလေးတွေနဲ့။ ဟုတ်တယ် … တတိုင်းပြည်လုံး ထောင်ကြီးဖြစ်နေတဲ့ အီရန်ကို၊ အီရတ်ကို၊ ကင်မရွန်းကို၊ အီသီယိုးပီးယားကို၊ နိုင်ဂျီးရီးယားကို ထောင်ဝင်စာပို့နေရတာ ဘယ်ကလာ ပြုံးပြုံးရွှင်ရွှင် ဖြစ်နေမှာလဲ။
လူစည်ကားနေတဲ့ ဘဏ်ကိုမြင်တိုင်း၊ လတိုင်း လတိုင်း ငွေသွား လွှဲတိုင်း၊ ကိုယ့်စိတ်ထဲ အမြဲ အဲ့လိုပဲ ခံစားရတယ်။ ကြာလာတော့ ဘဏ်ဆိုတာလည်း ကိုယ့်အတွက် မစည်ကားကောင်းတဲ့ နေရာလိုပဲ ဖြစ်နေတယ်။
ဒီနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် လွတ်လပ်ရေးနေ့၊ လူတွေအားလုံး အမှန်အကန် မလွတ်လပ်သေးသ၍တော့ တိုင်းပြည်ကြီးလည်း ထောင်ကျနေတဲ့အတိုင်းပဲ ရှိနေမှာပဲ။ လတိုင်း လတိုင်းလည်း လူတန်းကြီးနဲ့အတူ တန်းစီရင်း Western Union ကနေ ထောင်ဝင်စာ သွားပို့နေရမှာပါပဲ။ ဒါတောင် ကိုယ်တွေက ပွဲစားတဆင့် ခံရသေးတာ။